
နေပြည်တော် ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တကောင်း ရပ်ကွက် ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေး ဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်-မုံရွာ ပြေးဆွဲလျက် ရှိသည့် အာကာသခရီးသည်တင် မော်တော်ယာဉ် (Express) တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်
နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၎င်း PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးက ခရီးသည်အချို့ကို ဆက်လက် ပစ်ခတ်ခြင်း၊ ခရီးသည်များကို ဓားစာခံ လုပ် အကာအကွယ်ယူပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းဆောင်ရွက် ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ခရီးသည်များကို ဓားစာခံလုပ် လူသား တံတိုင်းသဖွယ် အကာအကွယ်ယူပစ်ခတ် နေသည့် အကြမ်းဖက်သမားများကို တိကျစွာ ချိန်ရွယ်ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် PDF အမည်ခံအကြမ်းဖက်သမား နှစ်ဦး ကို အသေဖမ်းဆီးရမိပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ပစ္စတို သုံးလက် သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်တွင် ခရီးသည် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ PDF အမည်ခံ အကြမ်းဖက်သမားများ၏ လူသား တံတိုင်းသဖွယ် ရှေ့ကကာ၍ ဖမ်းဆီး အကာအကွယ်ယူခဲ့မှုကြောင့် လက်ယာ ဘက် ခြေသလုံး ထိမှန်ဒဏ်ရာဖြင့် ထိတ်လန့်ရှော့ဖြစ်ကာ သေဆုံးခဲ့ပြီး ခရီးသည် ငါးဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိ ခဲ့သည်။
အရှင်ဖမ်းဆီးရမိခဲ့သည့် PDF အမည်ခံ အကြမ်းဖက် တစ်ဦးကို အသေးစိတ် စစ်ဆေးခဲ့ရာ ကားပေါ်၌ သိုဝှက် သယ်ဆောင်လာသော ချေမှုန်းရေးရိုင်ဖယ် အမျိုးအစား (သေနတ်အသစ်) သုံးလက် နှင့် ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ယခုအချိန်တွင် ပြည်သူလူထု ခရီးသွားလာနေသည့် ခရီးသည်တင်ကား များကို အကာအကွယ်ရယူ ဓားစာခံ ပြုလုပ်၍ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်လာကြောင်း၊ ယခုရက် သတ္တပတ်အတွင်း Elite ခရီးသည်တင် ကားကို အကြမ်းဖက်တိုက်ခိုက် ဖမ်းဆီး လုပ်ဆောင်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း YBS ခရီးသည်ယာဉ် များကို တိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ထို့ကြောင့် ခရီးသွားပြည်သူ လူထု၊ ယာဉ်လိုင်းများအနေဖြင့် မသင်္ကာ ဖွယ်ရာများ တွေ့ရှိရပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များ၊ ပြည်တွင်းအဖွဲ့အစည်းများအနေ ဖြင့်လည်း NUG၊ PDF အမည်ခံ အကြမ်း ဖက်သမားများ၏ ခရီးသည်တင် ယာဉ်လိုင်းများကို တိုက်ခိုက်မှု၊ ဓားစာခံ လုပ်မှု၊ လူသားတံတိုင်းသဖွယ် အသုံးချ နေမှုများကို သိရှိရန်နှင့် အကြမ်းဖက် လုပ်ရပ်များကို အားမပေးရန်လိုကြောင်း သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်