“စစ်ကိုင်းအိုး”ဟု ယနေ့တိုင် နာမည်ရနေဆဲ စစ်ကိုင်းမြို့မှ ဂစ်တာလုပ်ငန်း

 

တွေ့ဆုံမေးမြန်း- နေလင်းအောင်၊ ဓာတ်ပုံ - ဇော်မြင့်နိုင်၊ တင်ကိုကို

စစ်ကိုင်တိုင်းဒေသကြီး စစ်ကိုင်းမြို့သည် အထင်ကရမြို့တစ်မြို့ဖြစ်ပြီး လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလျက်ရှိသည့် မြို့ပင်ဖြစ်ပါသည်။သို့ဖြစ်သည်အလျောက် စစ်ကိုင်းမြို့တွင် အသေးစား လက်မှု အတတ် ပညာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကြိမ်ထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ မြေအိုးလုပ်ငန်းများဖြင့်ထင်ပေါ် ကျော်ကြားသည့်အပြင် စစ်ကိုင်းမြို့၏ အထင်ကရလုပ်ငန်းဖြစ်သည့် ဂစ်တာလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။


အဆိုပါ ဂစ်တာလုပ်ကိုင်ခြင်းလက်မှုအတတ်ပညာဖြင့် မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေး လုပ်ဆောင်နေသည့်   စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်မှ  ဂစ်တာများပြုလုပ်ကာ   ရောင်းချနေလျက်ရှိသော လုပ်ငန်းပိုင်ရှင် ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းချက်များကို  ရေးသား ဖော်ပြလိုက်ရပါသည်။


မေး    ။    ။    ဆရာ့အမည်နှင့် လုပ်ငန်းအမည်လေး သိပါရစေ။
ဖြေ    ။    ။    ကျွန်တော့်အမည်က ဦးဇော်မင်းဖြစ်ပါတယ်။ ဂစ်တာလုပ်ငန်း             ကိုတော့“မိုးမင်း”အမည်နှင့် လုပ်ကိုင်လျက်ရှိပါတယ်။


မေး    ။    ။        ဂစ်တာလုပ်ငန်းကို ဘယ်အချိန်လောက်က စတင်လုပ်ကိုင်ခဲ့             ပါသလဲ။
ဖြေ    ။    ။        ဂစ်တာလုပ်ငန်းကိုတော့ ၁၉၈၉  ခုနှစ်ကတည်းက      စတင်                 လုပ်ကိုင်ခဲ့တာဆိုတော့ အခုဆိုရင် ၃၅ နှစ်လောက်ရှိပါပြီ။


မေး    ။    ။        ဂစ်တာလုပ်ငန်းအတွက်          ကုန်ကြမ်းပစ္စည်းအနေနဲ့                ဘာတွေကိုအဓိကထား အသုံးပြုရပါသလဲ။
ဖြေ    ။    ။        အဓိက ကုန်ကြမ်းအနေနဲ့ကတော့ သစ်သား၊ အထပ်သား၊             နောက်ပြီး    အသားမာတွေဖြစ်တဲ့   ကျွန်း၊  ပိတောက်၊ ပျဉ်းကတိုး၊ သစ်ဝံနှင့် ထင်းရှူးသားတို့ကို အသုံးပြုတာ ဖြစ်ပါတယ်။


မေး    ၊၊    ။        လိုအပ်တဲ့ အသားတွေကိုရော ဘယ်ကနေဝယ်ယူရပါသလဲ။             ဝယ်ရတာ အဆင်ပြေမှုရှိပါသလား။
ဖြေ    ။    ။        လိုအပ်တဲ့    အသားတွေကိုတော့   ကျောက်ဆည်မှာရှိတဲ့                 အထပ်သားစက်ရုံတွေကနေ ဝယ်ယူ ရရှိပါတယ်။ ဝယ်ယူရ တာလည်း အဆင်ပြေမှုရှိပါတယ်။


မေး    ။    ။         ဂစ်တာအမျိုးအစား ဘယ်နှမျိုးလောက် ထုတ်လုပ်ပါသလဲ။
ဖြေ    ။    ။        ဂစ်တာအမျိုးအစားကတော့ ငါးမျိုးလောက်ထုတ်လုပ်လျက်                 ရှိပါတယ်။ အဲဒါတွေကတော့   ကလေးတီး၊   လူကြီးတီး၊ သင်တန်းကျောင်းတွေကမှာတဲ့  ကလေးတီးသာသာ(ချစ်စမ်းမောင် ဒီဇိုင်း) အဲဒီအမျိုးအစားကတော့ လူလတ်ပိုင်းလည်း တီးလို့ရပါတယ်၊ နောက်ဂစ်တာအိုးကြီး၊  နိုင်ငံခြားအဆင့်မီ   စျေးအမြင့်ဆုံးဖြစ်တဲ့ ဂစ်တာတွေလည်း လုပ်ပါတယ်။


