ဘဝအခြေခံလိုအပ်ချက်နှင့် စာဖတ်ခြင်း

Type

 

သိန်းထွန်း (IR)

 

ဘဝအခြေခံလိုအပ်ချက်နှင့် စာဖတ်ခြင်းဆိုလို့ စကားလုံးက ကြီးကောင်းကြီးနေမယ်လို့ ထင်စရာပါ။ စကားလုံးက ကြီးလွန်းတယ် ထင်ရပေမယ့် အမှန်တကယ် တွေ့ကြုံခံစားမှုကလည်း ကြီးမားလို့ သုံးနှုန်းလိုက်ရခြင်းပါ။ ဘဝအခြေခံလိုအပ်ချက်အတွက် စာဖတ်ခြင်းဆိုလိုက်လို့ စာပေနဲ့ အသက်မွေးဝမ်းကျောင်းတယ်၊ စာပေသက်သက်ကိုပဲ လေ့လာလိုက်စားတယ်၊ စာပေကိုပဲ တစိုက်မတ်မတ်လုပ်တာကို မဆိုလိုပါဘူး။ 

 


တစ်ဦးတစ်ယောက်က ကိုယ့်ဘဝအသက်မွေး ကျောင်း  ရပ်တည်မှုအတွက်ပဲဖြစ်ဖြစ်၊   ကိုယ်ရည် ကိုယ်သွေးတိုးတက်ဖို့ပဲဖြစ်ဖြစ်၊ စဉ်းစားတွေးခေါ် မှု အတွက်ပဲဖြစ်ဖြစ်၊   ဗဟုသုတအလို့ငှာဖြစ်ဖြစ် စဉ်ဆက်မပြတ်   စာပေဖတ်ရှုခြင်း၊  တွေးတော ဆင်ခြင်ခြင်းနဲ့  အသုံးချခြင်းကို  ဆိုလိုချင်တာပါ။ စာပေတွေ   ဖတ်ရှုလို့ရလာတဲ့    အတွေ့အကြုံနဲ့ အကျိုးကျေးဇူးတွေကြောင့် ဘဝအခြေခံလိုအပ်ချက် ဆိုတဲ့  စကားစုလေးကို  ရွေးချယ်သုံးနှုန်းရခြင်းပါ။ အဲဒီအခြေခံလိုအပ်ချက်လေးဟာ      လူတိုင်းရဲ့ လက်တစ်ကမ်းမှာရှိနေတော့   လူတိုင်း   ရယူနိုင်၊ အသုံးချနိုင်ပါတယ်။ 

 


ဦးနှောက်၏ အာဟာရ


စာပေဖတ်ရှုလေ့လာတဲ့ ဦးတည်ချက်တွေထဲမှာ လေ့လာသင်ယူခြင်း၊  ခံစားခြင်း၊   ဦးနှောက်ကို သွေးခြင်း၊ ဗဟုသုတရှာမှီးခြင်း၊ စဉ်းစားတွေးခေါ်မှု ကို မြှင့်တင်ခြင်း၊ အတွေးအခေါ်သစ်များရရှိခြင်း၊ ပြန်လည်ဖြန့်ဝေနိုင်ခြင်းတွေ    ပါဝင်နေတယ်လို့ နားလည်လက်ခံထားပါတယ်။ လူသားတစ်ယောက် အနေနဲ့ အသက်ရှည်ကျန်းမာဖို့ ကိုယ်ခန္ဓာကျန်းမာ ရေးဟာ အရေးကြီးပါတယ်။ ကိုယ်ခန္ဓာကျန်းမာဖို့ ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်ရတယ်၊ အစား အသောက်တွေ ဆင်ခြင်ရတယ်၊ အနေအထိုင်တွေ ဂရုစိုက်ရတယ်။ ဒါမှ ကိုယ်ခန္ဓာကျန်းမာပြီး အသက် ရှည်ရာ အနာမဲ့ကြောင်း နေကြရမှာပါ။ အလားတူ ပါပဲ။  ဦးနှောက်ရဲ့   စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရင့်သန်ဖို့၊ ထက်မြက်ဖို့၊ ထူးချွန်ဖို့ဆိုရင် ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှုတွေကို ကျန်းမာသန်စွမ်းအောင် ပြုစုပျိုးထောင်တာ၊  လေ့ကျင့်တာတွေ  စဉ်ဆက် မပြတ် ပြုလုပ်ပေးကြရမှာပါ။ ဒါမှ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကျန်းမာကြံ့ခိုင်လာမှာ ဖြစ်ပါ တယ်။

