စာတမ်းရှင်ခြောက်ဦး၏ စာတမ်းများနှင့် ဝတ္ထုရှည် အနှစ်သာရများ စာပေစကားဝိုင်းပါဝင်သည့် “ဝတ္ထုရှည်စာတမ်းများ” စာအုပ်ထုတ်ဝေဖြန့်ချိ

 

နေပြည်တော်   အောက်တိုဘာ   ၉


ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက်    စာပေဗိမာန်က   ဖတ်ကြားခဲ့ သော   စာတမ်းများကို   ထုတ်ဝေသည့်  စာအုပ်များ အနက် ရန်ကုန်မြို့  မြို့တော်ခန်းမ၌ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက် ကျင်းပ ပြုလုပ်ခဲ့သည့် ဝတ္ထုရှည်စာတမ်းဖတ်ပွဲတွင် တင်သွင်း ခဲ့သည့် စာတမ်းခြောက်စောင်နှင့် ၂၆-၇-၂၀၁၅ ရက် တွင် စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့သည့် “ဝတ္ထုရှည် အနှစ်သာရ”  စာပေစကားဝိုင်းတွင်    စာရေးဆရာ လေးဦး  ဆွေးနွေးခဲ့ကြသော  မြန်မာဝတ္ထုရှည်ဆိုင်ရာ ဆွေးနွေး ချက်များ ပါဝင်သည့်   “ဝတ္ထုရှည်စာတမ်းများ”   စာအုပ်ကို   ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်းစာအုပ် ကို   စာပေဗိမာန်က   တတိယအကြိမ်   ထုတ်ဝေခြင်း ဖြစ်သည်။ 


ထိုစာအုပ်တွင်   ဆရာတက္ကသိုလ်ဘုန်းနိုင်၏ “ဝတ္ထုရှည်ဟူသည်မှာ”    စာတမ်း၊  ဆရာပါရဂူ၏ “သမိုင်းနောက်ခံ မြန်မာဝတ္ထုရှည်” စာတမ်း၊ ဆရာ ထင်လင်း၏ “နိုင်ငံခြားဝတ္ထုရှည်” စာတမ်း၊ ဆရာ မောင်ထင်၏ “ဘဝသရုပ်ဖော်  မြန်မာဝတ္ထုရှည်” စာတမ်း၊ ဆရာတက္ကသိုလ်ဝင်းမွန်၏ “မြန်မာ ဝတ္ထု ရှည်သမိုင်း” စာတမ်းနှင့် ဆရာဂယက်နီ၏  “ကလေး လူငယ်ဝတ္ထုရှည်”  စာတမ်းများ  ပါဝင်ပြီး ဆရာ ဦးအေးချို  (မဟာဝိဇ္ဇာ)၊   ဆရာမ မစန္ဒာ၊  ဆရာမ ရွှေသဉ္ဇာနှင့် ဆရာလင်္ကာရည်ကျော်တို့၏ “ဝတ္ထုရှည် အနှစ်သာရများ(၂၀၀၅-၂၀၁၅)”  စာပေစကားဝိုင်း ဆွေးနွေးချက်များ ပါဝင်သည်။


ထိုစာအုပ်တွင် ဝတ္ထုရှည်၏ သဘောနှင့်  ဝတ္ထု ရှည်အကြောင်းကို   တစေ့တစောင်းတင်ပြထားပြီး ဝတ္ထုရှည်၏ ယေဘုယျသဘော၊ သမိုင်းနောက်ခံ မြန်မာ ဝတ္ထုရှည်များ ဖြစ်ပေါ်လာပုံ၊   နိုင်ငံခြားဝတ္ထုရှည်များ ၏ သဘောသဘာဝ၊ ရှေးခေတ်ဝတ္ထုများ၊ နှောင်းခေတ် ကာလပေါ်ဝတ္ထုများနှင့် ကလေးလူငယ် မြန်မာဝတ္ထု ရှည်ဖြစ်ပေါ်လာပုံတို့ကို  ဖတ်ရှုလေ့လာနိုင်သည်။ 


ခေတ်အဆက်ဆက်    ပေါ်ထွက်လာခဲ့ကြသည့် မြန်မာဝတ္ထုရှည်များ၊     နိုင်ငံခြားဝတ္ထုရှည်များနှင့် ကလေးလူငယ်ဝတ္ထုရှည်များအကြောင်းကို ပညာရပ် ဆန်ဆန်ဝေဖန်သုံးသပ်လေ့လာထားသည့် စာတမ်း များအပြင်   မျက်မှောက်ခေတ်     ဝတ္ထုရှည်ဆိုင်ရာ အကြောင်းရပ်များပါဝင်သည့်အတွက်    ရသစာပေ ချစ်မြတ်နိုးသူတို့ ဖတ်ရှုနှစ်သက်ကြမည်ဟုမျှော်လင့် ပါသည်။ 


စာအုပ်တွင် စာမျက်နှာ(၃၇၂) မျက်နှာပါဝင်ပြီး တန်ဖိုးငွေကျပ် ၄၅၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁  ကုန်သည်လမ်းရှိ  စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း- ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း-၀၂-၄၀၃၀၁၈၆)တို့တွင် ဝယ်ယူရရှိ နိုင်ကြောင်း သတင်းရရှိသည်။            

သတင်းစဉ်