စားအုန်းဆီမူဝါဒများ တည်ငြိမ်စေရန် အာရှစားအုန်းဆီဝယ်လက်အဖွဲ့အစည်း ကြိုးပမ်း

 

ကွာလာလမ်ပူ မတ်   ၂၃


ယမန်နှစ်က စားအုန်းဆီတင်ပို့သည့် နိုင်ငံများတွင် မူဝါဒများ   ပြောင်းလဲမှုများကြောင့်    စားအုန်းဆီ ရောင်းဝယ်မှုတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စာအုန်းဆီထုတ်လုပ်သော နိုင်ငံများသည် တည်ငြိမ်သော ပို့ကုန်မူဝါဒများ  ချမှတ်ရန် လိုလားကြောင်း အာရှ စားအုန်းဆီဝယ်လက်များ၏ အဖွဲ့အစည်းဖြစ်သည့် Asian Palm Oil Alliance (APOP)အဖွဲ့ အကြီးအကဲက ပြောကြားသည်။

 


ဝယ်လက်နိုင်ငံများ ပိုမိုပါဝင်ကြစေလို


အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊  နီပေါနှင့် သီရိလင်္ကာတို့သည် လက်ရှိ APOP အဖွဲ့ဝင်များဖြစ်ကြပြီး အာရှ စားအုန်းဆီ   မဟာမိတ်အဖွဲ့တွင်  ဝယ်လက်နိုင်ငံ များ ပိုမိုပါဝင်ကြစေလိုကြောင်း APOP ဥက္ကဋ္ဌ Atul Chaturvedi က  ကွာလာလမ်ပူ၌    ပြုလုပ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 


တင်သွင်းသည့်နိုင်ငံများသည် စားအုန်းဆီကြမ်း များသန့်စင်ရန်       စက်ရုံများ   တည်ဆောက်ကာ လုပ်ကိုင်လျက်ရှိကြသည်။ သို့သော် စားအုန်းဆီကြမ်းကို ဆီသန့်စင်ထက် ပို့ကုန်ခွန် ပိုမို စည်းကြပ်ထားသည်။ သန့်စင်ပြီး စားအုန်းဆီဝယ်ယူခြင်းသည်    စားအုန်း ဆီကြမ်းအဆင့် ဝယ်ယူခြင်းထက် စျေးသက်သာနေစေ သည်ဟု Chaturvedi က ပြောသည်။

 


ဝယ်သူတွေကို   ထိခိုက်စေ


“စားအုန်းဆီကြမ်းအပေါ် အခွန်ပိုမြှင့်ထားတာကြောင့် တင်သွင်းတဲ့နိုင်ငံတွေမှာ စားအုန်းဆီသန့်စင်တဲ့ စက်ရုံတွေကို ရပ်နားထားရတယ်။ စားအုန်းဆီတင်ပို့တဲ့ နိုင်ငံတွေက ဝယ်သူတွေကို   ထိခိုက်စေတဲ့ ဈေးနှုန်း သတ်မှတ်ပုံကို စဉ်းစားသုံးသပ်ပေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။ အင်ဒိုနီးရှားမှ ချမှတ်ထားသော ပို့ကုန်များကို ရုတ်တရက်  တားမြစ်ခြင်းကဲ့သို့သော ပို့ကုန်မူဝါဒများ      ရုတ်တရက်ပြောင်းလဲမှုသည် သွင်းကုန်နိုင်ငံများရှိ ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ပေးရုံသာမက အင်ဒိုနီးရှားနိုင်ငံမှ စိုက်ခင်းလုပ်ကိုင်သူများ၊ စားအုန်းဆီထုတ်လုပ်သူများ ကိုပါ  ထိခိုက်စေသည်ဟု အိန္ဒိယ    လူသုံးကုန်ပစ္စည်း ကုမ္ပဏီ Godrej International ၏ ဒါရိုက်တာ Dorab Mistry  က ပြောကြားသည်။ 

 


ကမ္ဘာ့စားအုန်းဆီတင်ပို့မှုအများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ယမန်နှစ်က  စားအုန်းဆီတင်ပို့မှုကို ရုတ်တရက်ပိတ်ပင်လိုက်သဖြင့်    ပြည်ပဝယ်လက် များသည် မလေးရှား၏ စံချိန်တင်မြင့်မားသောစျေးနှုန်းဖြင့် စားအုန်းဆီကြမ်းကို ဝယ်ယူခဲ့ကြရသည်။

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