စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

 

ပဲခူး    ဇူလိုင်   ၉


အခြေခံ စားနပ်ရိက္ခာဖူလုံရေးတွင် အဓိကကျသည့် စားသုံးဆီပိုလျှံအောင်   ထုတ်လုပ်နိုင်ရေးအတွက်  ဆီထွက် သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများအား တိုးချဲ့စိုက်ပျိုးနေပြီဖြစ်ကြောင်း၊ လာမည့် ဆောင်း ရာသီတွင် ဆီထွက်သီးနှံကောင်းမျိုးသန့်  နေကြာ များ    ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်     ဆောင်ရွက်လျက် ရှိကြောင်း     ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။ 

 


ဇူလိုင် ၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာမည့် ဆီထွက် သီးနှံ ပမာဏအများအပြား ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များအနေဖြင့်       ဆီစက်များ စက်စွမ်းအားပြည့်     ကြိတ်ခွဲနိုင်ရေး    ကြိုတင်စီမံ ဆောင်ရွက်ထားရန် ပြောကြားသည်။

 


ထို့နောက်   တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး အတွင်း     ဆီထွက်သီးနှံ    စိုက်ပျိုးထုတ်လုပ်မှု၊  ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ဆီစက်များ စွမ်းအား ပြည့်လည်ပတ်နိုင်ရေး     စီစဉ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ   တိုင်းဒေသကြီး  စီးပွားရေးရာ ဝန်ကြီးက ဖြည့်စွက်ရှင်းလင်းသည်။

 


ယင်းနောက်      ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆီစက်လုပ်ငန်းရှင်များက လျှပ်စစ်မီးရရှိရေး၊ ဆီစက် များ မှတ်ပုံတင်ရရှိရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာ များ ဖြန့်ဖြူးပေးရေး၊ ပြည်တွင်းထုတ် စားသုံးဆီ ဈေးကွက်ခိုင်မာမှုရရှိရေး၊   ဆီစက်များ  ပြန်လည် အဆင့်မြှင့်တင်နိုင်ရေးနှင့် သိပ္ပံနည်းကျ စိုက်နည်း စနစ်များ      တိုးတက်ထွန်းကားလာနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ   တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက  ပြန်လည်ရှင်းလင်းဖြေကြားကြပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    


သတင်းစဉ်