
စစ်တွေ ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင် ရထားလမ်းပိုင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ် များနှင့် အမှတ်(၁၀) အခြေခံပညာအထက် တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ရှိ ပြည်တော်သာ (စစ်တွေ) ဘူတာသို့ ရောက်ရှိကြရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြား ရေးမှူးက မိုခါမုန်တိုင်းဒဏ်ကြောင့် ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင် ရထားလမ်းပိုင်းအတွင်းရှိ ဘူတာများ၊ ဝန်ထမ်းနေအိမ်နှင့် မြန်မာ့မီးရထားပိုင် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရထား ပြေးဆွဲမှုနှင့် ရထားလမ်းပိုင်း အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင် စန်းနှင့်အဖွဲ့သည် ပြည်တော်သာ(စစ်တွေ)ဘူတာမှ ပြည်တော်သာ - စစ်တွေ - ဇောပူဂျာ - ရေချမ်းပြင် မီးရထားခရီးစဉ် ဖြင့် ရေချမ်းပြင်ဘူတာသို့ လိုက်ပါစီးနင်း ပြီး မီးရထားလမ်းတစ်လျှောက် မိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ဘူတာများနှင့် ရထားလမ်းတာပေါင် ပြိုကျနေမှုများကို အမြန်ပြုပြင်ဆောင် ရွက်ရန်၊ ရထားလမ်းပိုင်း တောင့်တင်း ကြံ့ခိုင်စေရေး စစ်ဆေးပြုပြင်ဆောင်ရွက် ရန်၊ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့သော ကြောင့် တံတားများကြံ့ခိုင်မှုရှိစေရေး ပြန်လည်စစ်ဆေးပြုပြင်ရန်၊ ပျက်စီးသွား သည့် ဘူတာဆိုင်းဘုတ်များကို စနစ် တကျ ပြန်လည်တပ်ဆင်ရန်နှင့် ဘူတာ အင်္ဂါရပ် စုံလင်အောင် ပြန်လည်စစ်ဆေး ပြုပြင်ရန်၊ တက္ကသိုလ်ကျောင်းသားများ အများဆုံး အသုံးပြုလျက်ရှိသော လမ်းပိုင်းဖြစ်သောကြောင့် ရထားပြေးဆွဲ ချိန်များ မှန်ကန်စေရန်နှင့် ဘူတာများတွင် ခရီးသည်နားနေ ထိုင်ခုံများ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးသွားမှုကို ပြုပြင်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။
အဆိုပါ ပြည်တော်သာ(စစ်တွေ)- ရေချမ်းပြင် ရထားလမ်းသည် ၁၁ ဒသမ ၄၆ မိုင်ရှိ၍ ၂၀၀၉ ခုနှစ် မေ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး လမ်းပိုင်းအတွင်း ပြည်တော် သာ၊ စစ်တွေ၊ ဇောပူဂျာ၊ ရေချမ်းပြင်ဘူတာ ၄ ဘူတာနှင့် စစ်တွေတက္ကသိုလ်၊ မင်းဂံ၊ ဒါးပိုင်၊ ငပွန်းကြီး၊ မဲဇလီကုန်း ရပ်စခန်း ၅ ခု ထားရှိကာ ကျောင်းသား ကျောင်းသူ များနှင့် ဒေသခံပြည်သူတို့၏ ခရီးသွား လာမှု အထောက်အကူဖြစ်စေရေးအတွက် ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင် ခရီးစဉ်ကို RBE ရထားဖြင့် နေ့စဉ် အသွား အပြန် နှစ်ခေါက် ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင် စန်းနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (စစ်တွေ) သို့ ရောက်ရှိပြီး စာသင်ခန်းများ ပြင်ဆင်ထားမှုအခြေအနေ၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေနှင့် သွားလာရေးအဆင်ပြေ စေရန် ဆောင်ရွက်ပေးထားမှု အခြေအနေ တို့ကို မေးမြန်းပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကား ပြောကြား သည်။
ဆက်လက်၍ စစ်တွေမြို့နယ် သက္ကေ ပြင်ကျေးရွာရှိ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး စာသင်ဆောင်များနှင့် ဆက်စပ်အဆောက် အဦများ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် ဆက်လက်ပြုပြင်သွားမည့် အစီအမံများ၊ လက်ရှိသင်ကြားသင်ယူမှု ပြုလုပ်နိုင်သည့် စာသင်ခန်းနှင့် ကျောင်းသားအရေ အတွက်၊ ဆရာနှင့် ကျောင်းသားအချိုး၊ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် သွားလာရေး ကိစ္စရပ်များကိုမေးမြန်းကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် စစ်တွေတပ်နယ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်း များက ၁၁ ကေဗွီ ဓာတ်အားလိုင်းများ သွယ်တန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး (အောက်ယာပုံ) လိုအပ်သည်များ မှာကြား သည်။
ယင်းနောက် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေ၊ ကျောင်းဆောင်နှင့် စာသင် ခန်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများကို မေးမြန်းကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အလှူငွေပေးအပ် လှူဒါန်းပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ၌ ကျင်းပရာ အလှူရှင်များ ပေးအပ် လှူဒါန်းသည့် အလှူငွေနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဗိုလ်ချုပ် ကြီး တင်အောင်စန်း (ဝဲပုံ) ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီး ချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယနေ့လှူဒါန်းပွဲတွင် ASIA DESTINY ကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၁၀၀၊ ရွှေရတီကြယ် ကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၁၀၀၊ အောင်မြင်မြန်မာ ကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၅၀ နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO က ဆန်အိတ် ၃၀ နှင့် ဆီ ၅၀ ကျပ်သားဘူး ၁၀၀ တို့ကို ပေးအပ် လှူဒါန်းကြသည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင် စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် သဘာဝဘေးပြန်လည်ထူထောင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ အလိုက် တာဝန်ရှိသူများက ထောက်ပံ့ ရေးပစ္စည်းများ ထပ်မံရောက်ရှိမှု၊ ဖြန့်ခွဲ သွားမည့် အခြေအနေ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံ များ၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြ သည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စားရေ ရိက္ခာများ ဖြန့်ခွဲရာတွင် အမှန်တကယ် လိုအပ်ချက်ရှိသော နေရာဒေသများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ ဦးစား ပေးဖြန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ရန်၊ ထောက်ပံ့ရေးပစ္စည်းများ အတင်အချနှင့် ပို့ဆောင်ဖြန့်ခွဲရာတွင် အချိန်ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်သွားရန် မှာကြား ပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားနိုင်ရေးနှင့် လုပ်ငန်းများ လျင်လျင် မြန်မြန် ပြီးစီးရေးအတွက် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်