
ဗညားကျန်းထော
========
“အစိုးရက ဘယ်လောက်ပဲကောင်းကောင်း၊ စနစ်က ဘယ်လောက်ပဲကောင်းကောင်း ဖြစ်ပေါ် လာနိုင်တဲ့ အတားအဆီးအနှောင့်အယှက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာက အစိုးရမှာသာ တာဝန် ရှိတာမဟုတ်ဘဲ နိုင်ငံသားတစ်ဦးချင်းစီမှာ တာဝန် ရှိကြတယ်။ နိုင်ငံသားတိုင်း နိုင်ငံအပေါ်တာဝန် ကျေပွန်ဖို့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေ ရှိဖို့လိုအပ်တယ်။”
အင်ဒရူးကာနက်ဂျီ
(သံမဏိလုပ်ငန်း အမေရိကန် သန်းကြွယ် သူဌေးကြီးရဲ့ ၁၉၀၈ ခုနှစ်က စကား)
အမာထည်အပျော့ထည်
နိုင်ငံကို ကောင်းအောင်တည်ဆောက်ကြမယ် ဆိုရင် ပထမဦးဆုံး လူတွေကို ကောင်းမွန်အောင် ပြုပြင်ကြရမှာကို အရင်ဆုံးလုပ်ကြရမှာပဲ။ ဘာကြောင့်လဲ။ မေးချင်ရင်မေးနိုင်ပါတယ်။
လူတွေမကောင်းမွန်လို့လည်း မဟုတ်ပါဘူး။
လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းကြရင် ပိုမိုအောင်မြင်မှာ သေချာလို့ပါ။ ဥပမာ စာရိတ္တ၊ ကိုယ်ကျင့်သီလအပိုင်းပေါ့။ ဒါဟာ လူတစ်ဦးချင်းစီ ရဲ့အမာခံအထည် (Hardware)ပါပဲ။
လူတွေညံ့နေလို့လည်း မဟုတ်ပါဘူး။
လူတွေရဲ့အရည်အသွေးအပြင် အရည်အချင်း လည်း စွမ်းရည်ပိုမိုမြင့်မားကြတယ်ဆိုရင် ပိုပြီး ချောမောလွယ်ကူအောင်မြင်မယ်ပေါ့။ အပျော့ပိုင်း ဆိုင်ရာ အခြားအနားတစ်ဖက် (Software) ဆိုပါ တော့။ လူတစ်ယောက်ရဲ့ အကျယ်အဝန်းအခြေ အနေဆိုတာ အလျား x အနံဆိုတဲ့အနားနှစ်ခုရဲ့ ဧရိယာပဲမဟုတ်လား။
ကောင်းခြင်း မကောင်းခြင်းသဘောနဲ့ တော်ခြင်းညံ့ခြင်းသဘောပြောပါတော့။
မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံးကို တအားအထင်ကြီးပြီး မြှင့်ထားကာမော့မကြည့်နဲ့။ အရမ်းအထင်သေးပြီး မလောက်လေးမလောက်စား တွေပါကွာရယ်လို့လည်း ငုံ့မကြည့်နဲ့။ အဖြေမှန် မရဘူး။ ပကတိအရှိအတိုင်းသာပဲ အားသာချက် တွေ၊ အားနည်းချက်တွေကို သိနေရမှာပါ။
ကိုယ်စီကိုယ်စီ
လူကောင်းလူတော်ခေါ်ခေါ်၊ လူတော် လူကောင်းခေါ်ခေါ် ပြည်သူလူထုတိုင်းရင်းသား အားလုံးက ငါတို့ဟာ နိုင်ငံတော်ကို ယခုထက်ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်အောင် ပါဝင်တည်ဆောက် ကြမယ်။ ပထမဦးဆုံး မိမိတို့ကိုယ်တိုင် နိုင်ငံသား ကောင်းအရည်အသွေး၊ အရည်အချင်းတွေရှိနေ အောင် ပြုစုပျိုးထောင်သွားကြမယ်။ ဟုတ်တယ်။ တစ်ယောက်ကစ, တစ်ရာတိုးပွား၊ အရေအတွက် ထောင်သောင်းသိန်းသန်းများစေရမယ်။
