
ဗန်းမောက် အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့တွင် ယနေ့နံနက် ၁ နာရီခွဲက ရှေးရိုးအစဉ်အလာ မပျက် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ကျင်းပ ခဲ့ကြသည်။
ဆွမ်းတော်ကြီးလောင်းလှူပွဲမတိုင်မီ သီတင်း ကျွတ်လဆန်း ၁၄ ရက်နေ့ နံနက် ၇ နာရီမှစကာ ဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များနှင့် နိဗ္ဗာန်ဆော် တို့က မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိ အိမ်များသို့ သီတင်းကျွတ်လပြည့်နေ့ နံနက် ၁ နာရီခွဲတွင် မြတ်စွာဘုရားရှင်နှင့် သံဃာတော်အရှင်သူမြတ် တို့အား ဆက်ကပ်လှူဒါန်းကြရမည့် ဆွမ်းဟင်းနှင့် မုန့်ပဲသရေစာများနှင့် ဖယောင်းတိုင်၊ ဆီမီး၊ အမွှေး နံ့သာပန်းများ စသည့် အမျိုးအမယ်များတို့ကို နှစ်လက်မပတ်လည် စက္ကူများတွင် ရေးထည့် လိပ်ပြီး ရွှေဖလား ငွေဖလားများတွင် ထည့်ကာ အိမ်ရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား မဲနှိုက် စေသည်။
ထို့နောက် မဲလိပ်နှိုက်သည့် ဘိုးဘွားမိဘများက အဆိုပါမဲလိပ်ကို ဖြေကြည့်ပြီး မဲလိပ်တွင် ပါသော အမျိုးအမယ်များကို ယင်းနေ့တွင် ဝယ်၍ ဆွမ်းလောင်းလှူရန် အဆင်သင့် ပြင်ထားကြရ သည်။ သီတင်းကျွတ်လပြည့် ဆွမ်းတော်ကြီး မလောင်းလှူမီ ည ၁၂ နာရီတွင် နိဗ္ဗာန်ဆော် များက မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ကြသည်။
အလှူရှင် ဒါယကာ ဒါယိကာမတို့ကအိမ်ရှေ့နှင့် လမ်းမများပေါ်တွင် ဆီမီးဖယောင်းတိုင်များ ထွန်းညှိ ပြီး ထွက်၍ဆွမ်းလောင်းလှူရန် စောင့်ဆိုင်းနေချိန် နံနက် ၁ နာရီခွဲ၌ မြို့မဘုန်းတော်ကြီးကျောင်းမှ စကာ ဘုရားဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက စည်တော်ကြီး ရှေ့တွင် စီတန်းလှည့်လည်ပြီး ပရဟိတလူငယ်လေး များက နောက်မှလိုက်၍ မြသပိတ်နှင့် ဆွမ်းထည့်ရန် နှီးဒေါင်းလန်းတို့ကို ထမ်းပိုးကာ စည်တော်ကြီး တီးဝိုင်းမှ အတီးအမှုတ်များဖြင့် ရပ်ကွက် လေးရပ်ကွက်သို့ လှည့်လည်ကာ ဆွမ်းအလှူခံရာ ဆွမ်းအလှူရှင်များက လောင်းလှူကြပြီး လောင်းလှူခဲ့ကြသော ဆွမ်းများကို မြို့မကျောင်း တိုက်ဆရာတော် ဦးဝိစိတ္တတ (မဟာဂန္ထဝါစက ပဏ္ဍိတ) နှင့် ဆွမ်းအလှူရှင်များက အခါကြီးရက်ကြီး တွင် ဥပုသ်သီတင်း ဆောက်တည်ကြမည့်သူများနှင့် ပရဟိတလူငယ်လေးများက ဘုရားငါးဆူ ဓမ္မာရုံရှိ မြတ်စွာဘုရားကို ဆက်ကပ်ပြီး ဆရာတော်က ငါးပါးသီလပေးကာ ပြုပြုသမျှ ကုသိုလ်တို့အား ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဗန်းမောက်မြို့နယ်တွင် အဆိုပါ သီတင်းကျွတ် လပြည့် နံနက် ၁ နာရီခွဲ၌ ဆွမ်းတော်ကြီးလောင်းလှူ ပွဲမှာ ဗန်းမောက်မြို့တွင်သာရှိပြီး ကျေးလက် ဒေသများတွင်မူမရှိဘဲ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည့်ရောက်လျှင် ထိုဆွမ်းတော်ကြီး လောင်းလှူ ပွဲကို ရှေးရိုးအစဉ်အလာမပျက် ကျင်းပလာသည်မှာ ရှေးနှစ်ပေါင်းများစွာ ဘိုးဘွားမိဘများလက်ထက် ကတည်းကပင်ဖြစ်သည်။
လှိုင်ဘွား(ဗန်းမောက်)