ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားသို့ လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီးစီး

 

ဗန်းမောက် အောက်တိုဘာ ၂၀


စစ်ကိုင်းတိုင်းဒေသကြီး      ဗန်းမောက် မြို့နယ်အတွင်းရှိ    ဣစ္ဆာဿယ ဇလုံတောင်တော်ရှိစေတီများနှင့် ကျောက်မဏ္ဍာပ်ဘုရားစေတီများ   မီးလင်း ရေးအတွက် ဇွန် ၂၅ ရက်မှစတင်၍ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ  ယခုအခါ   ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 


ဇလုံတောင်တော်ပေါ်ရှိ ဘုရားစေတီများ၊ ကျောက်မဏ္ဍာပ် ဘုရား စေတီများနှင့် ဆရာတော်  သံဃာတော်များ သီတင်းသုံးနေထိုင်ရာ    သာသနာ့အဆောက်အအုံများ၊   ဘုရားဖူးလာရောက်ကြသော ရဟန်း ရှင်လူပြည်သူများ နေထိုင်တည်းခိုရန် တည်ဆောက်ထားသော   အဆောက် အအုံများနှင့်   စျေးဆိုင်ခန်းများတွင်    လျှပ်စစ်မီးလင်းရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏    ESE    ဌာနဘတ်ဂျက်ဖြင့် ၂၀၀ ကေဗွီအေထရန်စဖော်မာတစ်လုံးနှင့် ၁၁  ကေဗွီဓာတ်အားလိုင်းတို့ကို တည်ဆောက်ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့   ခွင့်ပြုရန်ပုံငွေကျပ် ၁၃၄ ဒသမ ၁၁ သန်းဖြင့် ၂၀၀  ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့်    ၁၁  ကေဗွီဓာတ်အားလိုင်း တည်ဆောက်ခြင်း၊ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းနှင့်ကွန်ကရစ်ဓာတ်တိုင်များ   စိုက်ထူ ခြင်းတို့ကို  တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီမှ အင်ဂျင်နီယာ   ဦးဖြိုးသန့် က  တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 


ယခုအခါ ဇလုံတောင်ခြေရှိ  ခမိုး ကျေးရွာမှ           ဇလုံတောင်တော်ပေါ်သို့ လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်း လုပ်ငန်းပြီးစီးသွားပြီဖြစ်၍   မကြာမီ ဘုရားစေတီများ၊   သာသနာ့အဆောက်အအုံများ၊ တည်းခိုနေထိုင်ရန်  အဆောက်အအုံများနှင့်  စျေးဆိုင်ခန်းများသို့  လျှပ်စစ်မီးကြိုးများ  သွယ်တန်းပြီး   မီးများပေးတော့မည်ဖြစ်၍        ဇလုံတောင်တော်တွင် သာသနာပြုသီတင်းသုံးနေထိုင်သော ရဟန်းသံဃာတော်များနှင့် ရပ်နီး ရပ်ဝေးမှဘုရားဖူးများအတွက်   ပို၍အဆင်ပြေစွာ    ဘုရားဖူးနိုင်တော့ မည်ဖြစ်သည်။


လှိုင်ဘွား(ဗန်းမောက်)