
တီဟီရန် ဒီဇင်ဘာ ၂၁
ပြီးခဲ့သည့်လအနည်းငယ်အတွင်းက အမေရိကန်နှင့် အီရန်ကြား တိုက်ရိုက်ဆွေးနွေးပွဲ ရှိလာမည်ဟူသော အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်၏ ပြောကြားချက်ကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင်ငြင်းဆိုခဲ့သည်။
၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီမှုကို ဆက်လက် ရှင်သန်နိုင်ရေးအတွက် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် စတင်ဆွေးနွေးစဉ်ကတည်းက အီရန်နိုင်ငံသည် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆာအိဒ် ခတ်တစ်ဘ်ဇာဒါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဗီယင်နာမြို့တွင် ဆွေးနွေးပွဲစတင်ကတည်းက အီးယူ စေ့စပ် ညှိနှိုင်းသူများမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုကိစ္စများကို အီရန်က လက်ခံရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်မေလအတွင်း အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်က အီရန်နျူကလီးယားသဘောတူညီမှုမှ နုတ်ထွက်ခဲ့သည်။
ဗီယင်နာမြို့တွင် ပြုလုပ်သည့် (၇) ကြိမ်မြောက်နှင့် နောက်ဆုံး ဆွေးနွေးပွဲမှာ နိုဝင်ဘာ ၂၉ ရက်တွင်စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက် တွင် အဆုံးသတ်ခဲ့သည်။ ဆင်ဟွာ