
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
===============================================================
နေပြည်တော် ဒီဇင်ဘာ ၇
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၃၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
စီစဉ်ဆောင်ရွက်ပေးနေ
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့များက ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များ ၏ ကြီးကြပ်မှုဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် တင်ပြလာသည့် လုပ်ငန်းစာတွဲများကို ဝိုင်းဝန်း စိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည် ပေးပို့ခြင်းများကို အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင် ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကျန်းမာရေးဆိုင်ရာ ကန့်သတ် ချက်အမျိုးမျိုးကြောင့် နှောင့်နှေးမှုအချို့ရှိခဲ့ကြောင်း၊ မိမိတို့ ဘက်က အကြောင်းမဲ့ ကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေး နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ များ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ် များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။
အဆိုပါကိစ္စအတွက်ကိုလည်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက် ရက်စွဲဖြင့် နိုင်ငံတော်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသ တွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များ အတွက် ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာ ဆောင်ရွက်ပေး နိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံစွာတင်ပြနိုင်ရေး လုပ်ငန်းစဉ်ကို ပြည်ထောင်စုဝန်ကြီးဌာနအားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်း ညွှန်ကြားချက်အပေါ် နားလည်သဘောပေါက်ပြီး လိုက်နာ ဆောင်ရွက်တင်ပြလာပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ လိုလားချက်အတိုင်း လုပ်ငန်းများကို ယခုထက်ပိုမို၍ မှန်ကန် မြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
သီးနှံစိုက်ပျိုးမှု ပြောင်းလဲစိုက်ပျိုးခွင့်နှင့်ပတ်သက်၍ ယခု ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးလုပ် ကိုင်နိုင်ရေးနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ အကျိုး ဖြစ်ထွန်းနိုင်မှုကို ဦးစားပေး ဆန်းစစ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများအနေဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု၏ အကျိုး ကျေးဇူးကို ခံစားရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ရှေးယခင်ကာလ များက သိမ်းယူခဲ့သော လယ်ယာမြေများ၏ မြေလျော်ကြေး တွက်ချက်ရာတွင်လည်း သိမ်းဆည်းစဉ်ကာလက ဖြစ်ပေါ် ခဲ့သောစျေးနှုန်းကို စတင်အခြေခံစဉ်းစားကြရန် လိုအပ် ကြောင်း၊ ယခုအခါ ဒေသဖွံ့ဖြိုးလာမှုကြောင့် ဖြစ်ပေါ်လာ သော စျေးကွက်တစ်ခုတည်းကို အခြေခံစဉ်းစား၍ မသင့်ပါ ကြောင်း၊ တွက်ချက်မှုမှားယွင်းခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးကို အထူးဂရုပြု စိစစ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင် ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာ နှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်လုပ်ငန်း ကိစ္စရပ်များ၊ ဌာနဆိုင်ရာကိစ္စများ၊ သာသနာရေး ဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များအတွက် လယ်ယာ မြေ အခြားနည်းသုံးစွဲခွင့် တောင်းခံလာမှုအပေါ် ဆွေးနွေး ဆုံးဖြတ်ရမည့် အကြောင်းအရာများအား ဖတ်ကြားတင်ပြ ရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်း တစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။
နည်းပေါင်းစုံဖြင့်ဆောင်ရွက်လျက်ရှိ
လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု ဆောင်ရွက် ခြင်းကြောင့် နယ်မြေဒေသအတွင်း ဖွံ့ဖြိုးမှုများ တိုးတက် ဖွံ့ဖြိုးလာမှု၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာမှုများရှိလာသော်လည်း လယ်ယာမြေများ လျော့ပါးသွားနိုင် မှုကြောင့် နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံမှု မထိခိုက်စေရေး နှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် မဖြစ်မနေ ခွင့်ပြုရမည့်ကိစ္စရပ်များအပေါ် အနည်းဆုံး လိုအပ် ချက်ကိုသာ စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြား တစ်ဖက်၌ လျော့နည်းဆုံးရှုံးသွားသော လယ်ယာမြေများ အတွက် လယ်ယာမြေများကို အစားထိုးဖော်ထုတ်နိုင်ရေး အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်းနည်းလမ်းအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်