အတာတန်ခူး နှစ်ကူး မေတ္တာမိုးရေတို့နှင့်အတူ

Type

 

သိန်းထွန်း(IR)

 

အလှချင်းပြိုင်လို့ ဘယ်သူနိုင်


တစ်နှစ်ကူးပြောင်းလို့  တစ်နွေလည်း   ရောက်ခဲ့ ပြန်လေပြီ။ နွေဦးပိတောက်တို့သည် ဟိုဟို သည် သည်မှာ  နှစ်သစ်ကို    ကြိုနှင့်နေကြပါပေါ့လား။ နှစ်သစ်ကူးတိုင်း  သည်ပိတောက်တို့ကို မြင်နေရ သော်လည်း ရိုးမသွားနိုင်၊ လှမြဲလှနေ၏။ တင့်တယ် မြဲ တင့်တယ်နေပါ၏။ ပူပြင်းလှသော နွေနေရှိန် အောက်တွင် ပိတောက်ဝါတို့မှာ  နွေကိုအန်တုလို့ စိမ်းစိုစွာလှနေပါ၏။ သက်ရှိပန်းချီကား တစ်ချပ် သဖွယ် အသက်ဝင်လှသည်။ ဪ… ကြည့်လေ တိုင်း၊ မြင်လေတိုင်း ရိုးမသွားနိုင်သည်က သဘာဝ လောကကြီး၏ လျှို့ဝှက်ချက်ပေများလား မသိ။

 


တစ်နှစ်တစ်ခါပွင့်သည့် ရွှေဝါပိတောက်များ သည် တွေ့မြင်သူတိုင်း၏ရင်ကို လှုပ်ခတ်စေသည် ကတော့ အမှန်ပင်။ ယခင်ကတော့ တစ်နှစ်မှ တစ်လ၊ တစ်လမှာ တစ်ရက်တည်းပွင့်သော ပိတောက်ဟု ဂုဏ်ဝင့်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ ပြီ။ ရာသီတွေလည်း ပြောင်းလဲနေပြီကိုး။ သင်္ကြန်မိုး လည်း မမှန်တော့၊ ပန်းပိတောက်တို့ ပွင့်ချိန်လည်း မမှန်နိုင်ကြတော့။  ပွင့်ချိန်မမှန်သော်လည်း  နွေ ပိတောက်ပန်းများကတော့ ရင်ကို အေးမြစေဆဲပါ။ ဦးဦးဖျားဖျား ပိတောက်ပန်းများကို ဘုရားကပ်ကြ သည်။ လုံမငယ်တို့ မြတ်မြတ်နိုးနိုး ပန်ဆင်ကြသည်။ နှစ်များ   ပြောင်းသွားပေမယ့်   သူ့ရာသီ၊  သူ့အလှ၊ သူ့ဓလေ့များကတော့ အစဉ်အလာမပျက် လှမြဲလှ လျက်၊ ရှင်သန်မြဲ ရှင်သန်လျက်ရှိကြပါ၏။

 


အတာသင်္ကြန်ကာလ နွေရာသီမှာ ပူရှိန်ပြင်းလှ သော်လည်း နွေရာသီကို ချစ်သည်။ နွေရာသီတွင် သဘာဝကြီး၏ထူးခြားသည့်လက်ရာ ပန်းချီစုတ်ချက် များက ခပ်သော့သော့၊  ခပ်ကြမ်းကြမ်း   မဟုတ်။ ကြည့်လေမြင်လေ  တစိမ့်စိမ့်ဖြင့်  ခံစားနိုင်ပါ၏။ နွေဦးလေရူးတို့နှင့်အတူ ရာသီကြို ဥဩငှက်ငယ်တို့ ကလည်း ဝတ္တရားမပျက်၊ လွမ်းတေးသီနေဆဲ။ ဥဩ ငှက်ငယ်၏ လွမ်းတေးသံတို့သည် နွေ၏အလှ၊ နွေ၏ ဘဝကို ပို၍ကြွစေ၏။ ရွက်ကြွေတောမှာ တစ်ကောင် တည်း အဖော်ကမပါ။ နွေနေပူပူအောက် သူ့ဘဝ၊ သူ့အလှ  မဝင့်ထည်ပေမင့်   သူ့အသံကတော့ဖြင့် လူသားတို့၏ရင်ကို လှုပ်ခတ်စေပါ၏။ ကာလသုံးပါး ကို ပေါင်းကူးပေးနေသလား  အောက်မေ့မိသည်။ လွမ်းမောဖွယ် တေးသံတို့သည် ကြားရသူတိုင်း၏ ခံစားမှုအပေါင်းကို သိမ်းကျုံးယူငင်သွားပါပေါ့လား။ ငိုချင်လျက် လက်တို့နေသူများအဖို့ ရှောင်ပြေးလို့ လွတ်နိုင်မည်မထင်။

