စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ပြီ

 

စစ်ကိုင်း   ဧပြီ   ၂၇


စစ်ကိုင်းမြို့  ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးတွင် ဆိုလာစနစ် ဖြင့် ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ (ယာပုံ)
ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် လျှပ်စစ်ဓာတ်အားချွေတာနိုင်ရေးနှင့် ၂၄ နာရီ လျှပ်စစ်မီးပူဇော်နိုင်ရန်ရည်ရွယ်၍  ဆိုလာ စနစ်သို့ ပြောင်းလဲပြီး လျှပ်စစ်မီးပူဇော်နိုင်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ   မတည်လှူဒါန်းငွေကျပ်သိန်း   ၁၀၀၀    နှင့် စေတနာရှင်၊  အလှူရှင်များက  စုပေါင်းလှူဒါန်းငွေကျပ်သိန်း ၁၀၇၀ စုစုပေါင်းကျပ်သိန်း ၂၀၇၀ ဖြင့် ဝပ်အား ၅၆၁၆၀ ထုတ်လုပ်နိုင်သည့် ဆိုလာအချပ်    ၉၆   ချပ်ကို  ဘုရားကြီး၏အရှေ့တောင်ထောင့်တွင် တပ်ဆင်အသုံးပြုထားသည်။
အဆိုပါဆိုလာစနစ်ဖြင့် ကောင်းမှုတော်ဘုရားကြီး ရင်ပြင်တော်နှင့် မုခ်ဦးလေးခုတို့တွင်   ပူဇော်ထားရှိသော  ဝပ်  ၄၅၀  ဆလိုက်မီး ၃၂  စုံ၊ ဝပ်၂၄၀ ဆလိုက်မီးရှစ်စုံကိုလည်းကောင်း၊ ဘုရားစောင်းတန်းများ၊ နားနေဆောင်များအတွင်းရှိ      လျှပ်စစ်မီးများ၊    ဘုရားဖူးပြည်သူများ သောက်သုံးနိုင်ရန်   ရေသန့်၊  ရေအေးစက်များ၊   ဘုရားကြီးအတွင်းရှိ ကျောင်းတိုက်များ၊ ဈေးဆိုင်ခန်းများ  သုံးရေအတွက် အသုံးပြုနိုင်ရန် ‌ရေတင်စက်သုံးလုံးတို့ကိုလည်းကောင်း  ၂၄  နာရီ  အသုံးပြုနိုင်ပြီဖြစ်ပြီး   ပိုလျှံလာသည့်     ဆိုလာဓာတ်အားများကိုလည်း   ဘုရားကြီးရှိ    ရေစင် နှစ်စင်ကိုလည်း   ၂၄    နာရီ   အသုံးပြုနိုင်ရေး  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့်သုံးစွဲရာတွင် လျှပ်စစ်မီတာခ တစ်လလျှင် ကျပ်သိန်း၃၀ ခန့် ကုန်ကျလျက်ရှိရာမှ  ဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင်ရွက် သုံးစွဲ ခဲ့ခြင်းကြောင့် ကျပ် ၁၀ သိန်းခန့်သာ ကုန်ကျသည့်အတွက် လျှပ်စစ် ဓာတ်အားခ  ငွေကျပ်သိန်း  ၂၀ ခန့်  လျော့နည်းသက်သာခဲ့ကြောင်း၊ အဆိုပါဆိုလာစနစ်  တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက် တွင်   လုပ်ငန်းများ  စတင်အကောင်အထည်ဖော်ခဲ့ရာ   ဧပြီ  ၁၂ ရက် တွင် ပြီးစီးခဲ့ပြီး   ဧပြီ ၁၃   ရက်မှ  စတင်၍   အသုံးပြုလျက်ရှိကြောင်း ကောင်းမှုတော်ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ 

စစ်ကိုင်းခရိုင် (ပြန်/ဆက်)