အုတ်တွင်းမြို့နယ်အတွင်း ဆန်စပါးကြိတ်ခွဲနေမှု တာဝန်ရှိသူများစစ်ဆေး

 

အုတ်တွင်း   ဩဂုတ်   ၂၂


ပဲခူးတိုင်းဒေသကြီး   အုတ်တွင်းမြို့နယ် အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှု၊ ဆန် ကြိတ်ခွဲလည်ပတ်နေမှုနှင့်    အထက(ခွဲ) နှစ်ထပ်ကျောင်းဆောင်   ဆောက်လုပ် နေမှုအခြေအနေများကို ဩဂုတ် ၂၁ ရက် က တာဝန်ရှိသူများ  စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့  ဆောင်ရွက်ရာတွင်  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင် နှင့်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီတို့က       အုတ်တွင်းမြို့နယ် ကြက်တက်ညောင်ပင်   ကျေးရွာအုပ်စုရှိ တောင်သူ  ဦးစိုးလေး၏  မိုးစပါးGW–11 ဧက ၂၀  စိုက်ပျိုးထားရှိမှု အခြေအနေ၊ နတ်စင်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်အုန်း၏   မိုးစပါးထိုင်းနှံကောက် ၁၅  ဧက  စိုက်ပျိုးထားရှိမှု  အခြေအနေ ကိုလည်းကောင်း၊        ကြက်သွန်းခင်း (၁)ရပ်ကွက်ရှိ ဦးတရုတ်ကြီးဆန်စက်မှ ဆန်ကြိတ်ခွဲ     လည်ပတ်နေမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ကျောင်းရှစ်ဆယ်ကျေးရွာ အုပ်စု ဟင်းငုတ်ပင် အထက(ခွဲ) နှစ်ထပ် ကျောင်းဆောင်     ဆောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေးပြီး အဆိုပါကျောင်းကို ၂၀၂၂ - ၂၀၂၃  ဘဏ္ဍာနှစ်မှ   စတင် ဆောက်လုပ်ခဲ့ပြီး    ယခုအချိန်ထိ   ၇၀ ရာခိုင်နှုန်း           တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော
(ပြန်/ဆက်)