 


ရာသီအစ နွေ၏နိဒါန်းမှာ ကြည့်လေရာနေရာ တိုင်းတွင် ရွက်ခြောက်တွေ  ကြွေ၊ ရွက်သစ်တွေ ဝေဖို့ ရိုးတံပြိုင်းပြိုင်းဖြင့် လောကဒဏ်ကို စိန်ခေါ် အန်တုနေသယောင်။ နွေဦးတွင် သစ်ပင်ပန်းမန်တို့ တစ်နှစ်တာအတွက် ရွက်ဟောင်းကြွေ၍ ရွက်သစ် များဖြင့် အားမာန်ယူကြသည်။ သစ်ရည်တက်ချိန် ဟုလည်း ဆိုကြ၏။ “လေခ မြေသက်၊ ဈာန်ဝတက် သို့၊ သစ်ရွက်ရော်ရီ ဣန္ဒနီဝယ် ၊ သိင်္ဂီ တဝက်၊ ဖက်၍ ဆေးစုံ၊ ချယ်သောပုံသို့” ဆိုသည့် ရှင်ဥတ္တမကျော် တောလားတွင် နွေသရုပ်ကို ဖော်ထုတ်ပြဆိုထား သည်။ စာဆိုရှင်  စာရေးကြီး   ဦးမောင်ကလေး ကလည်း တပေါင်းလဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ် ဖြင့် နွေအလှကို “မြသွေးအခံ ပင်ယံစိမ်းမှာ၊ ရွှေလိမ်း ပြန်ကြ ဂုဏ်တပြိုင်၊ သွေယိန်းဟန်ပြ ပုံအကိုင်ဝယ်၊ လေသိမ်းမခိုင်ကြွေစလု။ မရီတခါ    ရီတခါငယ် ကလီကမာ ညိုမင်းလွင် သို့စု” ဟု ခြယ်မှုန်းပြန်ပါ၏။
နွေ၏အလှတို့သည် ညွှန်းဆိုဖွဲ့သီ၍ မကုန်နိုင် ပါတကား။ 
သူနိုင်ကိုယ်နိုင် အလှချင်းပြိုင် အနိုင်ကြဲနေကြ လေရော့သလား။

 


အတာကူးသည့်နှစ်ဦးသင်္ကြန်


နွေအလှတို့ဖြင့် လိမ်းခြယ်ထားသော ဂိမှာနရာသီ တွင် ထိုအလှတစ်ပါးကို ပို၍ အသက်ဝင်စေသည်က အတာတန်ခူး  နှစ်ကူးသင်္ကြန်ပင်   မဟုတ်လား။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကြိုဆိုသည့် ရေသဘင် ပွဲတော်လည်း ဖြစ်၏။ ပန်းပိတောက်တွေပွင့်၊ တူးပို့ သံလွင့်လာရင်ဖြင့် တစ်နှစ်တာ ငြိမ်နေသည့် သင်္ကြန် ပိုးများ နိုးထလာလေပြီ။ အသက်တွေကြီးလာသည့် အတွက် ငယ်စဉ်ကကဲ့သို့ တက်ကြွမှုမရှိသော်လည်း ကြည်နူးမှု၊ ကျေနပ်မှု၊ ခံစားမှုတို့ကဖြင့် အဟောင်းက အသစ် ဖြစ်ရပြန်တော့သည်။ သင်္ကြန်ကို  တမ်းတ လွမ်းရသည်က သည်တစ်နှစ်တည်းသာ  မဟုတ်။ နှစ်စဉ်နှစ်တိုင်း သည်အချိန်ရောက်လေတိုင်းပင်။

