ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အရာထမ်းငယ်အခြေခံသင်တန်းများအား Online Learning System ဖြင့် ဖွင့်လှစ်သင်ကြား

ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အရာထမ်းငယ်အခြေခံသင်တန်းများအား

Online Learning System ဖြင့် ဖွင့်လှစ်သင်ကြား

================================================

နေပြည်တော် အောက်တိုဘာ ၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွက် ဖွင့်လှစ်ရန်ရှိသော သင်တန်းများအနက် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ် စဉ်(၈၆)ကိုလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၁၁၆)ကိုလည်းကောင်း ယနေ့ နံနက်ပိုင်းတွင် Online Learning System ဖြင့် စတင်ဖွင့်လှစ်သည်။

အွန်လိုင်းစနစ်ဖြင့်သင်ကြား

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ လေ့ကျင့်ရေး နှစ်အတွက် သင်တန်းများ ဖွင့်လှစ်ဆဲကာလတွင် မတ်လအတွင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားလာသဖြင့် မတ် ၁၆ ရက်မှစ၍ ဗဟိုဝန်ထမ်းတက္ကသိုလ် များတွင် ဖွင့်လှစ်ဆဲသင်တန်းများအား ပိတ်သိမ်းခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားသွားနိုင်ရေးအတွက် Online Learning System ဖြင့် ပြောင်းလဲဖွင့်လှစ် သင်ကြားပို့ချနိုင်ရေး သက်ဆိုင်ရာ အထက်အဖွဲ့ စည်းများ၏ ခွင့်ပြုချက်ရယူ၍ သင်ရိုးညွှန်းတမ်းများ ပြန်လည်ပြင်ဆင်ခြင်း၊ ICT နည်းပညာပိုင်းဆိုင်ရာ သင်တန်းပို့ချမည့် Online Platform များ ရွေးချယ် ခြင်း၊ ပို့ချသူဆရာ ဆရာမများကိုလည်း ICT ဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချ ပေးခြင်း၊ စမ်းသပ်ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ကြိုတင်စီမံဆောင်ရွက်နိုင် စေရန် လုပ်ငန်းစီမံချက်များရေးဆွဲခဲ့ပြီး ယခုကဲ့သို့ Online Learning System ဖြင့် ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သင်တန်းကာလမှာ အောက်တိုဘာ ၅ ရက်မှ ၂၈ ရက်အထိ ရက်သတ္တလေးပတ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်တစ်ခုစီ၌ သင်တန်းသား ၁၀၀ စီဖြင့် တန်းခွဲတစ်ခုလျှင် ၅၀ ပါ တန်းခွဲနှစ်ခုစီခွဲကာ သင်ကြားသွားမည်ဖြစ်သည်။ ယခုသင်တန်းတွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၂၉ ခုမှ ဒုတိယဦးစီးမှူး၊ အငယ်တန်းအင်ဂျင်နီယာ-(၂)၊ စာရင်းကိုင်-(၂) ရာထူးနှင့် အဆင့်တူ သင်တန်းသား သင်တန်းသူများကို အွန်လိုင်းစနစ်ဖြင့် ဆက်သွယ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သင်ကြားမည့် ဘာသာရပ်များအနေဖြင့် စီမံခန့်ခွဲမှုပညာဘာသာရပ်၊ စီးပွားရေးပညာဘာသာရပ်၊ ဥပဒေပညာဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ်တို့ဖြစ်ပြီး ဆရာ၊ ကျောင်းသား အပြန် အလှန်ဆွေးနွေးခြင်း (Interactive Learning) အတွက် Zoom Cloud Meetings ကိုလည်းကောင်း၊ သင်ခန်းစာများသင်ယူခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် ကိုယ်တိုင်လေ့လာခြင်းတို့အတွက် Google Classroom ကိုလည်းကောင်း အသုံးပြုသွားမည်ဖြစ်သည်။

 

အကျိုးကျေးဇူးများရရှိ

သင်တန်းသားများအတွက် အွန်လိုင်းမှ သင်တန်းတက်ရောက်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (Trainers’ Manual နှင့် Solution Manual) ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website (www.ucsb.gov.mm) တွင် လည်းကောင်း၊ Study Materials များဖြစ်သည့် Video File၊ Power Point File၊ PDF File နှင့် References and Resources တို့ကို ဗဟိုဝန်ထမ်း တက္ကသိုလ် နှစ်ခု၏ Google Classroom များ၌လည်းကောင်း လွှင့်တင်ထားပြီး သင်တန်း ကာလအတွင်း သင်တန်းသားများအတွက် Mobile Data အသုံးပြုရန် တစ်ရက် လျှင် ကျပ် ၂၀၀၀ စီကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထောက်ပံ့ပေးမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်လည်း အဆိုပါသင်တန်းပြီး မြောက်သည့်အခါတွင် သင်တန်းကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရသည့် အခက် အခဲများကို ပြန်လည်ဆန်းစစ်ကာ ကျန်ရှိသည့်သင်တန်းများကိုလည်း အလားတူ Online Learning System အသုံးပြု၍ စဉ်ဆက်မပြတ် ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခု အရာထမ်းငယ်အခြေခံသင်တန်းများကို Online Learning System ဖြင့် ပြောင်းလဲပို့ချနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဖြစ်စဉ်အား ရှောင်ရှား၍ သင်ယူနိုင်ပြီး ICT နည်းပညာများကို ပိုမိုအသုံးပြုနိုင်ခြင်းအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်