ကူးစက်မြန် ကပ်ရောဂါဘေးဆိုးကြီးကို ရင်ဆိုင်ဖြတ်သန်းနေရင်း အသက်ရှင်ကျန်နေကြ သေးတဲ့ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး ရဲ့အရည်အသွေးကို သွေးသစ်လောင်း ပြောင်းလဲ ပြုပြင်မြှင့်တင်ကြရမယ်။
နိုင်ငံတစ်ခုတည်ဆောက်တယ်ဆိုတာ ဒီလိုပဲ စိတ်ကူးစိတ်မှန်းနဲ့ ရည်ရွယ်ချက်ခိုင်ခိုင်မာမာ ချမှတ်ပြီး နှစ်ရှည်လများ ကြိုးကြိုးစားစားထူထောင် တည်ဆောက်ကြရစမြဲပါပဲ။ အိမ်နီးချင်းနိုင်ငံတစ်ခု ဟာ ၂၀၀၀ ပြည့်နှစ်မှာ သူ့နိုင်ငံရဲ့ အနာဂတ်အနှစ် ၅၀ ပန်းတိုင်နဲ့ မဟာဗျူဟာကို ငါးနှစ်စီမံကိန်း ၁၀ ကြိမ် လျာထားပြီး ကြိုးပမ်းကြတယ်။ ယခု ၂၀၂၁ ခုနှစ်မှာ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့တာ တွေ့ကြရတယ်။ အသေးစိတ်လေ့လာကြည့်ရင် သူတို့ရဲ့ အခက်အခဲ အတားအဆီးအမျိုးမျိုးကြားက ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့သင်ခန်းစာတွေ တွေ့မြင် နိုင်တယ်။ အလားတူ မိမိတို့ပြည်သူတွေကလည်း ဘယ်ပါတီ ဘယ်အစိုးရပဲပြောင်းပြောင်း၊ တိုင်းပြည် ကောင်းအောင် ပြည်သူတွေရဲ့ဘဝကို ပိုမိုကောင်းမွန် အောင် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းတာဝန်တွေ ထမ်းဆောင်ရင်း တာဝန်ကျေအောင် ကြိုးပမ်းနေရ မယ်။ ဒါဟာ နိုင်ငံသားကောင်းတွေရဲ့ အခြေခံမူလ တာဝန်တွေပါပဲ။ ဘယ်သူမှ မရှောင်လွှဲရဘူးလေ။
ဝန်ထမ်းဘဝ
စကားစပ်မိလို့ သာမန်အရပ်သားနဲ့ မတူကြတဲ့ ဝန်ထမ်းတွေရဲ့ သဘောလက္ခဏာတချို့ကို ဖော်ပြပါ ရစေ။ လူတိုင်းကတော့ သိကြပြီးသားပါလေ။
အစိုးရဝန်ထမ်းဆိုတာ နိုင်ငံနဲ့ ပြည်သူရဲ့အကျိုး ကို အဓိကဦးစားပေးကြရပါတယ်။ ပုံမှန်လစာ လစဉ် ရပေမယ့် အများအားဖြင့် ချမ်းသာကြွယ်ဝလောက် အောင်တော့ မရကြပါ။ ဒါပေမဲ့ သာမန်ပြည်သူနဲ့ မတူဘူး။
လောဘနည်းပြီး မာနကြီးတယ်။
ရိုးသားပြီးရောင့်ရဲတယ်။