မေး    ။    ။        အခုလက်ရှိ ဂစ်တာလုပ်ငန်းလုပ်ကိုင်ရာမှာ အလုပ်သမား                 ဘယ်နှယောက်လောက် ရှိပါသလဲ။
ဖြေ    ။    ။    လက်ရှိလုပ်ကိုင်နေတာကတော့ အလုပ်သမား အယောက်             ၂၀ ရှိပါတယ်။ ဒေသခံတွေပါပဲ၊  ပညာသင်လုပ်ကိုင်ရင်းနဲ့ကျွမ်းကျင်လို့ ဆိုင်ခွဲသွားတဲ့လူတွေလည်း ရှိပါတယ်။


မေး    ။    ။    ဂစ်တာအချောထည်တွေကိုတော့ ဘယ်မြို့တွေကို တင်ပို့             ရောင်းချပါသလဲ။
ဖြေ    ။    ။    ထွက်ရှိလာတဲ့ဂစ်တာအချောထည်တွေကိုတော့ မြန်မာပြည်             အနှံ့ မြို့တွေကို ပို့ပေးရပါတယ်။ တောင်ကြီးဘက်ကတော့ အများဆုံးပိုပြီးတော့ ပို့ပေးရတယ်။ စစ်ကိုင်းမြို့ပေါ်မှာလည်း အလွယ် တကူ ဝယ်ယူလို့ရအောင်ဆိုင်ခွဲဖွင့်လှစ်ပေးထားပါတယ်။


မေး    ။    ။    တစ်နေ့ကို ဘယ်နှလုံးလောက်  ထွက်ရှိပါသလဲ။ ဂစ်တာ             စျေးကွက်အနေနဲ့ ဘယ်လိုရှိပါသလဲ။
ဖြေ    ။    ။        တစ်နေ့ကိုဂစ်တာအချောထည် အလုံး ၂၀ ကနေ ၂၅ လုံး                 အထိ ထွက်ရှိပါတယ်။ ဈေးကွက်အနေနဲ့တော့ အမျိုးအစား အပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။ အနိမ့်ဆုံးငွေကျပ် ၄၀၀၀၀ ကနေ သိန်းကျော်တန်အထိ ရှိပါတယ်။  ကုန်ကြမ်းပစ္စည်းဝယ်ရတာက စျေးမြင့် ပေးဝယ်ရတယ်။ ပြည်တွင်းဖောက်သည်တွေကိုလည်း အဆင် ပြေအောင် ဒီတစ်ခေါက် စျေးမတက်နိုင်တောင် နောက်တစ်ခေါက် စျေးတက်ရတော့မှာဖြစ်တဲ့အတွက်    ညှိနှိုင်းရတာ   နားလည်တဲ့ ဖောက်သည်တွေရှိသလို နည်းနည်းခက်ခဲတဲ့ ဖောက်သည်တွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက် သွားမှာပါ။


မေး    ။    ။    လုပ်ဆောင်ရတဲ့ပစ္စည်းတွေဝယ်ယူရတာကျတော့ ပြည်တွင်း             ကဘဲလား၊  တခြားကရော ဝယ်ယူရပါသေးလား။
ဖြေ    ။    ။    ကီးတွေကျတော့ တရုတ်ပြည်က ဝယ်ရပါတယ်။ အရင်က             ကီးတစ်ဖာကို     ငွေကျပ်နှစ်သိန်းခွဲ    လောက်ဝယ်ယူရပြီး ယခုကျတော့ ငွေကျပ်ခုနစ်သိန်းလောက် ပေးဝယ်ရတယ်။  သူတို့ဆီမှာ တော့စျေးကဒီလောက်ပါပဲ။ ဒီဘက်တွေ ရောက်လာတော့ ခရီးစရိတ် တွေတက်တာ၊ လေယာဉ်၊ သင်္ဘောတွေနဲ့တင်ရတယ်။ လမ်းပိတ်တယ် ဆိုရင်    ခရီးစရိတ်တက်ပြီးလုပ်ရတာတော့  အခက်အခဲရှိပါတယ်။ အနိမ့်ဆုံးရောင်းရတဲ့  ငွေကျပ် ၄၀၀၀၀ တန်  ဂစ်တာတစ်လက်ရဲ့ ကုန်ကျစရိတ် တွက်ကြည့်လိုက်တော့ ငွေကျပ် ၃၈၀၀၀  လောက်ကျပါ တယ်။ နှစ်ထောင်လောက်ပဲ အကျိုးအမြတ်ရတာ၊ တင်ပို့ ရောင်းချ ရတာလည်း အနိမ့်ဆုံးဂစ်တာတွေ အများဆုံးပို့ရပါတယ်။  ဒါကလည်း စီးပွားရေးအခြေအနေရပေါ့။


