အုတ်တွင်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် သမဝါယမအသင်းသားများအား လောင်စာသုံးမီးဖိုများ ထောက်ပံ့

 

အုတ်တွင်း ဖေဖော်ဝါရီ   ၂၄


ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့တို့  ဦးဆောင်၍ လျှပ်စစ်မီးမရရှိသေးသည့် အင်ဒိုင်း-စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားများအား ယ‌မန်နေ့က Ecoeye မီးဖိုများ ထောက်ပံ့‌ပေးအပ်သည်။

 


အုတ်တွင်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းဦး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့တို့က EXIM Bank ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလအတွင်း  အပြေအကျေပေးဆပ် ဆောင်ရွက်နိုင်ပြီး  လျှပ်စစ်မီးမရရှိသေးသည့်  အင်ဒိုင်း- စိုက်ပျိုးရေးနှင့်   အထွေထွေသမဝါယမအသင်းသား   ၁၀၂   ဦးအား လောင်စာသုံးစွဲမှု သက်သာစေရန်၊  မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့်  သုံးစွဲသူများ ကျန်းမာရေးထိခိုက်မှုနည်းပါးစေရန်  ရည်ရွယ်၍ ကိုရီးယားနိုင်ငံထုတ် Ecoeye မီးဖိုများကို တစ်ဦးချင်းထောက်ပံ့ပေးသည်။

 


အဆိုပါ လောင်စာသုံးမီးဖို၏ အားသာချက်မှာ ကမ္ဘာကြီးပူနွေးခြင်း ကို လျှော့ချခြင်း၊ အိမ်ရှင်မများ မီးခိုးရှူရှိုက်ရမှုကို လျော့နည်းသက်သာ စေခြင်း၊သစ်တောပြုန်းတီးမှုကို လျှော့ချခြင်း၊ မီးလောင်မှုအန္တရာယ်မှ ကင်းဝေးခြင်းနှင့်   ငါးနှစ်အာမခံသက်တမ်းပါရှိပြီး   ကျန်းမာရေးနှင့် ညီညွတ်ကာ လောင်စာသုံးစွဲရမှုသက်သာစေကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။  


အေမင်းရည်စော(ပြန်/ဆက်)