ဒါကြောင့် တပည့်မရှား တစ်ပြားမရှိဘဝကို ကျေနပ်ပျော်ပိုက်နိုင်ခဲ့တာပေါ့။ ဝန်ထမ်းဘဝကို တန်ဖိုးထားဂုဏ်ယူတတ်တဲ့သူတွေကြောင့် နိုင်ငံတော် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးယန္တရားတွေ မပျက်မယွင်း မပြိုလဲဘဲ ရှင်သန်နေတာခင်ဗျ။
စုန်းပြူးတွေတော့ ရှိခဲ့သပေါ့။ တာဝန်မလေးစား၊ ဝတ္တရားမရိုသေ။ လူ့ကျင့်ဝတ်ကို တန်ဖိုးမထား။ ကိုယ်ထင်ရာမြင်ရာ စွတ်ရွတ်ပြီးဖောက်တဲ့ အနည်းစု ကတော့ ပြည်သူကို အနစ်နာခံအလုပ်အကျွေးပြုရတဲ့ မွန်မြတ်လှတဲ့ ပြည်သူ့ဝန်ထမ်းလခစားဘဝကို ကျောခိုင်းစွန့်ခွာသွားခဲ့ကြပါပြီ။ သူ့သဘော သူဆောင်ပြီး သူ့လမ်းသူရွေးတာပဲ။ အမှားသိမြင် အမြန်ပြုပြင်ပြီး ပြန်ဝင်လာသူတွေကို အလုပ်ခွင်က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။
စားချင်သောက်ချင် ရသမျှလိုချင်လောဘရှိနေ ရင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မိတတ်ကြတာမို့ သူတို့နဲ့ဆက်ဆံရတဲ့ ပြည်သူအများမှာတော့ အဲသလို ဝန်ထမ်းမျိုးဆိုရင် မစင်တုံးထက်တောင်မှ ပိုပြီး စက်ဆုပ်ရွံရှာအော့နှလုံးနာကြပါတယ်။ ထိုဝန်ထမ်း ဆိုးတွေ၊ ငါးခုံးမတွေ၊ ငါးပုပ်တွေ သန့်စင်ကင်းဝေး သွားခဲ့ပြီဆိုတော့ နိုင်ငံ့ဝန်ထမ်းလောကမှာ ပိုကောင်း လာမှာ မုချပါပဲ။
အစဉ်အလာ
မြန်မာတိုင်းရင်းသားတွေက ပင်ကိုမညံ့ကြပါ ဘူး။ စာရိတ္တကိုယ်ကျင့်တရားကိုလည်း အမြတ် တနိုးတန်ဖိုးထားတဲ့ ဓလေ့ထုံးစံရိုးရာယဉ်ကျေးမှုမျိုး အစဉ်အလာရှိနေခဲ့ကြပြီးသားပါ။ အင်မတန်ရိုးသား ကြတယ်။ အလွန်ဖြူစင်ကြတာ များပါတယ်။ (အေးဗျ၊ လူဟာလူပဲ။ ရပ်ထဲရွာထဲမှာ ကတ်တီးကတ်ဖဲ့ တစ်ဦးတလေဆိုတာကတော့ ရှိစမြဲပေါ့။ ရှိပါစေ) တစ်မြို့လုံး၊ တစ်နယ်လုံး၊ တစ်တိုင်းပြည်လုံးက အများစု ထုထည်အင်အားကြီးကြီးမားမားနဲ့ နိုင်ငံ့ သားကောင်း လူတော်လူချွန်၊ လူကောင်းလူမွန်တွေ ဖြစ်နေကြရင် အနာဂတ်နိုင်ငံတော်ဟာ ယနေ့ထက် ပိုမိုတိုးတက် သာယာအေးချမ်းပြီး ဖွံ့ဖြိုးကြွယ်ဝလာ မှာသေချာပါတယ်။ အပြုဘက်ကတွေးစမ်းပါ။ တည်ဆောက်ရေးအမြင်နဲ့ စဉ်းစားပါ။ ပိုက်ဆံပေး ဝယ်စရာမလိုတဲ့အိပ်မက်ကိုများ ချွေချွေတာတာ လျှော့လျှော့ပေါ့ပေါ့ စိတ်မကူးစမ်းပါနဲ့ဗျာ။ အကောင်း ဆုံးတွေးပြီး အမြင့်မားဆုံးစွမ်းအား အရည်အချင်း မျိုးနဲ့ ညီညီညာညာလုပ်ကြမယ်ဆိုရင် အိပ်မက်တွေ ဟာ တကယ်ဖြစ်လာတာ။ (စနစ်တွေ၊ ခေတ်တွေ ပြောင်းလဲခဲ့တဲ့သမိုင်းဟာ ကျွန်တော်တို့ခေါင်းထဲက အတွေး (မနောကံ) တွေက စတင်ခဲ့ကြတာပဲမဟုတ် လား။ ရဲရဲတွေးခေါ်ပါ) တကယ်လုပ်ရင် မခက်ခဲပါဘူး ခင်ဗျာ။
