စားသုံးသူများ အလေးထား အပြန်အလှန်အကျိုးများ

Type
4

 

လင်းလက်နေခြည်

ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုကို  ဝယ်လိုအား မကျဆင်းရေးအတွက် ဝယ်ယူသူ သို့မဟုတ် စားသုံး သူ၏ စိတ်ကြိုက်ထုတ်လုပ်နိုင်ရေးသည် စီးပွာရေး လုပ်ငန်းများ၏ အဓိက ရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု အား ဈေးကွက်အတွင်းရှိ  စားသုံးသူများ သတိပြု မိစေမည့် အခြေအနေတစ်ရပ်ကို     ဖန်တီးနိုင်ရေး အတွက် ကြော်ငြာအားဖြင့် စားသုံးသူများအကြား ထိုးဖောက်ရန် ကြိုးပမ်းကြသည်။ သို့သော် ကြော်ငြာ ပါ အချက်အလက်များနှင့် လက်တွေ့တို့  ထပ်တူ ကျနိုင်ရေး၊ စားသုံးသူများအတွက် တန်ဖိုးရှိသော၊ အသုံးဝင်သော၊ အန္တရာယ်ကင်းသော၊ စိတ်ချယုံကြည် ရသော ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုဖြစ်ရန် အရေးကြီးလှသည်။
စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့် ဝယ်လိုအား ကို တိုးပွားစေနိုင်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုအပေါ် စားသုံးသူများ၏ ကြိုက်နှစ်သက်မှု၊ ယုံကြည် စိတ်ချမှု၊ ဝယ်ယူအသုံးပြုလိုမှုတို့သည်လည်း အရေး ကြီးသည်။ ဝယ်လိုအားအပေါ် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ဈေးနှုန်းက သက်ရောက်မှုရှိသည်ဟု ဆိုသော်လည်း စားသုံးသူများ၏ ဝင်ငွေ၊ လူနေမှု အဆင့်အတန်း၊ ကြိုက်နှစ်သက်မှု၊  အမျိုးအစားတူ ပစ္စည်း၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့သည် လည်း ဝယ်လိုအားအပေါ် သက်ရောက်မှုရှိသည်။
ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုသည် စားသုံး သူအတွက် စိတ်ချယုံကြည်စွာ   အသုံးပြုနိုင်သည့် အခြေအနေကို ဖြစ်ပေါ်စေမည်ဆိုပါက   ဈေးနှုန်း ကြီးမြင့်စေကာမူ     ဝယ်ယူသုံးစွဲလိုသည့်ဆန္ဒကို ဖြစ်ပေါ်စေနိုင်သည်။ မိမိပေးလိုက်ရသည့် တန်ဖိုးနှင့် ညီမျှသည့် အရည်အသွေးရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုသာ ရယူလိုကြသည်မှာ လူတိုင်း၏ ဆန္ဒပင်ဖြစ်သည်။ ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူများ၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင် သည့် ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို ပေးအပ် နိုင်မည်ဆိုပါက  မျှတသည့်    ဈေးကွက်တစ်ခုကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်ပြီး  ‌ ရေရှည်ရပ်တည်နိုင် မည်ဖြစ်သည်။
အခြေခံအခွင့်ရေးများနှင့်အညီ
ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် “စိတ်ကျေနပ် မှုရရှိခြင်း၊ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခြင်း၊ အချက်အလက်ပြည့်စုံစွာရရှိခြင်း၊       ရွေးချယ်ခွင့် ရှိခြင်း၊ နစ်နာမှုကို တိုင်ကြားခွင့်ရှိခြင်း၊ နစ်နာမှုကို ကုစားခွင့်ရရှိခြင်း၊    အသိပညာဗဟုသုတရှိခြင်း၊ အဆင့်အတန်းမီမီ  နေထိုင်သုံးစွဲနိုင်ခြင်း” စသည့် စားသုံးသူများအတွက်   အခြေခံအခွင့်ရေးများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နားလည်ထား ရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း စားသုံးသူများ အတွက်  “ကျင့်ဝတ်နှင့်ညီသော၊    အရည်အသွေး၊ စံချိန်၊  စံညွှန်းနှင့်  ကိုက်ညီသော၊ စားသုံးသူများ အတွက် အန္တရာယ်မရှိသော၊ နစ်နာမှုမရှိသော၊ ထိခိုက် မှု မရှိသော” ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို ထုတ်လုပ်ပေးရန် တာဝန်ရှိသည်။ စားသုံးသူများကို အလေးထားသည့်    စီးပွားရေးလုပ်ငန်းများ၏ ကျင့်ဝတ်နှင့်ညီသည့် အပြုအမူများမှသည် စားသုံး သူများ၏ ယုံကြည်စိတ်ချမှုကို တည်ဆောက်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို     ဖန်တီးနိုင်မည် ဖြစ်သည်။
“ကိုင်း ကျွန်းမှီ၊ ကျွန်း ကိုင်းမှီ” ဆိုသည့် စကား နှင့်အညီ စားသုံးသူများအတွက် လိုအပ်သည့် ကုန်စည် နှင့် ဝန်ဆောင်မှုကို   စီးပွားရေးလုပ်ငန်းရှင်များက ထုတ်လုပ်ပေးနေပြီး စားသုံးသူများက   ပြန်လည် ပေးအပ်ရသည့်ငွေသည် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အရင်းအနှီးပင်ဖြစ်သည်။ တစ်ဖက်တွင် လည်း နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ၏   အင်အားက    ပဓာနကျ သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှသာ အဆိုပါ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားနိုင်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်း မြင့်မားသည့်အခါ   ပြည်သူများ၏   ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက်    ငွေကြေးသုံးစွဲမှုသည် တိုးတက်လာပြီး  ဈေးကွက်အတွင်း  ဝယ်လိုအား တိုးတက်လာစေမည့်အပြင် စားသုံးသူအခွင့်အရေး များကို မြှင့်တင်ရာလည်း ရောက်မည်ဖြစ်သည်။ 
စတင်ဖော်ထုတ်
စားသုံးသူများ၏ အခွင့်အရေးများကို အမေရိကန် သမ္မတ  ဂျွန်အက်(ဖ်)ကနေဒီက   ၁၉၆၂    ခုနှစ်  မတ်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် အမေရိကန် ကွန်ဂရက်အစည်းအဝေးတွင်    စတင်ဖော်ထုတ် ခဲ့သည်။ ဂျွန်အက်(ဖ်)ကနေဒီ၏ စားသုံးသူများ၏ အခွင့်အရေးကို ထုတ်ဖော်ခဲ့သည့်  မတ်လ ၁၅ ရက် နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်မှု၊ တာဝန် ယူမှု၊  တာဝန်ခံမှု၊  မျှတမှု    စသည့်စံနှုန်းများကို အလေးထားသည့် စီးပွားရေးလုပ်ငန်းရှင်များ ပိုမို ပေါ်ထွန်းလာကာ စားသုံးသူများ၏   အခွင့်အရေး အပြည့်အဝရရှိစေရေး ရည်ရွယ်၍ မြန်မာနိုင်ငံတွင် လည်း ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စားသုံး သူ ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ နှင့်အညီ  “စားသုံးသူအခွင့်အရေး   ဦးစားပေး” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထား၍ ပြည်သူ များ၏ဘဝကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    စားသုံးသူရေးရာဦးစီးဌာနက အကာအကွယ်ပေးနေပြီဖြစ်သည်။     နစ်နာမှုများ ဖြစ်ပေါ်လာပါကလည်း စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်သို့   လူကိုယ်တိုင် ဖြစ်စေ၊  စာတိုက်မှ  တစ်ဆင့်ဖြစ်စေ၊ အီးမေးလ် လိပ်စာဖြစ်သည့် consumerwebsitedoca@gmail.com မှတစ်ဆင့် ဖြစ်စေ၊ https://www.doca.gov.mm/ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ နည်းလမ်းသုံးခု ဖြင့် တိုင်ကြားနိုင်သည်ဟု ဖော်ပြထားသည်။