 


နွေအလှ၊ သင်္ကြန်အလှကို မဟာအတုလမင်းကြီး က တန်ခူးလဘွဲ့လွမ်းချင်းမှာတော့ လွမ်းလှတယ်လို့ ဆိုထားလေရဲ့။ “နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊ စမ္ပယ်ကွန့်ခါ၊ ဗွေအာကာ တွင်၊ ဒေသစာလှမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်း ငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှ တယ်လေး”။ ကဲ ...မလွမ်းဘယ်သူရှိနိုင်မလဲလေ။

 


နှစ်ကူးတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေလောင်းရေပက်၍  သန့်ရှင်းစေသည်ဟု  ဆိုကြ သည်။ မောင်ရင်းနှမ ပျော်ရွှင်စေသည်။ ကုသိုလ်များ ဖြင့်  နှစ်သစ်ကို   ဖြတ်သန်းကြသည်။  စိတ်သစ် ကိုယ်သစ်ဖြင့် မြန်မာ့နှစ်ကူးကို ကြိုဆိုကြသည်။ သို့သော် ခေတ်တွေပြောင်းလို့ သင်္ကြန် ပုံစံများလည်း ပြောင်းလာနေကြလေပြီ။ သပြေခက်နှင့် ရေပက် သည့်သင်္ကြန်အဖြစ်မှ  ရေပိုက်နှင့်   ဖြစ်လာသည်။ တူးပို့နေရာတွင်  ဒီဂျေများ   အစားထိုးလာသည်။ အုန်းလက်မဏ္ဍပ်နေရာတွင်  ကြော်ငြာဆိုင်းဘုတ် များနှင့် စင်မြင့်များ ဖြစ်လာသည်။ သင်္ကြန်မော်ဒန် နိုက်ဇေးရှင်းများလား   မဆိုတတ်တော့။   ရိုးရာ ယဉ်ကျေးမှုရေပွဲတော်မှ ခေတ်မီသင်္ကြန်အဖြစ်သို့ တဖြည်းဖြည်းအသွင်ပြောင်း အစားထိုးလာသည်မှာ ဆယ်စုနှစ်များ ချီနေပါပြီ။  အစဉ်အလာကြီးသော၊ ယဉ်ကျေးသောဓလေ့တို့   တိုက်စားခံနေရပြီလား ဟု စဉ်းစားမိသည်။

 


ရိုးရာယဉ်ကျေးမှုအစဉ်အလာ


မြန်မာ့နှစ်ဦး အတာသင်္ကြန်သည် မြန်မာတို့၏ လှပသိမ်မွေ့သော ရိုးရာအစဉ်အလာတစ်ခု ဖြစ် ပါသည်။   သင်္ကြန်ရေသဘင်ကို     မြန်မာနိုင်ငံ၌ သာမက အိမ်နီးချင်း ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ကျင်းပသည်ကို တွေ့ရ၏။ ထိုင်း နိုင်ငံရေသဘင်ပွဲသည်လည်း မြန်မာ့ ရေသဘင်ပွဲ လိုပင်   ဟိန္ဒူနွေဦးပွဲတော်မှ    စတင်ခဲ့သည်ဟု ဆိုသည်။ မြန်မာ့အတာသင်္ကြန် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃) တွင် နိုင်ငံ၏အဓိကကိုးကွယ်သော ဗုဒ္ဓအယူဝါဒနှင့်တကွ အခြားသော ယဉ်ကျေးမှုဓလေ့ထုံးစံတို့သည်လည်း ဟိန္ဒူအယူဝါဒနှင့်   ယဉ်ကျေးမှုဓလေ့ထုံးစံတို့နှင့် ရောထွေးကာ မြန်မာနိုင်ငံဘက်သို့ ရောက်ခဲ့ကြသည် ဟု ဖော်ပြထားသည်။

 