 


ဦးနှောက်ရဲ့စွမ်းရည်တွေ   ထက်မြက်လာဖို့ ဦးနှောက်ကိုလည်း  အာဟာရပြည့်ဝတဲ့  အစာတွေ ကျွေးရပါလိမ့်မယ်။ အစာအာဟာရကျွေး၊ လေ့ကျင့် မှုတွေလုပ်မှ ဦးနှောက်ရဲ့ တွေးခေါ်စဉ်းစားမှုတွေဟာ ကျန်းမာသန်စွမ်းလာပါလိမ့်မယ်။   ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ   ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်နေဖို့   ဦးနှောက်ရဲ့အာဟာရဟာ  စာပေ ဖတ်ရှုလေ့လာခြင်းပါပဲ။    ဦးနှောက်အာဟာရ ကောင်းရင်ကောင်းသလို၊ ကျေကျေညက်ညက်စား ရင် စားသလို၊ လေ့ကျင့်မှုများများလုပ်ရင် လုပ်သလို စဉ်းစားတွေးခေါ်မှုတွေလည်း တိုးတက်ကောင်းမွန် နေပါလိမ့်မယ်။  လူတစ်ယောက်အနေနဲ့    အစား အသောက်ကောင်းတွေကို      သင့်ရာသင့်ရာ ကောင်းနိုးရာရာတွေ ရွေးချယ်စားသောက်တတ်ကြ သလို    ဦးနှောက်ရဲ့   အာဟာရစာပေကိုလည်း ကိုယ်နဲ့သင့်ရာသင့်ရာ     ကောင်းနိုးရာရာတွေကို ရွေးချယ်စားသုံးပေးမယ်ဆိုရင် စဉ်းစားတွေခေါ် မှုတွေဟာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။

 


အဲဒီလိုမဟုတ်ဘဲ ဦးနှောက်ကို  အစာအာဟာရ မကျွေး၊   လေ့ကျင့်မှုတွေ   မရှိရင်တော့    တွေးခေါ် စဉ်းစားမှုတွေ    ချည့်နဲ့ပိန်လှီသွားပြီး    ဦးနှောက်ရဲ့ အရည်အသွေးနဲ့    စွမ်းဆောင်ရည်တွေလည်း ကျဆင်းသွားနိုင်ပါတယ်။

 


အတွေ့အကြုံ


ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကျောင်း သွားမယ်၊ စာကျက်မယ်၊ ကစားမယ်၊ အိမ်အလုပ် လုပ်စရာရှိတာလုပ်မယ်၊  ကျန်တဲ့အချိန်   အားနေ ကြတာဆိုတော့   စာဖတ်ဖို့    အခွင့်သာပါတယ်။ အားလပ်နေရင်   စာအုပ်ကောက်ကိုင်မိတာပါပဲ။ စာအုပ်ဆိုတဲ့အမျိုးကလည်း   ဖတ်ရင်းဖတ်ရင်းနဲ့ ဖတ်ချင်စိတ်ရှိလာတာပါ။    ဖတ်စရာတွေထဲက ကိုယ်စိတ်ဝင်စားတဲ့  အကြောင်းအရာကို  ရွေးဖတ် လာတယ်။   စာအုပ်တွေဖတ်ပြီးရင်     သူငယ်ချင်း အပေါင်းအသင်းတွေနဲ့   ကိုယ်ဖတ်တဲ့စာအုပ် အကြောင်းပြောရတာကလည်း  အရသာအတော် ရှိတာကိုး။ 

 