နည်းပညာခေတ်နှင့်အညီ
ခေတ်နှင့်အညီ နည်းပညာ တိုးတက်ပြောင်းလဲ လာပြီဖြစ်သဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များကို   ရယူရာတွင်   နည်းပညာကိုအသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်သည့် ခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ နည်းပညာသည် လူတို့၏ သာမန်ဘဝများကို အဆင့်မြှင့်တင်ကာ အချိန်ကုန် ငွေကုန်သက်သာစေသည်ဟု   ဆိုနိုင်သော်လည်း မကောင်းသည့် ရည်ရွယ်ချက်များဖြင့်   အသုံးပြု သူများ လက်သို့‌ရောက်သည့်အခါ စားသုံးသူများ အတွက် အိပ်မက်ဆိုးများ ဖြစ်လာသည်။ နည်းပညာ ကို အလွဲသုံးစားပြုလုပ်၍ ကုန်ပစ္စည်းများကို အတု အပပြုလုပ်ကာ စားသုံးရန်မသင့်သည့် ပစ္စည်းများကို ရောင်းချခြင်းများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှု များစသည့် ဖြစ်စဉ်များသည်    နေ့စဉ် အွန်လိုင်း စာမျက်နှာများပေါ်တွင်       ဖတ်ရှုနေရသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ 
ဖန်တီးနိုင်မှုစွမ်းအားများ      တစ်နေ့တခြား တိုးပွားလာသည့်ခေတ်တွင် အရာရာသည် ပြောင်းလဲ လာခဲ့ပြီဖြစ်ရာ စားသုံးသူများအတွက် ဘေးကင်း လုံခြုံသည့် အစားအသောက်များ ထုတ်လုပ်နိုင်ရေး အတွက်   ဉာဏ်ရည်တုနည်းပညာ   (Artificial Intelligence – AI) ၏  အခန်းကဏ္ဍသည်လည်း မေ့ထား၍ မရတော့ပေ။ AI ကို အသုံးချကာ လူနေမှု ဘဝများ  ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စားသုံးသူများအတွက် အာမခံပေးနိုင်ရန်အတွက် လည်း ကြိုးစားကြရမည်ဖြစ်သည်။  AI နည်းပညာ သည် အရာရာကို    ပုံတူဖန်တီးနိုင်စွမ်းရှိသည်ဟု ဆိုပါလျှင် မသမာသူများ၏      လက်အတွင်းသို့ သက်ဆင်းကာ AI သည် အခြေမခိုင်ဖြစ်ကာ အတု ပြုလုပ်သည့် ပညာဖြစ်လာပါက    စားသုံးသူများ အတွက်   အခွင့်အရေးများကို  ချိုးဖောက်သည့် နည်းပညာဖြစ်လာမည်ဖြစ်သဖြင့် ကျင့်ဝတ်နှင့်အညီ အသုံးပြုနိုင်ရေး တည့်မတ်ပေးရမည့်   ကာလပင် ဖြစ်သည်။
၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက် မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ် ကို “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု (Fair and Responsible AI for Con- sumers)” ဟု ချမှတ်ထားသည်။ စားသုံးသူများ၏ အခွင့်အရေးကို      ကာကွယ်ပေးနိုင်ရေးအတွက် နောက်ဆုံးပေါ် နည်းပညာ AI ကိုပင် အသုံးချနိုင်ရ မည်ဟု ရည်မှန်းထားခြင်းဖြစ်ရာ စားသုံးသူများ၏ အခွင့်အရေးကို အလေးထားကာ မျှတသော၊ တာဝန် ယူမှုရှိသော၊ တာဝန်ခံမှုရှိသော ကုန်စည်နှင့် ဝန်ဆောင် မှုများကို ထုတ်လုပ်နိုင်ကြပါစေကြောင်း  ဆန္ဒပြု လိုက်ရပါသည်။              ။


ကိုးကား
စားသုံးသူရေးရာဦးစီးဌာန Website
စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)