သင်္ကြန်ရေသဘင်ပွဲတော်ကို မည်သည့်အချိန် တွင် စတင်ကျင်းပခဲ့သည်ဟု အတိအကျမသိရသော် လည်း သင်္ကြန်ပွဲတော်ကို  ပုဂံခေတ်ကတည်းကပင် စတင်ခဲ့ကြောင်း သိရ၏။ သင်္ကြန်ဆိုသည့်  ဝေါဟာရ ကို စောလှဝန်းဘုရားကျောက်စာ (တောင်ဘက်၊ ကျောဘက်)  မြန်မာသက္ကရာဇ် ၆၅၃ (ခရစ်နှစ် ၁၂၉၁) တွင်  “ဝါတွင်းကား၊   သီတင်းတိုင်းလျှင် အထက်ပုစင် ၁၊ တရားဆုလည်း တည်၏၊ မီးဖုန်း၊ သင်္ကြန်၊ စာရေး၊  ညောင်ရေသွန်းမပြတ်စေလျှင် တည်၏” (ပညာရေးဝန်ကြီးဌာန၊  မြန်မာစာအဖွဲ့ ဦးစီးဌာန၊ စာကိုး အဘိဓာန်၊ ၂၀၀၉) ဟု ရေးထိုးထား ကြောင်း တွေ့ရသဖြင့် ပုဂံခေတ်တွင် သင်္ကြန်ပွဲတော် ကျင်းပနေပြီ သိရသည်။ ထိုကျောက်စာကာလနှင့် စတင်တွက်လျှင်ပင်   မြန်မာ့သင်္ကြန်ပွဲတော်မှာ  ယနေ့ဆိုလျှင် နှစ်ပေါင်း ၇၀၀ ကျော်ရှိနေပါပြီ။ ရှည်ကြာလှသည့်  ဒြပ်မဲ့ယဉ်ကျေးမှု   အမွေအနှစ် ပွဲတော် ဖြစ်ပါ၏။ အမျိုးသားယဉ်ကျေးမှုပွဲတော်ဟုလည်း ဆိုနိုင်ပါ၏။

 


အမျိုးသားယဉ်ကျေးမှုနှင့် ခေတ်မီခြင်း 


ထိုသို့သော အမျိုးသားယဉ်ကျေးမှုအစဉ်အလာများကို ရိုးရာမပျက်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် သာ  သင်္ကြန်၏   အဓိပ္ပာယ်နှင့်   အနှစ်သာရများ မပျောက်မပျက် ရှိနေပါလိမ့်မည်။ ပြောင်းလဲလာ သည့် ခေတ်အခြေအနေအောက်တွင် ယဉ်ကျေးမှု တို့သည် ပွန်းပဲ့တိုက်စားခံရကာ ယဉ်ကျေးမှု တန်ဖိုး များလျော့ကျခြင်းနှင့်အတူ ပျက်စီးတိမ်ကောသွား မည်ကို စိုးရိမ်မိပါ၏။ ရိုးရာအမွေအနှစ် အစဉ်အလာ များကို ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအမွေအနှစ်များ ကို ထိန်းသိမ်းခြင်းနှင့်  ခေတ်မီခြင်း  အကြားတွင် ခပ်ပါးပါး စည်းတစ်ခုသာ ခြားထားသည်ဟု ခံစား ရမိသည်။ ပုဂံရှေးဟောင်းဘုရားများနှင့်ပတ်သက်၍ သမိုင်းပညာရှင်တစ်ဦး၏   အင်တာဗျူးအဖြေကို မှတ်သားဖူးသည်။   “ပုဂံရှေးဟောင်းဘုရားတွေ ပျက်စီးနေလို့ဆိုပြီး ပြင်လိုက်ရင် အသစ်တွေပဲဖြစ် သွားမယ်၊ အဲဒါ ရှေးဟောင်းပစ္စည်း မဟုတ်တော့ဘူး၊ အသစ်ပြင်တာထက် ရှေးဟောင်းပစ္စည်းတွေကို နဂို ရှိရင်းအတိုင်း  မပျောက်မပျက်အောင်   ထိန်းသိမ်း ကာကွယ်မှ ရှေးဟောင်းပစ္စည်းဖြစ်တယ်လို့” ဖြေကြား ခဲ့သည်ကို မှတ်သားနားထောင်ခဲ့ဖူးပါ၏။ ရိုးရာ အစဉ်အလာ ထိန်းသိမ်းခြင်းသည်လည်း အလားတူ ပင်။ အထူးသဖြင့်  ဒြပ်မဲ့ယဉ်ကျေးမှုအစဉ်အလာ များသည် သတိမထားမိပါက ခေတ်၏တိုက်စားခြင်း ခံရပြီး တန်ဖိုးများလျော့ကျခြင်း၊ အသွင်ပုံစံပြောင်းလဲ ခြင်း၊ အစဉ်အလာများ တိမ်ကောပျောက်ကွယ်ခြင်း တို့ ဖြစ်လာနိုင်ပါ၏။ ထိုသို့ဆိုခြင်းသည် ခေတ်မီခြင်း၊ တိုးတက်ခြင်း၊ တီထွင်ဖန်တီးခြင်းတို့ကို ပစ်ပယ်လို ခြင်းမဟုတ်ပါ။  ယဉ်ကျေးမှုနှင့်   အစဉ်အလာကို မထိခိုက်သောခေတ်မီခြင်းကို ဆိုလိုခြင်းသာ ဖြစ်၏။