နောက်ပြီး  သူများတွေက  စာအုပ်တွေဖတ်ပြီး အာပေါင်အာရင်းသန်သန်နဲ့ ပြောနေလို့မှ ကိုယ်က ဖတ်လည်းမဖတ်၊   သိလည်းမသိဆိုရင်  ကိုယ့်ကိုယ် ကိုယ်  အရာမဝင်ဘူးလို့  ထင်လာတော့  သူတို့လို ပြောနိုင်အောင်   ဖတ်ဖြစ်တယ်။  အဲဒီကမှတစ်ဆင့်   သူတို့ဖတ်တာတွေကို ကိုယ်လည်းလိုက်ဖတ်၊ ကိုယ် ဖတ်တာတွေ   သူတို့လိုက်ဖတ်ကြနဲ့   ဖတ်ဖြစ်တဲ့   စာတွေစုံသွားတာ။  နောက်မှ   တဖြည်းဖြည်းနဲ့  ကိုယ်အားသန်ရာကို ရွေးဖတ်ဖြစ်လာတယ်။ တစ်ခါ တလေများဆို စာအုပ်တစ်အုပ် ဖြစ်ဖြစ်၊ တစ်ပိုဒ် လောက်ဖြစ်ဖြစ်၊   တစ်ကြောင်းလောက်ဖြစ်ဖြစ် ဖတ်လိုက်ရင် ခေါင်းထဲကို စဉ်းစားစရာတွေ အများ ကြီး  ရလာတယ်၊ အသိတွေတိုးလာတယ်၊ ကိုယ် မမြင်တာ၊  ကိုယ်မသိတာတွေကို   ရလိုက်တယ်။ ပြောရရင် ကိုယ့်အတွက် အများကြီး အကျိုးရှိသွား တာပေါ့။    စာဖတ်လိုက်လို့ရတဲ့  အသိအမြင်တွေက   အရင်ကထက်စာရင် အသိကြွယ်လာသလို   ကြည့် တတ်၊    မြင်တတ်၊ တွေးတတ်တာတွေ   ပိုရလာပါ တယ်။    

 


အလေ့အကျင့်


စာဖတ်တယ်ဆိုတဲ့      အကြောင်းအရာက တကယ်တော့   လူတိုင်းလိုလို     မစိမ်းကြပါဘူး။ ကျောင်းနေစဉ်တုန်းကလည်း     စာဖတ်ခဲ့ကြတာပဲ မဟုတ်လား။      ကျောင်းတက်တုန်းကတော့ စာကျက်၊ စာဖတ်တယ်ဆိုတာ စာမေးပွဲအောင်ဖို့ အလုပ်တစ်ခုအနေနဲ့ လုပ်ခဲ့ကြတာ၊ ဆရာ ဆရာမနဲ့ မိဘကို ကြောက်လို့လုပ်ရတာတွေလည်း ရှိတာပေါ့။ ကျောင်းတက်တာမဟုတ်ဘဲ   မိမိဘာသာ   စာပေ လေ့လာ လိုက်စားတယ်၊ စာပေမှာ ပျော်မွေ့တယ်ဆို တဲ့ အလေ့အထဖြစ်ဖို့ဆိုရာမှာ ပထမဦးဆုံးအနေနဲ့ ကိုယ်တိုင်က   လေ့လာလိုစိတ်နဲ့     လေ့ကျင့်ယူဖို့ လိုလာပါတယ်။ စာဖတ်တဲ့အလေ့အထဖြစ်ဖို့ တချို့ ကတော့ ပင်ကိုဗီဇမှာကိုက စာဖတ်ချင်တဲ့စိတ်ရှိကြ ပါတယ်။ စာဖတ်ဝါသနာပါတဲ့သူအတွက် စာပေမှာ မွေ့လျော်ဖို့၊  ပြုစုပျိုးထောင်ဖို့  မခက်ခဲလှပါဘူး။ သူတို့အတွက် စာပေဝန်းကျင်ရှိဖို့၊ အားပေးသူရှိဖို့၊ ဝါသနာနဲ့  ကျင်လည်ရာဝန်းကျင်   ဆက်စပ်မိဖို့ပဲ လိုအပ်ပါတယ်။ 

 


