ဘိုကလေးမြို့နယ် မိန်းမလှကျွန်း၌ မိကျောင်းစာရင်းကောက်ယူ ချောင်းအလျား ၁၆၃ ကီလိုမီတာအတွင်း မိကျောင်းကောင်ရေ ၁၁၅ ကောင်တွေ့ရှိ

 

ဘိုကလေး ဒီဇင်ဘာ ၃၁


ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်  မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မြစ်ချောင်းများတွင် မိကျောင်းများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍  စာရင်းကောက်ယူရာ  ချောင်းအလျား ၁၆၃.၀၀ ကီလိုမီတာအတွင်း  မိကျောင်းကောင်ရေ  စုစုပေါင်း  ၁၁၅ ကောင်  တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 


အဆိုပါဘေးမဲ့တောအတွင်းရှိ မြစ်ချောင်းများအတွင်း   မိကျောင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို နှစ်စဉ်     ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ပြီးခဲ့သည့်    နိုဝင်ဘာလ အတွင်းက     ကောက်ယူရာတွင် ဝန်ထမ်း ၁၀ ဦးမှ     မိန်းမလှကျွန်း အရှေ့ဘက်ခြမ်း၌တစ်ဖွဲ့၊     မိန်းမ လှကျွန်း     အနောက်ဘက်ခြမ်း တစ်ဖွဲ့  အဖွဲ့နှစ်ဖွဲ့ခွဲ၍ မိကျောင်း များ  တွေ့ရှိရမှုကောင်းမွန်သည့် ညပိုင်း  ဒီရေအကျဆုံးအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း  မိန်းမလှ ကျွန်း   တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူး    ဦးစိုင်း ဝဏ္ဏကြည်က ပြောသည်။

 


“ဒီဘေးမဲ့တောမှာ    နှစ်စဉ် အချိန်ကာလတစ်ခု    သတ်မှတ် ထားတဲ့ နိုဝင်ဘာလရောက်တိုင်း မိကျောင်းကောင်ရေ     စာရင်း ကောက်ယူတာကို   ဆောင်ရွက် လျက်ရှိပါတယ်။     ဒီနှစ်လည်း ပြီးခဲ့တဲ့   နိုဝင်ဘာလက   ဘေးမဲ့ တောအတွင်းရှိ   ချောင်းအလျား ၁၆၃ ကီလိုမီတာအထိ   စာရင်း ကောက်ခဲ့ရာမှာ     သက်ငယ် ၉၅ ကောင်၊    သက်လတ် ၁၂ ကောင်၊ သက်ကြီး   ရှစ်ကောင် စုစုပေါင်း ၁၁၅ ကောင်ကို  တွေ့ရှိ မှတ်တမ်း     တင်နိုင်ခဲ့ပါတယ်။    နောက်ပြီး      ဒီဘေးမဲ့တောကလည်း         ရေချို ရေငန်စပ်     မိကျောင်းမျိုးတွေ       အဓိကအများဆုံး    ကျက်စား နေထိုင်ပြီး     မျိုးပွားခိုလှုံရာ နေရာတစ်ခု      ဖြစ်ပါတယ်။ ကျွန်တော်တို့က     မိကျောင်း ကောင်ရေတိုးပွားမှု၊    နည်းပါးမှု အခြေအနေတွေကိုလည်း      နှစ် အလိုက် စဉ်ဆက်မပြတ်  စောင့် ကြည့် လေ့လာမှုတွေလုပ်ဆောင် နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 


အဆိုပါဘေးမဲ့တောတွင် ငှက် မျိုးစိတ်များ    ပျံ့နှံ့ကျက်စားမှု၊ ရေချိုရေငန်စပ်မိကျောင်းများ၏ အလေ့အထများနှင့်  ဂေဟဗေဒ၊ ရာသီဥတုပြောင်းလဲမှု၏    ဒီရေ တောများအပေါ်    အကျိုးသက် ရောက်မှု၊ ဒီရေတောမှ  ရရှိသည့် သယံဇာတများက   ဒေသခံပြည်သူ များ၏        လူမှုစီးပွားရေးကို အထောက်အကူပြုမှု၊  ဒီရေတော ဂေဟစနစ်   ဝန်ဆောင်မှုများနှင့် သဘာဝဘေးအန္တရာယ်        ကျ ရောက်မှု  လျော့နည်းသက်သာခြင်း ဆက်စပ်မှုများအား  လေ့လာနိုင် ကြောင်း၊     ရေချိုရေငန်စပ် မိကျောင်း         (Crocodylus Porosus)ကို     သဘာဝအတိုင်း ထိန်းသိမ်း   ကာကွယ်ထားသည့် မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဧရိယာလည်း    ဖြစ်ကြောင်း၊ လေ့လာ အပန်းဖြေစရာများအဖြစ် ဒီရေတောအတွင်းစက်လှေစီး၍လေ့လာခြင်း၊    ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းနေမှုများ၊ ငှက်၊ ဧရာဝတီလင်းပိုင်၊  ပင်လယ်လိပ် များ၏       နေထိုင်ကျက်စားမှု  များ   လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ၎င်းဘေးမဲ့တောအား ၁၉၉၄ ခုနှစ် တွင်     မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်      ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ကြောင်း၊     ၂၀၀၃ ခုနှစ်တွင်   အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်    ဖွဲ့စည်းခဲ့ကြောင်း နှင့်  ရမ်ဆာရေဝပ်ဒေသအဖြစ် ၂၀၁၇ ခုနှစ်တွင်    သတ်မှတ် ခဲ့ကြောင်း    သဘာ၀ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။


ပိန်းဇလုပ်သိန်းညွန့်