လိုအပ်ချက်
သာမန်လူကောင်းတစ်ယောက်မှာ ရှိသင့်ရှိအပ် တဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာ ၁၀ ချက်ကို ဖော်ပြ ပါရစေ။ အိမ်မှာ၊ ကျောင်းမှာ၊ သင်တန်းတွေမှာ၊ အလုပ်ခွင်တွေမှာ လူတိုင်းက မိမိကိုယ်ကို ပြုပြင် ပျိုးထောင် ကောင်းသထက်ကောင်းအောင် ပြောင်းလဲ လိုက်ကြရင် ပိုကောင်းလာမှာပဲ။ ဒါလေးတွေပေါ့-
၁။ ရိုးသားမှု၊
၂။ အနစ်နာခံမှု၊
၃။ သည်းခံခွင့်လွှတ်တတ်မှု၊
၄။ ရဲဘော်ရဲဘက်စိတ်ရှိမှု၊
၅။ ကိုယ်ကျိုးမကြည့်တတ်မှု၊
၆။ သူတစ်ပါးကို ကူညီရိုင်းပင်းလိုမှု၊
၇။ အမှန်တရားကိုမြတ်နိုးတတ်ခြင်း၊
၈။ သူတစ်ဖက်သားကိုလေးစားတတ်ခြင်း၊
၉။ မတရားမှုကို မနှစ်သက်လက်မခံခြင်းနဲ့
၁၀။ အငြိုးအတေး(အာဃာတ) အပြစ်အမုန်း မထားခြင်း။
လူတွေကောင်းလာမှ တိုင်းပြည်ကောင်းမှာပေါ့။
စာရိတ္တ
စာရိတ္တအရေးကြီးပုံကို တွေ့ကြရပါလိမ့်မယ်။ ဂရိတွေးခေါ်ပညာရှင် ဟဲရားကလိုက်တပ်(စ်)က “စာရိတ္တဆိုတာ ကံတရားပါပဲ။ စာရိတ္တက လူကို ဖန်တီးတာဖြစ်တယ်။ အခြေအနေတွေက ကံ တရားကို ဖန်တီးတာမဟုတ်ဘူး” လို့ ပြောခဲ့ပါ တယ်။ မိမိဘဝကို ကိုယ်ကြိုက်သလို ပုံဖော်ထုဆစ် ဖို့ရာ စွမ်းရည်စွမ်းအားလိုအပ်တာပေါ့။ အဲဒါကို ပညာရေးကပေးနိုင်တယ်။ ပတ်ဝန်းကျင်ကပေးနိုင် တယ်။ မိသားစုက ပေးနိုင်တယ်။ ကျောင်းပြင်ပ ပညာရေးအသင်းအပင်းလှုပ်ရှားမှု စေတနာ့ဝန်ထမ်း ကုသိုလ်ရေးလုပ်အားပေးခြင်းမျိုးတွေနဲ့ စာကြည့် တိုက်၊ စာဖတ်ခန်း၊ လူထုဗဟိုပြုစာကြည့်ခန်းတွေ က ရရှိနိုင်ကြပါတယ်။ တန်ဖိုးရှိတဲ့အချိန်ကို သေချာစွာအသုံးချနိုင်ကြရမယ်။ ပျက်ပြားအောင် ဖျက်သွားတာတွေကို ပြန်ပြင်ကြရမယ်လေ။ ပေါ့ပေါ့ တန်တန်နေလို့ဘယ်ရပါ့မလဲ။ ကြိုးစားရမှာပေါ့။
“လူတစ်ယောက်ရဲ့ စာရိတ္တဟာ သူ့သမိုင်း ပဲ”တဲ့။ ဂျာမန်စာရေးဆရာ ကဗျာဆရာ ဂျွန်ဝုဖ်ဂန်း, ဗွန်, ဂိုထေး (၁၇၄၉-၁၈၃၂) က ရေးခဲ့ဖူးပါတယ်။