ဆရာကြီးဇေယျရဲ့ “ဇေယျစာတမ်း” စာအုပ် မှာပါတဲ့ စာဖတ်ခြင်းအလေ့ ဆောင်းပါးမှာ စာဖတ် ခြင်းဆိုတာက လေ့ကျင့်ယူရတဲ့ အလေ့အကျင့်တစ်ခု လို့ ဆိုပါတယ်။ ဆိုတော့ စာဖတ်တဲ့ အလေ့အကျင့်ရဖို့ ပြုစုပျိုးထောင်ကြရမှာပါ။  ကိုယ်တိုင်မှာလည်း စာဖတ်ချင်တဲ့စိတ်နဲ့ စာဖတ်ဖို့ ဆုံးဖြတ်ချက်ရှိမယ် ဆိုရင် စာဖတ်တဲ့အလေ့အကျင့်ဟာ ခက်ခဲတဲ့အလေ့ အကျင့်လို့  မထင်ပါဘူး။  စပြီးဖတ်ဖြစ်အောင်သာ ဖတ်မယ်ဆိုရင် တဖြည်းဖြည်း အလေ့အကျင့်ရလာပါ တယ်။  စာဖတ်တာကြီးကို   အလုပ်တစ်ခုအနေနဲ့ အားခဲလုပ်နေတာထက် ကိုယ်ကြိုက်တဲ့မုန့်တစ်ခုကို စားရသလို    နှစ်နှစ်ခြိုက်ခြိုက်     လုပ်နေဖို့ပါပဲ။ ပျင်းလာရင် စာဖတ်ဆိုတဲ့ တိုက်တွန်းစကားလေးကို သဘောကျသား။   တချို့က   စာဖတ်ဖို့ပျင်းနေတဲ့ အချိန်မှာ အဲဒီတိုက်တွန်းစကားက   ပျင်းလာရင် စာဖတ်ဆိုတော့ အပျင်းပြေအောင် စာဖတ်ရမယ်လို့ နားလည်မိပါတယ်။

 


စာဖတ်တဲ့အလေ့အကျင့်ရဖို့ စာဖတ်နည်းစနစ် တွေ ရှိပါတယ်။ ထိထိရောက်ရောက် စာဖတ်နည်း တွေလည်း ရှိပါတယ်။ သုံးသပ်ဝေဖန်စာဖတ်နည်း တွေလည်း  ရှိပါတယ်။  အရင်ကလို  ခက်ခက်ခဲခဲ ရှာစရာမလိုတော့ပါဘူး။ ကိုယ်တိုင်က လိုချင်စိတ်နဲ့ စဉ်ဆက်မပြတ်  လေ့ကျင့်ယူဖို့သာ  အဓိကဖြစ်ပါ တယ်။ စာဖတ်တာဟာ ဓားများလို မသုံးဘဲထားရင် တုံးသွားပြီး  သုံးနေမှ၊  သွေးနေမှ   ထက်နေမှာပါ။ ငယ်စဉ်ကတည်းက   ကျောင်းတွေမှာ    စာပေတွေကို စဉ်ဆက်မပြတ်   လေ့လာလိုစိတ်တွေ၊   စူးစမ်း လေ့လာလိုစိတ်တွေ၊   အတွေးအခေါ်ဆိုင်ရာတွေ၊ အသိတရားဆိုင်ရာတွေကို ငယ်စဉ်ကတည်းက ပြုစု ပျိုးထောင်ပေးမယ်ဆိုရင်တော့ ပိုလွယ်ကူတာပေါ့။ 

 


ဝါသနာနဲ့ကိုက်ညီရာ


စာပေတွေမှာ     အမျိုးမျိုးရှိတတ်ကြတာမို့ ကိုယ့်ရဲ့ဝါသနာနဲ့ကိုက်ညီတဲ့    စာပေ၊  ကိုယ့်ဘဝ အတွက်   အကျိုးပြုမယ့်စာပေကို   ဦးဆုံးရွေးချယ် ဖတ်မယ်ဆိုရင်  ပိုလွယ်ကူပြီး  စိတ်ဝင်စားမှုပိုရစေ ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာကို ဖတ်တာဖြစ်လို့   ပိုပြီးစိတ်ဝင်စားလာမယ်၊ စွဲစွဲမြဲမြဲ ဖတ်လာမယ်၊   စဉ်းစားတွေးခေါ်လာမယ်၊    ကိုယ့် အတွက်လည်း  အကျိုးပြုလာနိုင်ပါတယ်။   စာဖတ် ခါစမှာ ခက်ခဲလွန်းတဲ့ စာပေတွေ၊ လေးနက်လွန်းတဲ့ စာပေတွေ၊ ကိုယ်နဲ့အလှမ်းဝေးလွန်းတဲ့စာပေတွေကို ဖတ်လိုက်မယ်ဆိုရင် စာကိုကြောက်သွားတာ၊ ပျင်းသွားတာတွေဖြစ်ပြီး    လေ့လာလိုစိတ်တွေ လျော့သွားနိုင်ပါတယ်။

 