မေး    ။    ။    ဂစ်တာတစ်လုံးကို လူတစ်ယောက်   ဘယ်နှရက်လောက်             လုပ်ရပါသလဲ။ လက်မှုပညာပဲလား  အခြားအကူပစ္စည်းတွေ ပါသေးလား။

ဖြေ    ။    ။    အလုပ်သမားတစ်ယောက်တည်း ဂစ်တာတစ်လက်   လုပ်မယ်             ဆိုရင် တစ်ပတ်လောက်ကြာပါတယ်။ အခုကျွန်တော်တို့က အများစုနဲ့လုပ်တာဆိုတော့ တစ်ရက်နှစ်ရက်ဆိုပြီးစီးပါတယ်။ အရင် ကတော့ လက်မှုပညာ သပ်သပ်ပါပဲ။ အခုတော့စက်ကိရိယာအကူအညီ တွေပါတော့ အဆင့်မြင့်လာတဲ့သဘောပေါ့။ လုပ်ငန်းတွင်ကျယ်မှုတော့ ရှိပါတယ်။ နိုင်ငံခြားစတိုင်ပေါ့။ တစ်ယောက်တည်းမလုပ်ရတော့ဘဲသူ့အပိုင်းနဲ့သူ     အဆင့်ဆင့်လုပ်တော့     အရည်အသွေးပိုကောင်း လာတာပေါ့။ ထုတ်လုပ်မှုလည်း ပိုပြီးတော့ စနစ်တကျ၊    သေသပ်မှု ရှိပြီး မြန်ဆန်လာပါတယ်။  အခြားနိုင်ငံတွေနဲ့ တန်းတူထုတ်လုပ်လာ နိုင်ပါတယ်။


မေး    ။    ။    ဂစ်တာလုပ်ငန်းနဲ့ ပတ်သက်ပြီး ချေးငွေရရှိမှုအခြေအနေရှိခဲ့             ရင် သိပါရစေ။
ဖြေ    ။    ။    ချေးငွေအနေနဲ့တော့ အရင်က ကိုဗစ်ချေးငွေကျပ်သိန်း ၅၀             ရရှိပါတယ်။ အဲဒီချေးငွေက ယခုထိတော့ မကောက်သေးဘူး။ ဒါပေမယ့် သတ်မှတ်စည်းကမ်းအတိုင်း တစ်နှစ်ကို တစ်ကျပ်အတိုး နှုန်းနဲ့ အတိုးသွင်းရတာတော့ ရှိပါတယ်။ MSME လုပ်ငန်းချေးငွေ ကျတော့     အဆင်မပြေသေးဘူး။    ဘာလို့လဲဆိုတော့  အာမခံတွေ ပေးရတာ၊  ပိုင်ဆိုင်မှုတွေပြရတာ၊ နောက်ဂရန်ရှိမှ ဦးပိုင်ဖြစ်မှဆိုတော့ ကျွန်တော်တို့အတွက်ကျတော့  သိပ်အဆင်မပြေဘူး။ ကျွန်တော့် အနေနဲ့အကြံပြုချင်တာလေးကတော့ ဂရန်တွေ၊  ပိုင်ဆိုင်မှုတွေမပြဘဲ လုပ်ငန်းခွင်အရောက် ကွင်းဆင်းလေ့လာပြီး ခိုင်မာမှုရှိတယ်ဆိုရင်  ချေးငွေထုတ်ချေးပေးဖို့  အကြံပြုချင်ပါတယ်။ အဲဒီချေးငွေလေးတွေ ရတော့  ကျွန်တော်တို့ လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့  ဆက်လက်ပြီး   လုပ်ငန်းတိုးချဲ့လုပ်ကိုင်လို့ရတာပေါ့။  ဒါမှလည်း    ကျွန်တော်တို့ လုပ်ငန်းရှင်ရော အလုပ်သမားတွေပါ   အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိပြီး မိသားစုစားဝတ်နေရေးပိုမိုအဆင်ပြေလာကြမှာ ဖြစ်ပါတယ် ဟု ဖြေကြားခဲ့ပါတယ်။    ။