
နေပြည်တော် ဒီဇင်ဘာ ၉
ဘေးကင်းလုံခြုံ စိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှုဆိုင်ရာ အလေ့အကျင့် ကောင်းများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ “Workshop on Sharing Best Practices on the Use of Social Media towards a Safe, Secure and Reliable Internet” ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ နေပြည်တော်နှင့်ရန်ကုန်ရှိ သက်ဆိုင်ရာ နေရာများမှ ပါဝင်တက်ရောက်ကြသည်။
တက်ရောက်ဆွေးနွေး
အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များအချင်းချင်း ချစ်ခင်ရင်းနှီးနိုင်စေရေး၊ အသိပညာ များမျှဝေနိုင်ရေး၊ နိုင်ငံတကာ အတွေ့အကြုံများအား အပြန်အလှန်အထောက်အကူဖြစ်စေရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် Social Media အသုံးပြုမှု ဆိုင်ရာ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များအား ဖလှယ်နိုင်စေရေးတို့နှင့် Social Media ဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြား ရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲ၌ လူမှုကွန်ရက်စာမျက်နှာများတွင် မီဒီယာအသုံးပြုမှုနှင့် အွန်လိုင်းပေါ်တွင် မဟုတ်မမှန် သတင်းများ၊ သတင်းတု၊ သတင်းယောင်များအား တုံ့ပြန်ဖြေရှင်းခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများမျှဝေခြင်း၊ ထိန်းကျောင်းခြင်း၊ ပြည်သူလူထုပညာပေးခြင်း၊ လူထုဆက်သွယ်ရေး တွင် မီဒီယာနှင့်ထိတွေ့ဆက်ဆံမှု၊ သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများနှင့် ဆက်ဆံရေး ဆိုင်ရာများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်းအလိုက် Power Point Presentation ဖြင့် ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံကိုယ်စားပြု၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ်က လက်ရှိ မြန်မာနိုင်ငံ တွင် Social Media အသုံးပြုမှုအခြေအနေ၊ Social Media ကို အသုံးပြုပြီး သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ အမုန်းစကားပြောဆိုခြင်း၊ မီဒီယာ ကျင့်ဝတ်များ လိုက်နာရန်ပျက်ကွက်ခြင်း၊ Cyber Bullying ပြုလုပ်ခံရခြင်းနှင့် သတင်းမှားများ ပျံ့နှံ့ ခြင်းတို့အပေါ် မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားသည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာဥပဒေ စသည့် ဥပဒေများမှ ပုဒ်မအချို့ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်