
အုတ်တွင်း ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေနှင့် အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ရန်ပုံငွေများဖြင့် တည်ဆောက်ပြီး ဖွင့်လှစ် လိုက်သည့် အုတ်တွင်းမြို့နယ် မြင်းစု-ထန်းတပင်သွားလမ်းဘေးရှိ ခပေါင်းကျောင်းရှစ်ဆယ်ဈေးသစ်ကြီးကို သြဂုတ် ၁၉ ရက်မှစ၍ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ဈေးသစ်ကြီးသည် ၁ ဒသမ ၅ ဧကကျယ်ဝန်းပြီး ဈေးရုံကြီး ငါးရုံပါဝင်ကာ သားငါးရုံတစ်ရုံပါရှိသည်။ တစ်ရုံလျှင် ဆိုင်ခန်း ၁၆ ခန်း နှင့် ပျံကျဈေးနှင့်ရေတွက်ပါက အခန်းပေါင်း ၁၆၀ ကျော်ပါရှိသည်။ ဈေးရုံကြီးငါးရုံ၏တစ်ခန်းအကျယ်မှာ ရှစ်ပေပတ်လည်နှင့် ပျံကျဈေး တစ်ခန်းအကျယ် အလျား ခြောက်ပေ၊ အနံ ခုနစ်ပေရှိသည်။ ဆိုင်ခန်း လခပေးဆောင်ရန်မလိုဘဲ နေ့ချင်းဈေးခွန် အနည်းငယ်ပေးဆောင်ခြင်း ဖြင့်သာ ရောင်းချနိုင်သဖြင့် ရောင်းချသူများအတွက် ပိုမိုအဆင်ပြေစေ သည်။
ဈေးဆိုင်ခန်းများကို မဲစနစ်ဖြင့် အခမဲ့နေရာချပေးထားသော ကြောင့် ရောင်းချသူများ ကုန်ကျစရိတ်သက်သာသဖြင့် ဈေးနှုန်းချိုသာ စွာ ပြန်လည်ရောင်းချပေးနိုင်သည်။ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းတို့ပေါင်းစပ်ညှိနှိုင်းပြီး ဈေးဖွင့် ချိန်ကို ည ၁၂ နာရီမှ စတင်၍ဖွင့်လှစ်ပေးပြီး ညနေ ၅ နာရီအထိ ရောင်းချနိုင်ကြောင်း သိရသည်။
Lockdownအချိန်များတွင် ကုန်တင် ကုန်ချလုပ်ငန်းများကို လုံခြုံရေးအထူးကြပ်မတ် ဆောင်ရွက်ပေးထား ကြောင်း၊ ကုန်စိမ်း၊ သစ်သီးဝလံ၊ ပန်းမန်၊ စားသုံးကုန်၊ လူသုံးကုန်နှင့် သားငါးများ စသည့်ဒေသထွက်ကုန်များကို အဓိကထား၍ လက်လီ လက်ကားအရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာနယ်နိမိတ်၌ အုတ်တွင်း၊ ကျွဲပွဲ၊ ညောင်ခြေထောက်၊ ကျောင်းရှစ်ဆယ် စသည့်ဒေသကြီးလေးခုပါဝင်ပြီး ကနဦးအနေဖြင့် ယင်းဒေသကြီး လေးခု စားဝတ်နေရေးဖူလုံစေရန်နှင့် နောင် အနယ်နယ် အရပ်ရပ်သို့ ဒေသထွက်ကုန်များကို ဖြန့်ဖြူးရောင်းချနိုင်ရန် ရည်ရွယ် ထားကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယု က ပြောသည်။
အေမင်းရည်စော(ပြန်/ဆက်)