ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်အန္တရာယ် သတိပြုကာကွယ်

Type

မေယု-မျိုးအောင် (MANA)
==================

တောင်အာဖရိကတွင်     နောက်ဆုံးတွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ B.1.1.529 ကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က Omicron ဟု အမည်ပေးပြီး စိုးရိမ်ရ သည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ထည့်သွင်းခဲ့သည်။ အဆိုပါ    ဗိုင်းရပ်စ်မျိုးကွဲကို   စတင်တွေ့ရှိချိန်မှ တစ်ပတ်အတွင်း တောင်အာဖရိက၊  ဘော့ဆွာနာ၊ ဟောင်ကောင်၊    အစ္စရေးနှင့်    ဘယ်လ်ဂျီယံနိုင်ငံ တို့ကို  စတင်ပျံ့နှံ့ရောက်ရှိပြီးဖြစ်ကြောင်း    နိုင်ငံ တကာသတင်းများက   ဖော်ပြကြသည်။    ယင်း ဗိုင်းရပ်စ်မျိုးကွဲသည်    အခြားဗိုင်းရပ်စ်မျိုးကွဲများ ထက်   ကူးစက်မှုအဆပေါင်းများစွာ   မြန်ဆန်နိုင် သဖြင့် နိုင်ငံအချို့က ပြည်ပခရီးသည်ဝင်ခွင့်ပိတ်ပင် မှုကို  စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။  အိုမီ ခရွန်ဗိုင်းရပ်စ်၏အလေ့အထများအပေါ် သုတေသီ တို့ စူးစမ်းလေ့လာနေရဆဲဖြစ်သော်လည်း မြန်မာ နိုင်ငံအနေဖြင့် သတိကြီးကြီးထားရမည်ဖြစ်သည်။ 


 ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲများ


ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်၍   နိုင်ငံများ အဓိကရင်ဆိုင်နေသည့်ပြဿနာမှာ    ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ၏        အန္တရာယ်ဖြစ်သည်။ ဗိုင်းရပ်စ်မျိုးကွဲများသည်  အခြားသောမျိုးကွဲများ နေရာတွင်  အလျင်အမြန်အစားထိုးနေရာယူလာ မှုနှင့်    ဗီဇပြောင်းလဲပြီး     ကြီးမားသည့်အကျိုး သက်ရောက်မှုတို့ကြောင့် ကူးစက်နှုန်းမြန်ဆန်ကာ လူအသေအပျောက်ကိုလည်း   ပိုမိုမြင့်တက်စေခဲ့ သည်။   ဗိုင်းရပ်စ်မျိုးကွဲများသည်   အလွယ်တကူ ကူးစက်ပျံ့နှံ့စေနိုင်ခြင်း၊  ကူးစက်ခံရသူကို   ရောဂါ ပြင်းထန်စေခြင်းနှင့် ကာကွယ်ဆေးများ၊ ကုသဆေး များကို ခံနိုင်ရည်ရှိခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များက  ဆိုထားသည်။   စိုးရိမ်ရ သည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ပါဝင်လာသော အိုမီခရွန်ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များပိုမိုသိရှိရေး ကြိုတင်ကာကွယ် ရေးတို့မှာ အရေးကြီးသည့်အချက်များဖြစ်သည်။ 


အိုမီခရွန်ဟု အမည်ပေးထားသည့် ကိုဗစ်-၁၉ မျိုးကွဲအသစ်ကို ဗြိတိန်နှင့်ဂျာမနီတို့တွင် ပထမဆုံး အကြိမ်အဖြစ် တွေ့ရှိခဲ့သည်ဟုသိရသည်။ အဆိုပါ မျိုးကွဲကို တောင်အာဖရိကတွင် ကနဦးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။  နိုင်ငံအများအပြားကလည်း  အိုမီခရွန် ကူးစက်မှုမှ    တားဆီးရန်အတွက်     အာဖရိက တောင်ပိုင်းနိုင်ငံများမှလာသော      ခရီးသည်များ အတွက် နယ်စပ်တွင် တင်းကျပ်မှုများ ပြုလုပ်လာ  ကြသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အိုမီခရွန်ကို       စိုးရိမ်စရာကောင်းသည့်မျိုးကွဲဟု ဖော်ပြထားသည်။ နိုဝင်ဘာ ၂၅ ရက်တွင်  ဗြိတိန် နိုင်ငံ၌ အိုမီခရွန်ကူးစက်ခံထားရသူနှစ်ဦး  တွေ့ရှိ ထားကြောင်း    ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ 


