ဘုရားဖူးပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

 

သီပေါ   မတ်   ၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပေါ်ကြိုကျေးရွာ၌ ရှေးနှစ် ပေါင်း ၂၀၀၀ ကျော်က သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ် ခဲ့သော ရှေးဟောင်းသမိုင်းဝင်ပေါ်ကြိုဘုရားကြီး ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့၍ ယခုနှစ် တွင် စည်ကားသိုက်မြိုက်စွာကျင်းပရေးအတွက် မြို့နယ်သံဃနာယက အဖွဲ့၏  ဩဝါဒကို ခံယူကာ  ဖေဖော်ဝါရီ  ၂၈  ရက်က ဖွင့်ပွဲမင်္ဂလာ အခမ်းအနား ကျင်းပသည်။

 


ဗုဒ္ဓပူဇနိယပေါ်ကြိုဘုရားကြီး တပေါင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၈ ရက်မှ  မတ် ၆ ရက်အထိ  ကျင်းပမည်ဖြစ်ရာ  အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်  လှူဒါန်းပြီး ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်း၊ ဘုရားကြီးမုခ်လေးမုခ်၌ စံပယ်တော်မူသော ရတနာရန်အောင်၊ ရတနာမာန်အောင်၊ ရတနာ့ရန်အောင်နှင့် ရတနာဈာန်အောင်မြတ်ဘုရား လေးဆူတို့အား ရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်ခြင်း  စသည့်  ကောင်းမှုကုသိုလ်များကို  ဒေသခံရှမ်း၊ ပလောင် တိုင်းရင်းသားများက တပေါင်းလပြည့်နေ့အမီ တောင်ပေါ်ဒေသစခန်း များမှ စတင်ထွက်ခွာလာကြသည်။

 


ဘုရားဖူးလာ      ဗုဒ္ဓနွယ်ဝင်တိုင်းရင်းသားများ     ကျန်းမာရေး  စောင့်ရှောက်မှုအတွက်   ပေါ်ကြိုဘုရားကြီးဂေါပကအဖွဲ့၊    မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်  လူမှုရေးအသင်းအဖွဲ့များက   နှာခေါင်း စည်းများ ဝေငှခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း စသည့် ကျန်းမာရေးဆိုင်ရာ  ပြည်သူ့အကျိုးပြုလုပ်ငန်းများ  ဆောင်ရွက်ကြ ကြောင်း သိရသည်။                          

စိုင်း(သီပေါ)