
ဗန်းမောက် ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသစ်တွင် ကိုဗစ်- ၁၉ ရောဂါပိုး အတည်ပြုလူနာ ၉၀ ဆေးကုသမှု ခံယူလျက်ရှိရာမှ ယနေ့တွင် ရောဂါပိုးကင်းစင် သူ ၈၇ ဦးအား ဆေးရုံမှဆင်းခွင့်ပြုလိုက် ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူများတွင် ပန်းသတင်း KTV ဆိုင် မှ အလုပ်သမား ၅၄ ဦး၊ သစ်တောဦးစီးဌာနမှ နှစ်ဦးနှင့် ဗန်းမောက်မြို့ မြို့မရဲစခန်းမှ ၃၁ ဦး စုစုပေါင်း ၈၇ဦး တို့ဖြစ်ပြီး အဆိုပါဆေးရုံ ဆင်းခွင့်ရသူများအား ခုနစ်ရက် တစ်ပတ် အိမ်တွင်နေထိုင်သွားကြရမည်ဖြစ်ကာ လိုအပ် ပါက ပြန်လည်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့တွင် ဇွန် ၂၉ ရက်က ပန်းသတင်းစားသောက်ဆိုင်နှင့် မြို့အထွက် KTV ဆိုင်မှ အလုပ်သမား ၇၈ ဦးအား ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာက ၅၄ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရပြီး ၎င်းဆိုင်နှင့်ပတ်သက်ခဲ့ သူများ၊ မြို့ပေါ်ရှိပြည်သူများအား ဆက်လက် စစ်ဆေးလျက်ရှိပြီး ဇူလိုင် ၉ ရက်အထိ ကိုဗစ်- ၁၉ ရောဂါပိုး အတည်ပြုလူနာ ၂၈၆ ဦး ရှိကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)