စဖတ်ဖတ်ချင်းတော့   အပျော်ဖတ်အနေနဲ့ စာဖတ်တဲ့အလေ့အကျင့်လုပ်ယူပြီး   အလေ့အကျင့် ရလာမှ စာပေကို ဝါသနာနဲ့ကိုက်ညီရာ၊ စိတ်ဝင်စား ရာ၊ လေးနက်တာတွေကို    ဖတ်မယ်ဆိုရင်    ပိုပြီး လွယ်ကူနိုင်ပါတယ်။ စာပေဆိုတာကလည်း ဖတ်ရှု လေ့လာတာဝေးနေရင် ပိုပြီးဝေးလာတတ်ပါတယ်။ ဆက်ကာဆက်ကာ ဖတ်နေရင် ပိုဖတ်ချင်လာတယ်။ ဒီတော့   ပိုဖတ်ချင်စိတ်ရှိလာအောင်   စာဖတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်ရတာပါ။ တိုးတက် တဲ့ နိုင်ငံတွေကလူတွေ ဘာကြောင့် စာဖတ်ကြသလဲ၊ စာဖတ်တဲ့အလေ့အကျင့်ကို  သူတို့ဘယ်လိုပြုစု ပျိုးထောင်ကြသလဲ၊   သူတို့    ဘာကြောင့်တိုးတက် သလဲဆိုတာ အတုယူဖို့လည်း ကောင်းလှပါတယ်။ 

 


အခွင့်အလမ်းများလာ

 

စာပေဖတ်ရှုလေ့လာဖို့အတွက်   ဒီနေ့ခေတ်မှာ အခွင့်အလမ်းကောင်းတွေ   ပိုမိုများပြားနေပါပြီ။ စာအုပ်စာပေတွေက  လက်တစ်ကမ်းမှာ   ရှိနေပါ တယ်။ အသုံးချတတ်ရင် ချတတ်သလို ရနေပါတယ်။ အွန်လိုင်းကပဲဖြစ်ဖြစ်၊   ebook    တွေပဲဖြစ်ဖြစ်၊ စာအုပ်စာစောင်နဲ့ပဲဖြစ်ဖြစ်    နည်းလမ်းမျိုးစုံနဲ့ ဖတ်နိုင်ပါတယ်။ အရင်ကတော့ အခုလို အွန်လိုင်း တွေ၊ ebook တွေ  မရှိသေးတော့ စာအုပ်တွေကိုပဲ ရှာဖွေဖတ်ရပါတယ်။  စာအုပ်ကိုလည်း   ကိုယ်ပိုင် မဝယ်နိုင်တော့ စာအုပ်အငှားဆိုင်မှာ  ငှားဖတ်ရပါ တယ်။ ကျောင်းစာကြည့်တိုက်တို့၊ ရပ်ကွက်စာကြည့် တိုက်မှာ ဖတ်ရပါတယ်။ အခုအခါမှာတော့   စာအုပ် စာစောင်တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေ အများ အပြားရှိနေပါပြီ။   ကြိုက်တာ   ရွေးဖတ်ရုံပါပဲ။ အွန်လိုင်းက  ဖတ်မလား။ အချိန်မရွေး နေရာမရွေး ရနိုင်ပါတယ်။ ebook တွေ ဖတ်မလား။  ဖုန်းထဲ ဖြစ်ဖြစ်၊ တက်ဘလက်မှာဖြစ်ဖြစ်၊ ကွန်ပျူတာမှာ ဖြစ်ဖြစ်   အများကြီးထည့်ထားပြီး  တန်းစီဖတ်ပေ တော့။ 

 


စာအုပ်စာစောင်တွေက ပိုက်ဆံရှိမှ ဝယ်ဖတ် နိုင်တာ၊ ebook တွေက နေရာစုံက ရနိုင်ပါတယ်။ တစ်ခါကူးထားရင် ဖတ်ပါလေ။ ဒီလိုအခွင့်အလမ်း ကောင်းတွေကို ကိုယ့်အတွက် တစ်နည်းနည်းနဲ့ အကျိုးရှိအောင် သုံးကြရမှာပါ။  

 