ကိုယ်ထူးကိုယ်ချွန် လူမည်းကျောင်းဆရာ စာရေးဆရာ ဘွတ်ကာ, တီ, ဝါရှင်တန် (၁၈၅၆-၁၉၁၅) ကလည်း ရေးခဲ့ဖူးတယ်။ “စာရိတ္တဟာ လူ့စွမ်းအားပါပဲ” တဲ့။ စာရိတ္တဆိုတာ လူသား တစ်ယောက်ရဲ့ ဘဝတစ်လျှောက် တန်ဖိုးအကြီးမား ဆုံးသော အခြေခံအကြောင်းရင်းအနှစ်သာရ ပါကလားဆိုတာ ဘာသာရေးခေါင်းဆောင်တွေက လည်း တရားတော်တွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ သွန်သင်ဆုံးမခဲ့ပါတယ်။ အက်(ဖ်), စကော့,ဖစ်ဂျရယ်(၁၈၉၆-၁၉၄၀)ဆိုတဲ့ စာရေးဆရာကလည်း ရေးဖူးပါတယ်။ “လုပ်ရပ်ဟာ စာရိတ္တပဲဖြစ်ပါတယ်” တဲ့။ စာရိတ္တမကောင်းရင် တော့မဖြစ်ဘူးနော်။
နေရာကျပါစေ
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နဲ့ ပြည့်စုံထင်ရှားလှတဲ့ ဝေဘူဆရာတော်ဘုရားကြီး က ဒီလိုရှင်းရှင်းလင်းလင်း ဘွင်းဘွင်းကြီး ဟောကြားတော်မူခဲ့ဖူးပါရဲ့-
“ကိုယ်နေရာမကျတာကို နေရာမကျမှန်း သိရင် အတော်နေရာကျပြီဗျ။
ကိုယ်နေရာမကျတာကို နေရာကျတယ် ထင်နေရင်တော့ နေရာမကျတော့ဘူး”တဲ့။ သိက္ခာ သုံးပါး နှစ်ပေါင်းများစွာ ဆောက်တည်ကျင့်သုံးခဲ့တဲ့ ဆရာတော်ရဲ့ဆုံးမစကားဟာ စာဖတ်သူတို့၊ စာရေး သူတို့ရဲ့ စက္ခုနှစ်ကွင်းကို ထင်လင်းပေါ်လွင်အောင် မီးမောင်းထိုးပြလိုက်သလိုပါပဲလား။
မိမိနဲ့လောက၊ လောကနဲ့မိမိ
မိမိနဲ့ပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်နဲ့မိမိ
ထော်လော်ကန့်လန့်မဖြစ်မိဖို့ရာ
နေရာကျရဲ့လား၊ မကျသေးဘူးလား။
ကိုယ့်ကိုယ်ကိုယ်မြင်အောင် သတိနဲ့ကြည့် တတ်ဖို့ အရေးကြီးလှကြောင်း သတိမူမိစရာ ကောင်းလေစွ။
ဆင်းရဲပင်ပန်းပြီး ဘယ်သူမှအကျိုးမရှိ၊ လူသူ အများ ဘေးအန္တရာယ်များ ဒုက္ခပင်လယ်ဝေစေမယ့် ခြေလှမ်းတွေဆက်သွားနေတဲ့ ပုဂ္ဂိုလ်တွေ၊ ဆင်းရဲ ပင်ပန်းစေမယ့် လမ်းကြောင်းအလွဲအမှားကိုပဲ ဆွဲဆောင်ဖြားယောင်းမှုတွေရဲ့နောက်သို့ လိုက်ပါ ထပ်ခါထပ်ခါ ရွေးချယ်လုပ်ဆောင်နေခဲ့သော်….. နေရာကျနိုင်မယ်မထင်။ B စာမျက်နှာ ၆ မှ
တကယ်တော့ အမြော်အမြင်ရှိတဲ့ခေါင်းဆောင် မှန်ရင် နိုင်ငံကောင်းအောင် ထူထောင်တည်ဆောက် မယ်ဆိုပါက အခြေခံပြည့်စုံကြရမယ့်အချက်တွေ တော့ သိရမှာပေါ့။ ဥပမာ နိုင်ငံရေးတည်ငြိမ်ရမယ်။ ငြိမ်းချမ်းရေးရှိနေရမယ်။ စည်းလုံးညီညွတ်ချစ်ခင် စွာ ညီညီညာညာ လက်တွဲပူးပေါင်းလုပ်ဆောင်ကြရ မယ် စသဖြင့်ပေါ့။