မြန်မာနိုင်ငံသည် တတိယလှိုင်းကာလအတွင်း ဒယ်လ်တာမျိုးစိတ်ကြောင့်          အလူးအလဲခံခဲ့ကြရ သည်။ အိုမီခရွန်ဗိုင်းရပ်စ်သစ် စတင်ပေါ်ပေါက်လာပြီ ဖြစ်၍ နောက်ထပ်လှိုင်းတစ်ခု ထပ်မံမဖြစ်ပေါ်စေရေး အတွက်   ကြိုတင်ပြင်ဆင်ကြရတော့မည်ဖြစ်သည်။ ဗိုင်းရပ်စ်သစ်တွေ့ရှိရာ  တောင်အာဖရိကနိုင်ငံသည် ပထဝီအနေအထားအရ  မြန်မာနိုင်ငံနှင့်  ဝေးကွာလွန်း သဖြင့် အချိန်တိုအတွင်း အဆိုပါဗိုင်းရပ်စ်၏အန္တရာယ် ကို    ရင်ဆိုင်ရနိုင်ခြေနည်းပါးမည်ဖြစ်ပြီး    ကူးလူး ဆက်ဆံမှုများပြားသော      အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အိုမီခရွန်ဗိုင်းရပ်စ် ဝင်ရောက်လာနိုင်သည့်  လမ်းစဖြစ်သွားနိုင်သည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။ 