အဟန့်အတား


အိုင်တီခေတ်ကြီးမှာ   စာပေဖတ်ရှုလေ့လာဖို့ အခွင့်အလမ်းတွေများသလို  တစ်ဖက်မှာလည်း အဟန့်အတားတွေက တွဲလျက်ပါလာနေတာ တွေ့ရ ပါတယ်။ ဥပမာ တီဗွီတွေကြည့်ရင်းနဲ့ အချိန်တွေ ဖြုန်းလာကြတယ်၊ ဂိမ်းတွေမှာ အချိန်ကုန်လာတယ်၊ လူမှုကွန်ရက်ပေါ်က   သတင်းပေါက်ကွဲမှုတွေမှာ နစ်မြုပ်လာကြတယ်။ အဲဒါတွေနဲ့   နပန်းလုံးရင်း စာပေဖတ်ရှုဖို့၊ လေ့လာလိုက်စားဖို့ သတိမေ့လာ တတ်ကြပါတယ်။

 


တစ်ခါတလေ   ပတ်ဝန်းကျင်မှာ   မြင်နေရ တာတွေကြည့်ပြီး   စိတ်မကောင်း   ဖြစ်မိတယ်။ ကျောင်းသားလူငယ်လေးတွေ ဖုန်းတွေနဲ့ပဲ တစ်ချိန် လုံး အချိန်ဖြုန်းနေကြတာ။ ရက်တစ်ရက်မှာ ဆိုပါစို့၊ မနက်အိပ်ရာက  ၆ နာရီထပြီး ည ၉ နာရီအိပ် တယ်ဆိုဦး၊ အိပ်တဲ့အချိန်ကလွဲလို့ တစ်ရက်လုံးမှာ မအိပ်တဲ့အချိန်က ၁၅ နာရီ၊ အိပ်တဲ့အချိန်က ၈ နာရီ။ ယေဘုယျပြောပါတယ်။ လျှော့လျှော့ပေါ့ပေါ့ မအိပ်တဲ့အချိန် ကို ၁၃ နာရီပဲထား။ အဲဒီ ၁၃ နာရီမှာ နာရီဝက်လောက်ပဲဖြစ်ဖြစ်၊    တစ်နာရီလောက်ပဲ ဖြစ်ဖြစ်  စာအုပ်စာပေဖတ်ဖြစ်လား၊   ဖုန်းကိုင်တဲ့ အချိန်ကရော ဘယ်လောက်ရှိသလဲ ဆန်းစစ်ကြည့် မိတယ်။                  

 


တစ်ရက်တစ်ရက်  ဘဝအတွက်  တန်ဖိုးရှိတဲ့ အချိန်တွေ   လေလွင့်နေတာ   တွေ့ရပါလိမ့်မယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ အလုပ်လုပ် ချိန်၊ ပျော်ရွှင်ချိန်၊  အနားယူချိန်၊  စားသောက်ချိန်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအချိန်တွေဆိုတာ လူတိုင်း ရှိကြပါတယ်။ အဲဒီထဲကမှ ပျော်ရွှင်ချိန်၊ အနားယူချိန်၊   ကျန်းမာရေး၊  လူမှုရေးအချိန်တွေ အစား  ဖုန်းနဲ့ပဲ  နပန်းလုံးနေရုံနဲ့   ဘဝရဲ့ရည်မှန်း ချက်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ၊ လူမှုရေးတွေ ပြည့်စုံသွားနိုင်ပါ့မလား။ တကယ်တော့ ကွန်ပျူတာ တွေ၊ ဖုန်းတွေဆိုတာ လူတွေအတွက် အကျိုးရှိဖို့ တီထွင်ဖန်တီးခဲ့ကြတာပါ။ ရည်ရွယ်ချက်ကောင်း သလို အသုံးလည်းဝင်ပါတယ်။ ဒီလောက်အသုံးဝင် တဲ့ ခေတ်မီပစ္စည်းတွေကို ကိုယ့်ဘဝတိုးတက်ရေး အတွက် အသုံးချမလား၊  ကိုယ့်ဘဝကို  အကျိုးမဲ့ စေမလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ 

 


