အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေး ကျင်းပ

 

 

ရန်ကုန်   ဇူလိုင်   ၁၃


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     အဋ္ဌမအကြိမ်    နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ယနေ့ နံနက်  ၈  နာရီတွင်    ရန်ကုန်မြို့   သီရိမင်္ဂလာ   ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။ 
တက်ရောက်ကြည်ညို
အစည်းအဝေးသို့      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့်      နိုင်ငံတော်သံဃမဟာနာယက    ဆရာတော်ကြီးများ၊ သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး  ဦးကိုကို၊    အမြဲတမ်းအတွင်းဝန်    ဦးမြင့်ဦး၊    သာသနာရေးဦးစီးဌာန၊ သာသနာတော်    ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့်    အပြည်ပြည် ဆိုင်ရာ      ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့မှ    တာဝန်ရှိသူများ၊    တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။
သဘာပတိအဖြစ် ဆောင်ရွက်
အစည်းအဝေးတွင်     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာရာ  ဘိဝံသက  သဘာပတိအဖြစ်   ဆောင်ရွက် တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။                  
အခမ်းအနားမှူးဆရာတော်က     အစည်းအဝေး     စတင်ကြောင်းနှင့်    ကြွရောက်တော်မူလာကြသော   နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏    အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်း အဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ က အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယ သြဝါဒကထာ ကို စာမျက်နှာ-၄ တွင် ဖော်ပြထားပါသည်။)
သာသနာရေးဆိုင်ရာများ လျှောက်ထား
ထို့နောက်   ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ 
ယင်းနောက်  သာသနာရေးရာဆိုင်ရာကိစ္စများ၊ ပညာရေးရာဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထား ရာ   တာဝန်ကျအဖွဲ့ခွဲဆရာတော်ကြီးများက  ဝေဖန် ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး တွဲဖက်အကျိုးတော် ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလက အတည်ပြုချက် ရယူကာ ကြွရောက်တော်မူလာကြသည့် ဆရာတော် ကြီးများအားလုံးက    “ဇယန္တော ဗောဓိယာမူလေ” အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အစည်းအဝေး အောင်မြင် စွာ ကျင်းပပြီးစီးခဲ့သည်။
အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ အား    သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို - ဇနီး ဒေါ်တင်တင်ညွန့် မိသားစုက  အရုဏ်ဆွမ်းနှင့်    နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး     လှူဒါန်းမှုအစုစုအတွက်    ရေစက် သွန်းချလှူဒါန်းသည်။    ထို့အတူ     ဦးကျင်ဦး -   ဇနီး ဒေါ်ချောစုလွင်     Popular    Group   မိသားစုတို့က နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ အား ဆေးနှင့်ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်း သည်။ (ယာပုံ)
ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူ
မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ   မန္တလေးမြို့၊     ဗန်းမော်ကျောင်းတိုက် ဆရာတော်      ဒေါက်တာ  ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အကျိုး တော်ဆောင် ဆရာတော်၊ ဒုတိယ ဥက္ကဋ္ဌဆရာတော် များ၊    တွဲဖက်အကျိုးတော်ဆောင်    ဆရာတော်ကြီး (၉)ပါးတို့က မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ COVID-19 ကပ်ရောဂါဘေး ကင်းဝေး ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေး လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန် အောင်မြေအမှန်ဖြစ်သည့်    သီရိမင်္ဂလာ    ကမ္ဘာ အေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ရတနသုတ်၊ မေတ္တသုတ်  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြရာ တာဝန်ရှိ သူများ တက်ရောက်ကြည်ညိုသည်။      သတင်းစဉ်