 


မြန်မာ့ရိုးရာအတာသင်္ကြန်ဆိုသည်မှာလည်း ရေပက်ကစားသည့် ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပိုသော တန်ဖိုးနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ကိန်းအောင်း နေပါသည်။ ဘာသာရေးအားဖြင့်ဖြစ်စေ၊ ယဉ်ကျေးမှု အားဖြင့်ဖြစ်စေ၊ အစဉ်အလာဓလေ့အားဖြင့်ဖြစ်စေ မည်မျှမြတ်နိုးတန်ဖိုးထားဖို့ကောင်းသည်မှာ ကြုံဖူး သူတိုင်း သိနိုင်ပါလိမ့်မည်။

 


နှစ်သစ်နှင့်အတူ


ဤသို့သော   ယဉ်ကျေးမှုအတာသင်္ကြန်ကို ငယ်စဉ်တောင်ကျေး ကလေးဘဝကပင်   တစ်နှစ် တစ်ခါကြုံခဲ့ရသည်။ ပျော်ရွှင်ခဲ့ရ၏။ နွေဦးပေါက် လျှင် မျှော်ရပါပြီ။ စိတ်ကူးတို့နှင့်ပင် အပျော်စိတ်များ ဝင်လာသည်။ ပျော်လို့မဝခင် သင်္ကြန်ပြီးဆုံးသွားပြန် တော့ နောက်နှစ်သင်္ကြန်ကို မျှော်ရပြန်သည်။ ယခင် ကတော့ သင်္ကြန်ချိန်တွင် ရေကစားရမည်၊ ပျော်ရ မည်၊ အလှူဒါနပြုကြမည်၊ ကောင်းမှုကုသိုလ်ယူကြ မည်ဆိုသည့် အတွေးထက်မပိုခဲ့ဖူးပါ။

 


ယခုမူ  ထိုထက်   ပိုတွေးစရာများ    ရှိလာနေပါပြီ။ တစ်နှစ်ကုန်တော့ အသက်တွေ တစ်နှစ်ကြီးခဲ့ပြန် ပြီပေါ့။ နှစ်ဟောင်းတစ်နှစ်တာကို ငဲ့စောင်းကြည့်မိ သည်။ ကုသိုလ်တွေ၊ အကုသိုလ်တွေ ရောပြွန်းစွာ တွေ့ရသည်။ အချို့သည်  မသဲမကွဲ၊   အချို့သည် ထင်ထင်ရှားရှား။  နှစ်သစ်တွင်   ယူသွားရမည့် အရာများ၊ ပြုပြင်ရမည်များ၊ ချန်ထားခဲ့ရမည်များ  များပြားလွန်းသည်။  နှစ်သစ်ဆိုသည့် အဓိပ္ပာယ် နှင့်အညီ စိတ်သစ်၊  အတွေးသစ်၊  အမြင်သစ်များ ကို  မျှော်မှန်းမိသည်။    ရာသီတွေ၊   နှစ်တွေ ပြောင်းလဲခဲ့ပေမယ့် မပြောင်းလဲသည်က ကိုယ်တိုင် ဖြစ်နေမလား ဆင်ခြင်မိ၏။ ပြောင်းလဲခြင်း သဘော တွင် မပြောင်းလဲသည်က အနိစ္စပင်။ ဒီရုပ်၊ ဒီခန္ဓာ ကြီးသည် တစ်နေ့ အိုရဦးမည်၊ နာရဦးမည်၊ သေရ ပေဦးမည်။ မည်သူများ တားဆီးနိုင်ပါမည်နည်း။

