
ဘားအံ မေ ၁၆
ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်အထောက်အပံ့များရရှိနိုင်ရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၆ ရက်နံနက်ပိုင်းက အဆိုပါစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Precision Auto Engineering Co.,Ltd ၏ ဘားအံ စက်မှုဇုန်ရှိ BAJA အမှတ်တံဆိပ် သုံးဘီးနှင့်မော်တော် ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံတွင် နေ့စဉ် အလုပ်သမား ၆၀ ခန့်ဖြင့် တစ်ရက်လျှင် BAJA RE နှင့် BAJA Maxima အမှတ်တံဆိပ် သုံးဘီးယာဉ် ၄၅ စီးခန့် တပ်ဆင်ထုတ်လုပ်၍ နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေး စက်ပစ္စည်းအစိတ်အပိုင်းများ ပြည်ပ မှ မှာယူတင်သွင်းမှုများကိုလျှော့ချ၍ ပြည်တွင်း၌သာထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ စောငမန်းရော်ဘာသစ်ပါးလွှာ စက်ရုံ၌ အလုပ်သမား ၄၀ ခန့်ဖြင့် အထပ်သားအခွံခွာ အကြမ်းစက်၊ အထပ်သားအချောစက်၊ ဓားသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့် ရော်ဘာသစ်ပါးလွှာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးခွဲခြားပါကင် ထုပ်ပိုးထားရှိမှုနှင့် ဈေးကွက်တင်ပို့မှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါစက်မှုဇုန်ရှိ Kyaw-3 ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်း၌ အလုပ်သမား ၃၀ ကျော်ဖြင့် တစ်ရက်လျှင်ကုန်ကြမ်းကော်စေ့ နှစ်တန်ခန့်အသုံးပြု ၍ ကော်ပစ္စည်းမျိုးစုံထုတ်လုပ်နေမှုအခြေအနေကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း စွန့်ပစ်ပလတ် စတစ်နှင့် ကော်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်သန့်စင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားသည်။
ဘားအံစက်မှုဇုန်သည် ၉၆၉ ဧကကျယ်ဝန်းပြီး စက်ရုံ၊ အလုပ်ရုံ ၂၉ ရုံ လုပ်ငန်းလည်ပတ်လျက်ရှိကာ တည်ဆောက်ဆဲစက်ရုံ ၁၄ ရုံနှင့် ဒေသခံပြည်သူ အလုပ်သမား ၃၇၀ ခန့်အား အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)