ဘဝနေထိုင်နည်းအတွက် အခြေခံလိုအပ်ချက်


စာပေဖတ်ရတဲ့   အရသာဟာ   တစိမ့်စိမ့်နဲ့ အရသာရှိပါတယ်။ ဖတ်ရင်းတွေးရင်း  ပြန်စဉ်းစား ရင်း၊ အတွေးတွေပွားရင်းနဲ့ ရတဲ့ခံစားမှုပါ။ ဒီတော့ စာဖတ်ရတဲ့  ရည်ရွယ်ချက်၊ အနှစ်သာရနဲ့ အကျိုး ကျေးဇူးတွေကို ပိုသိချင်လာမိပါတယ်။ ကျွန်တော်တို့ ဘာကြောင့်  စာဖတ်ဖို့လိုတာလဲလို့  မေးလိုက်ရင် စာဖတ်ရတဲ့  ရည်ရွယ်ချက်၊  အနှစ်သာရ၊   အကျိုး ကျေးဇူး၊    ခံစားမှုတွေကို   ဆင်ခြင်နိုင်ပါတယ်။ ဆရာကြီးဇေယျကတော့     “ကမ္ဘာ့လူမျိုးတို့၌ ယဉ်ကျေးသည်၊ ရိုင်းစိုင်းသည်ဟူသည်မှာ ပညာဗဟု သုတ ရှိသည် မရှိသည်ကို လိုက်၍ဖြစ်ခြေသည်။ ပညာဗဟုသုတကို နုတ်ပယ်ထားလိုက်ပါမူ လူယဉ် လူရိုင်းဟူ၍   ကွဲပြားခြားနားခြင်း   ရှိတော့မည် မဟုတ်ချေ” လို့   စာဖတ်ခြင်းရဲ့သရုပ်ကို   ဖော်ပြ ပါတယ်။

 

 
စာဖတ်ခြင်းဟာ  တစ်နည်းအားဖြင့်  ပညာ ရှာခြင်းပါပဲ။ စာဖတ်လို့ရလာတဲ့  အကျိုးကျေးဇူး တွေက အများကြီးပါ။ ဦးနှောက်အရည်အသွေးပိုင်း၊ အတွေးအခေါ်၊   အပြောအဆို၊  အပြုအမူ  စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို တိုးတက်စေပါတယ်။ အရေးကြီးဆုံးကတော့ အမှန်အမှား ပိုင်းခြားသိမြင် နိုင်မှု၊ ဝေဖန်သုံးသပ်နိုင်စွမ်းတွေ တိုးတက်လာခြင်း ပါပဲ။    ဒါ့အပြင်   စာပေဖတ်ရှုလေ့လာခြင်းဟာ ဦးနှောက်မှာ အမှိုက်စစ်ဆန်ကာ (filter) တပ်ပေး လိုက်တာနဲ့   တူပါတယ်။  မကောင်းတာတွေဖယ်၊ ကောင်းတာတွေကို  ယူဖို့ဖြစ်ပါတယ်။  အဲဒီကမှ တစ်ဆင့်  အသိအမြင် ဗဟုသုတတွေ  စုဆောင်းတာ၊  ခွဲခြား စိတ်ဖြာတာ၊   သုံးသပ်တာ၊  ဆုံးဖြတ်တာတွေ ကို   မှန်မှန်ကန်ကန်   ဆောင်ရွက်နိုင်တဲ့  စဉ်းစား တွေးတောခြင်းအလုပ်ကို လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့်လည်း   စာဖတ်ခြင်းဟာ  ကောင်းမွန်တဲ့ ဘဝမှာနေထိုင်ဖို့အတွက်  အခြေခံလက်သုံး ကိရိယာ တစ်ခုဖြစ်တယ်လို့      အင်္ဂလိပ်လူမျိုး     စာရေး ဆရာ   Joseph Addison  က ဆိုခဲ့တာ  ဖြစ်ပါလိမ့် မယ်။

 


အထူးသဖြင့်   ပညာခေတ်ကြီးမှာ   ပညာဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်လာပါပြီ။ အထူးသဖြင့် အများနဲ့   ယှဉ်ကြတဲ့အချိန်မှာ   ပညာကပဲ   အဆုံး အဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ပညာရှာဖို့ဆိုရင် ကျောင်းခန်းမတွင်းမှာ ရှာကြသလို ကျောင်းပြင်ပမှာ လည်း စဉ်ဆက်မပြတ် ရှာနေကြရမှာပါ။ ကျောင်း ပြင်ပ ပညာရှာဖွေခြင်းနည်းလမ်းတွေထဲမှာ စာဖတ် ခြင်းက နည်းလမ်းတစ်ခုပါ။ ဒါကြောင့် စာဖတ်ခြင်း ဖြင့် ဘဝအရည်အသွေးတွေမြှင့်တင်ဖို့၊  ကိုယ်ရည်ကိုယ်သွေးတွေမြှင့်တင်ဖို့      အကြံပြုရေးသား လိုက်ရပါတယ်။        ။