 


မသေခင် အိုရ၊ နာရမည့် အရေးများကလည်း အသင့်စောင့်လို့ နေပါ၏။ အို၊ နာ၊ သေဘေး မတွေ့ ခင်ကတော့ ငါနှင့်ငါသာ နှိုင်းစရာမရှိဟု ထင်မှတ် ယူကာ သင်္ခါရအရေး တွေးစရာလို့ပင် မထင်မိခဲ့။ နှစ်တွေပြောင်းလို့ အသစ်တွေက အဟောင်းဖြစ်၊ စိတ်လိုရာမဖြစ်တော့သည့် ဇရာအချိန်တွင် ခလုတ် ထိမှ အမိ “တ” သော်လည်း အတိတ်တို့သည် ပြန်မရ နိုင်တော့။ လက်ဗလာနှင့် သံသရာကို ဘာတွေများ ယူသွားကြမည်နည်း။  နှစ်သစ်မှာရော  ဘာတွေ ယူသွားကြမည်နည်း။ အတွေးတို့သည်  ဝေဝါး လွန်းလှ၏။

 


မေတ္တာဖျန်းလို့ လန်းစေလို


နွေအလှ၊ အတာသင်္ကြန်အလှ၊ ဘဝအတွေး များနှင့်  လွမ်းမောတွေဝေနေဆဲတွင်   တစ်ချက် တစ်ချက် အဝေးမှလွင့်ပျံ့လာသော သင်္ကြန်သီချင်းသံ က အတွေးများကို ပိုမိုခံစားချက်ဝင်စေသလိုပင်။ သည်ရာသီ၊ သည်အချိန်မှာ သည်သီချင်းများက လိုက်ဖက်ညီလွန်းလှ၏။ ညင်သာစွာ လွင့်ပျံ့လာ သော သီချင်းသံမှာ အဆိုတော်ကြီး (ဒေါ်) မြဝတ်ရည် သီဆိုထားသည့် နွေမှာရွာသောမိုး ...။ ငယ်စဉ်ကပင် ရင်းနှီးခဲ့သော်လည်း ယနေ့ထက်တိုင် မရိုးနိုင်သော သီချင်းပင်။

 


နွေမှာရွာသော .. မေတ္တာမိုးကလေး  အေးမြ ကြည်လင် .. ယမင်းရွှေစင် မေတ္တာမိုးရေဖျန်း ပက်လို့ ပင် ...  တစ်ပြည်လုံးအေးချမ်းစေကြောင်း   ဆုချွေ တေးသံလွင် ... ညင်းလေနှော့နှော့ကာသွေး  ပန်း ပိတောက်ရွှေရည် ထုံကြည်မွှေးရင် ...  ခါနွေသဘင် နုယဉ်ကျေးကျေး ကြည်အေးလန်းရွှင် ... ပန်းပေါင်း ဝေဆာ ပွင့်ရှာစုံလင် ... မေတ္တာသည်မိုးရေ ... ယမင်း ရွှေစင် ဖျန်းပေးပါမယ်ရှင် …

 


မေတ္တာမိုးရေ ဖျန်းပေးမည် ဆိုပါလား။ ဖျန်းကြ ပါစေ။ မေတ္တာမိုးရေ   ရွှဲရွှဲစိုအောင်   ဖျန်းပေးစေ ချင်ပါ၏။ ခြောက်သွေ့နေသည့် လောကဓာတ် တစ်ခုလုံး မေတ္တာမိုးရေဖြင့် လန်းရွှင်ကြစေလို လှပါ ၏။       ။