
ကာရာကတ်စ် သြဂုတ် ၂၅
ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်းရှိ မာရီဒါပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားရာ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် လမ်းမများ တွင် မြေပြိုမှုများကြောင့် ရွှံ့များ ဖုံးလွှမ်းလျက်ရှိပြီး မော်တော်ယာဉ်များ လမ်းမများပေါ်တွင် သောင်တင် လျက်ရှိသည်။
သေဆုံးသူများအနက် တိုဗာမြို့၌ သေဆုံးသူ အရေအတွက် အများဆုံးဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုဗာမြို့ရှိ မိုကော့တီးစ်မြစ်၏ ကမ်းပါးများပြိုကျပျက်စီးခဲ့သည်။
ထို့ပြင် တိုဗာမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးသွားသည့်အတွက် လျှပ်စစ်မီးပေးဝေမှု ယာယီရပ်ဆိုင်းထားရပြီး တယ်လီဖုန်းလိုင်းများ လည်း ပြတ်တောက်လျက်ရှိကြောင်း ဒေသခံပြည်သူ တစ်ဦးက ဘီဘီစီသတင်းဌာနသို့ ပြောသည်။
အဆိုပါဒေသတွင် လူအသေအပျောက်များသော မြေပြိုမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ယင်းဒေသ၌ ရေကြီးရေလျှံမှုများဖြစ်ပွားပြီး မြေပြိုမှုများကြောင့် လူ ၄၀ ကျော်သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရသည်။
ကိုးကား - ဘီဘီစီ
ဘာသာပြန်- အောင်ကျော်ကျော်