ပြည့်စုံပါစေ
အောင်မြင်မှုတွေ ဖော်ဆောင်ကြဖို့ရာက ကြိုတင်ပြည့်စုံစေရမယ့် အခြေခံသဘောအချက် အလက်တွေ လိုအပ်တယ်လေ။ ဥပမာပြောပါရစေ-
သမထဝိပဿနာတရားအလုပ် အားထုတ် မယ်ဆိုရင် အဲဒီသူမှာရှိထားရမယ့် အခြေခံလိုအပ် ချက် ငါးချက်ရှိရတယ်လေ၊
၁။ သဒ္ဓါ - ရတနာသုံးပါးနဲ့ ယင်းတို့ရဲ့ ဂုဏ်တော်များကို ယုံကြည်ရခြင်း၊ သက်ဝင်ခြင်းရှိရမယ်
၂။ အပ္ပဗာတော - ကျန်းမာသန်စွမ်းခြင်း ရှိရပါမယ်
၃။ အသဋ္ဌတာ- စိတ်သဘောထားဖြောင့်စင်း တော်တည့်ခြင်းရှိရမယ်
၄။ အာရဒ္ဓဝီရိယတာ- အကျင့်သီလနဲ့ ပြည့်စုံ ကာ ကြိုးပမ်းအားထုတ်မှုရှိရမယ်
၅။ ဥဒယတ္ထဂါမိနိပညာ- ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်မှုကို သိမြင်နိုင်သောဉာဏ်ပညာ နဲ့ ပြည့်စုံရမယ်ဆိုတဲ့သဘော။
အဓိကလိုအပ်ချက် ငါးချက်က “ယုံကြည်၊ ကျန်းမာ၊ စိတ်ထားမှာဖြောင့်ရ၊ ကျင့်သီလနဲ့ ဉာဏ် ပညာ လုံလောက်ရမယ်” ပေါ့ကွယ်။ ဘာကြောင့် လိုအပ်တာလဲ။ အကျယ်မဆွေးနွေးတော့ပါ။ စာဖတ် သူများ နားလည်ကြပြီးသားပါပဲ။ ယုံကြည်သက်ဝင် ခြင်းမှမရှိရင် သမထဝိပဿနာ ဘယ်လုပ်လို့ရမှာလဲ။ ယုံကြည်သက်ဝင်မှုရှိရမယ်လေ။
စိတ်ပန်းကိုယ်ပန်းကြိုးစားနိုင်တဲ့ ကျန်းမာကြံ့ခိုင် တဲ့ခွန်အားရှိဖို့ကော မလိုအပ်ပေဘူးလား။ ထင်ရှားပါပြီ။
ယုံကြည်ချက် '
အနာဂတ်ကို ကျွန်တော်တို့အားလုံးက အစွမ်း ကုန် ချစ်ချစ်ခင်ခင် ယုံယုံကြည်ကြည်၊ လေးလေး စားစား၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တည်ဆောက်ဖန်တီးနိုင်မယ့် အခြေအနေကောင်း တွေကို ဖန်တီးကြရပါမယ်။ ဘယ်လိုအခက်အခဲ တွေ့တွေ့ ဖြတ်သန်းကျော်လွှားနိုင်မှာပါ။ ဘယ်လောက်ကြီးမားတဲ့ အတားအဆီးတွေရှိနေ ပါစေ၊ ကျွန်တော်တို့အောင်မြင်နိုင်တဲ့ စွမ်းရည် စွမ်းအားတွေ ရှိနေပါတယ်၊ ယုံကြည်ရဲရင့်ပါတယ်။
အချိန်ကာလရေစီးကြောင်းက ရပ်မနေဘူး။ အချိန်နဲ့အမျှ အားကောင်းအောင် ပိုမိုအရည်အသွေး ကောင်းမွန်မြင့်မားအောင် တက်ညီလက်ညီကြိုးစား အားထုတ်ကြရင် လက်တွေ့ကောင်းကျိုးတွေ ရလာ မှာ သေချာပါတယ်။ ပြိုင်တူတွန်းရင် ရွေ့ပါတယ်။
စိတ်ကောင်းရှိဖို့က ပထမ မဟုတ်လား။ ။