
ရန်ကုန် ဖေဖော်ဝါရီ ၂၈
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်း အဝေး(ပထမနေ့)ကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌ သင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေး မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ နိုင်ငံ တော် သံဃမဟာနာယက ဆရာ တော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများကို နဝကမ္မအလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းသည်။
အစည်းအဝေးတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က သဘာပတိဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ က အခမ်းအနားမှူး ဆရာတော် အဖြစ် ဆောင်ရွက်တော်မူသည်။
ယင်းနောက် အစည်းအဝေး သို့ ကြွရောက်တော်မူလာကြ သော ဆရာတော်အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော နှစ်ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်း အနားကို ဖွင့်လှစ်တော်မူကြပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော်ကြီးများ၏ ဩဝါဒကထာ များကို နာယူကြသည်။
ထို့နောက် အစည်းအဝေး သဘာပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။
(သာရဏီယ ဩဝါဒကထာ အပြည့်အစုံကို စာမျက်နှာ ၉ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် ၁၃၈၃ ခုနှစ်၊ တပေါင်းလမှ ၁၃၈၄ ခုနှစ်၊ တပေါင်းလအထိ တစ်နှစ်တာ ကာလအတွင်း ပျံလွန်တော် မူသွားကြသော နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများအတွက် သံဝေဂဉာဏ် ပွားတော်မူကြောင်း မှတ်တမ်း တင်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံ တော် ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ နှင့် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများ အတည်ပြု ချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင် ဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ကိုယ်စား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒဝံသာ လင်္ကာရာဘိဝံသက တင်သွင်းလျှောက်ထားသည်။
မွန်းလွဲပိုင်းတွင် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်း ရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါ စာရာ ဘိဝံသက လည်းကောင်း၊ သာသနာရေးရာ ကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရက လည်းကောင်း၊ ပညာရေးရာကဏ္ဍ ကို အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရ က လည်းကောင်း ဖတ်ကြား တင်သွင်းပြီး ပထမနေ့အစည်း အဝေးကို ရပ်နားလိုက်သည်။
ယနေ့ အစည်းအဝေးသို့ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် ရရှိတော်မူသော Most Venerable Prof. Kumburugamuwe Vajira Mahathera ဦးဆောင်သည့် သီရိလင်္ကာနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ဆရာတော်ကြီး သုံးပါးနှင့် အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး JANAKA PRIYA-NTHA BANDARA တို့ လေ့လာ တက်ရောက် ကြည်ညိုခဲ့ကြ ကြောင်းနှင့် အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော ဆရာတော်များကို တစ်နေ့တာဆွမ်း အလှူရှင်အဖြစ် ဦးသိန်းမောင်နှင့် ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေး မိသားစု၊ အမှတ် ၂၄၀၊ ကုန်ဈေးတန်းလမ်း၊ ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်