
ရန်ကုန် နိုဝင်ဘာ ၁၀
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် တိုက်ကွမ်ဒိုအားကစားနည်းမှ ရွှေတံဆိပ် ဆုဆွတ်ခူးရရှိရန် မျှော်မှန်းထားကြောင်း မြန်မာ နိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒိုပြိုင်ပွဲအတွက် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ကာ တိုက်ကွမ်ဒိုကစားသမား ၁၂ ဦး၊ ကိုရီးယားနည်းပြတစ်ဦးအပါအဝင် နည်းပြ ငါးဦး ဖြင့် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
“မတ်လ ၃ ရက်နေ့ကတည်းက ရန်ကုန်ကနေ နေပြည်တော်တက်လာပြီး စပြီးတော့ စခန်းသွင်း တာ၊ ကစားသမား ၁၂ ဦးနဲ့ စခန်းသွင်းလေ့ကျင့်နေတာဖြစ်ပါတယ်။ တိုက်ကွမ်ဒိုမှာတော့ အတိုက် ဝိတ်တန်း ငါးတန်းပေါ့။ ရှစ်တန်းမှာဆို ငါးတန်းပြိုင် ရမယ်။ ဒါကတော့ သူတို့ရဲ့ ထုံးစံအတိုင်းပါ။ ကကွက်ပြိုင်ပွဲရှိတယ်၊ တစ်ဦးချင်း ကကွက်ပြိုင်ပွဲ၊ ကကွက်က သုံးမျိုးလောက်ပြိုင်မယ်လို့ ရည်ရွယ်ထား ပါတယ်။ အတိုက်ကတော့ အမျိုးသား ငါးတန်း၊ အမျိုးသမီး ငါးတန်း ပြိုင်ရပါမယ်။ ကျွန်မတို့အနေနဲ့ လည်း Joint Training သွားဖို့အတွက်လည်း
ကြိုးစားနေပါတယ်။ ဆုတံဆိပ်အနေနဲ့ကတော့ ကကွက်တစ်ခု၊ အတိုက် တစ်ခု ရွှေနှစ်ခု မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တိုက်ကွမ်ဒိုနည်းပြ ဒေါ်ဝါဝါထွန်းက ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းထားခဲ့ရသည့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကို လာမည့် ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားရန် စီစဉ်နေကြောင်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဗီယက်နမ် အိုလံပစ်ကော်မတီမှ သိရသည်။
အဆိုပါ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ အားကစားနည်း ၁၈ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး လတ်တလောတွင် အားကစားနည်းအချို့ စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အာကာစိုး