အိုမီခရွန်၏နောက်ဆက်တွဲဆိုးကျိုးများ


လတ်တလောကာလတွင် အာဖရိကနိုင်ငံများ၏ အခြေအနေများအရ  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု များသည်   မျိုးဗီဇပြောင်းလဲသည့်    အိုမီခရွန် (Omicron) ဝင်ရောက်လာမှုနှင့်အတူ လှိုင်းတစ်လှိုင်း အသစ်ဖြစ်ပွားလာနိုင်မှု  အစဖြစ်နေ၍   သတိကြီးစွာ စောင့်ကြည့်ရမည့်     အနေအထားဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန်၏ နောက်ဆက်တွဲဆိုးကျိုး များတွင်  ၎င်း၏ဆူးချွန်၌ပါရှိသည့် ခုခံအားစနစ်အရ အရေးပါသည့် (RBD - Receptor Binding Domain) နှင့် (NTD - N - terminal domain) နေရာများတွင် ပြောင်းလဲမှုများဖြစ်ခြင်းကြောင့်  ကာကွယ်ဆေးများ ၏ထိရောက်မှု  (neutralizaion antibodies effects) ကို   လျော့ကျစေနိုင်သကဲ့သို့    လူလုပ်ပဋိပစ္စည်း   များ၏   ထိရောက်မှုများကိုလည်း   လျော့ကျစေနိုင် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာန  ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။ 
ဆူးချွန်မှာပါရှိသည့်   လူ့ခန္ဓာကိုယ်ဆဲလ်ထဲကို ဝင်နိုင်အောင် ဆောင်ရွက်သည့်အပိုင်းတွင် ပြောင်းလဲ မှုများဖြစ်ခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို  ပိုမို မြန်ဆန်စေခြင်း၊   အယ်လ်ဖာ၊   ဘီတာ၊   ဂမ်မာနှင့် လမ်ဘဒါမျိုးကွဲများကဲ့သို့    (nsp 6 deletion)    ကို ရှောင်လွှဲနိုင်စွမ်းများရှိလာနိုင်၍     ရောဂါကူးစက် ပျံ့နှံ့မှုကို      ပိုမိုမြန်ဆန်စေနိုင်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါပိုး၏အတွင်းရှိ မျိုးဗီဇမှာလည်း အယ်လ်ဖာ၊   ဂမ်မာနှင့်   လမ်ဘဒါမျိုးကွဲများကဲ့သို့  ပြောင်းလဲမှု   (R203K+ G20AR mutations)  များ ဖြစ်နိုင်၍  ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity)   ကို   မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။ 
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းသည် ယခု ရက်သတ္တပတ်အတွင်း    နှစ်ရာခိုင်နှုန်းကျော်ခန့် ရှိနေသည့်အတွက် ရောဂါကူးစက်မှုကို အကြောင်း ပြု၍ ထားရှိခဲ့သည့် ကန့်သတ်တားဆီးမှုများလည်း လျှော့ချလာသည်။ 
နှစ်နှစ်ခန့်ကြာမြင့်လာပြီ
ကိုဗစ်-  ၁၉  ရောဂါ ကာကွယ်ဆေး   လွှမ်းခြုံမှု အနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကာကွယ် ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၁၀ ဒသမ ၄ သန်း နှင့် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၉ သန်းရှိသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် နှစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်သည့်တိုင် ကမ္ဘာ့နိုင်ငံ တိုင်းကို  ခြိမ်းခြောက်နေဆဲဖြစ်သည်။  နိုင်ငံ့လူဦးရေ  ၈၀    ရာခိုင်နှုန်းခန့်အထိ  ကာကွယ်ဆေးထိုးထားနိုင် သည့်  ဥရောပနိုင်ငံတစ်ခုတွင်   ကိုဗစ်-၁၉    ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာသည့်သတင်း က  ကာကွယ်ဆေးထိုးထားရုံမျှဖြင့်    ကိုဗစ်-၁၉   ကူးစက်မှုကို    စိတ်ချလက်ချ ဟန့်တားမထားနိုင်သည့် အဓိပ္ပာယ်ပင်ဖြစ်သည်။  အစုလိုက်ကိုယ်ခံစွမ်းအားကို   ကာကွယ်ဆေးထိုးခြင်းနှင့်    ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတို့တွင်        သဘာဝ အလျောက်ရရှိနိုင်သည်။ ကိုဗစ်-၁၉    ကပ်ရောဂါ    ကူးစက်မှုရပ်တန့်ရေးအတွက်   အစုလိုက်ကိုယ်ခံ စွမ်းအားရရှိမှုလိုအပ်ချက်ကို မူလက ၇ဝ  ရာခိုင်နှုန်း ဟု ခန့်မှန်းခဲ့ရာ နောက်ပိုင်းတွင် တိုးမြှင့်ခန့်မှန်းလာ ကြရသည်။ 


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  ရောဂါ ကူးစက် ပျံ့နှံ့မှုမှာ  ထိန်းချုပ်နိုင်သည့်  အခြေအနေကောင်း တစ်ခုသို့   ရောက်ရှိလာပြီဟု  ဆိုနိုင်သော်လည်း ၎င်းရောဂါရောက်မလာမီက မူလအခြေအနေမျိုး မဟုတ်သည်ကို သတိပြုကြရမည်ဖြစ်သည်။ သတိ လက်လွတ်နေမိသည်နှင့် ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနိုင်သကဲ့သို့  ပြင်ပမှ ဝင်ရောက်လာ နိုင်သည့်အန္တရာယ်ကိုလည်း    အချိန်တိုင်းဂရုပြု စောင့်ကြည့်နေကြရန်လိုသည်။    ဗီဇပြောင်းလဲမှု အများအပြားရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် ကို  မိမိတို့တွေ့ရှိခဲ့သည်ဟု  နိုဝင်ဘာ  ၂၅ ရက်တွင် တောင်အာဖရိကရှိ  သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောကြားခဲ့ကြပြီး   ကူးစက်ခံရသူအရေအတွက် မြင့်တက်နေခြင်းမှာ   အဆိုပါမျိုးကွဲဗိုင်းရပ်စ်သစ် ကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့ကြသည်။ 


နိုင်ငံ ငါးနိုင်ငံတို့မှ ခရီးသွားလာမှုအားလုံး


တောင်အာဖရိကတိုက်၏    ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်မှုဖြစ်ပွားရာ တောင်အာဖရိက နိုင်ငံတွင်     နေ့စဉ်ကူးစက်မှုအရေအတွက်သည် ယခုလအစပိုင်းမှစတင်ကာ ၁၀ ဆတိုးလာခဲ့သည်။ ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်ထက်  ကူးစက်မှု  ပိုမို မြန်ဆန်ပြီး        လက်တလောကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို ပိုမိုခံနိုင်ရည်ရှိနေသည်ဟု သိပ္ပံပညာရှင်များကပြောကြားသော         မျိုးကွဲ ဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်၍ စိုးရိမ်မှုကြီးထွား လာသောကြောင့်  ဗြိတိန်သည်  တောင်အာဖရိက နိုင်ငံနှင့် အခြားတောင်ပိုင်းအာဖရိကနိုင်ငံ ငါးနိုင်ငံ တို့မှ ခရီးသွားလာမှုအားလုံးကို   ပိတ်ပင်ခဲ့သည်။


 နိုဝင်ဘာ    ၂၄   ရက်တွင် တောင်အာဖရိက၏ နေ့အလိုက်    ကူးစက်ခံရသူအရေအတွက်သည် ၁၂ဝဝ ရှိခဲ့ရာ ယခုလအစောပိုင်းတွင် ကူးစက်ခံ ရသူအရေအတွက်ထက်   ၁၆၀   ပိုများလာခြင်း ဖြစ်သည်။ တောင်အာဖရိကကို စတုတ္ထကူးစက်မှု လှိုင်းလာမည်ဟု  အာဏာပိုင်များက  ခန့်မှန်းခဲ့ သည်။ ယနေ့ကမ္ဘာကြီးတွင်  ဗိုင်းရပ်စ်မျိုးကွဲသစ် များသည် တစ်မျိုးမဟုတ်တစ်မျိုး ပေါ်ပေါက်လာနိုင် သည့်အခြေအနေမျိုးရှိနေသည်ဖြစ်ရာ လူသားများ အနေဖြင့် အချိန်ကာလတစ်ခုအထိ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်သွားကြရမည်ဖြစ်သည်။ 


“ကာကွယ်ခြင်းသည်         ကုသခြင်းထက် ထိရောက်၏” ဆိုသကဲ့သို့  ရောဂါပိုးကူးစက်ခံရမှု မရှိစေရေးအတွက်  ကြိုတင်ကာကွယ်ခြင်းသည် သာလျှင် အကောင်းဆုံးကာကွယ်ဆေးဖြစ်သည်။        အများပြည်သူတို့အနေဖြင့်   ကျန်းမာရေးဌာန၏   နှိုးဆော်ချက်များဖြစ်သော    လက်ကိုမကြာခဏ ဆေးကြောခြင်း၊    မိမိတို့၏နေအိမ်များတွင်သာ  တတ်နိုင်သမျှနေထိုင်ခြင်း၊ လူစုလူဝေးကို တတ်နိုင် သမျှရှောင်ကြဉ်ခြင်း၊   နေအိမ်ပြင်ပ    သို့မဟုတ် လူအများစုဝေးရာနေရာသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ  စနစ်တကျတပ်ခြင်း၊  တစ်ဦးနှင့်တစ်ဦး  တတ်နိုင် သမျှခပ်ခွာခွာနေထိုင်ခြင်းနှင့်     ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို  အကြိမ်ရေပြည့်ခံယူခြင်း ဖြင့် အိုမီခရွန်ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ကြပါ ရန် တိုက်တွန်းရေးသားလိုက်ရပါသည်။      ။