ဖနောင်ပင် ဇွန် ၃၀
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အဝတ်အထည်နှင့် အထည်အလိပ်ကဏ္ဍ မဟုတ်သည့် အခြားကဏ္ဍများမှ ၁၅ ရာခိုင် နှုန်း၊ လယ်ယာထုတ်ကုန်ကဏ္ဍမှ ၁၂ ရာခိုင် နှုန်း ရရှိရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
အထည်အလိပ်ကဏ္ဍသည် ကမ္ဘောဒီးယား နိုင်ငံ တင်ပို့မှုအားလုံး၏ ၈၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ GDP ၏ ၃၀ ရာခိုင်နှုန်းအထိရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ် သမား ရှစ်သိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသော ကဏ္ဍဖြစ်သည်။ ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေသည်လည်း နိုင်ငံ GDP ၏ ၁၂ ရာခိုင် နှုန်း ရှိကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ တွင် ကိုရီးယားကုန်ထုတ်လုပ်ငန်းရှင်ပေါင်း ၃၀၀ ကျော်ခန့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အများစုမှာ အိတ်၊ ဖိနပ်၊ အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာ၊ သစ်သီးနှင့် ပီလောပီနံဥများပါဝင်သည့် လယ်ယာထုတ် ကုန်ကြမ်းများသာမက လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများကို ကိုရီးယား နိုင်ငံသို့တင်ပို့လျက်ရှိပြီး အဆင့်မြင့်နည်းပညာ များဖြင့် အဆင့်မြင့် အီလက်ထရွန်နစ်နှင့် တပ်ဆင်ပြီး ကုန်စည်များ ပိုမိုထုတ်လုပ်နိုင် ရန်လည်း ကိုရီးယားနိုင်ငံသည် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။ ယခင်နှစ် များကတည်းက ချမှတ်ဆောင်ရွက်လျက်ရှိ သော ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများကြောင့် ကိုရီးယား နိုင်ငံမှ ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်များမှာ လုပ်သာကိုင်သာရှိလာကြမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဦးစားပေးကဏ္ဍ ၁၉ ခုတွင် အရင်းအနှီးများ သော စီမံကိန်းများ လုပ်ကိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် လုပ်ငန်းရှင်များ သည် ဝင်ငွေခွန်ကင်းလွတ်ခွင့်များ၊ သီးခြား တန်ဖိုးလျှော့ခြင်း လုပ်ငန်းစဉ်များဖြင့် ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုမည့် ကာလ ရှည်ပိုင်ဆိုင်မှုများအပေါ်ပေးအပ်မည့် အထူး တန်ဖိုးလျှော့ ထောက်ပံ့ကြေးများ၊ ကုန်စည် တင်ပို့ခြင်းဆိုင်ရာ အကောက်ခွန်ကင်းလွတ် ခွင့်များ ပေးအပ်မည်ဖြစ်သည်။
ကမ္ဘောဒီးယားအစိုးရ၏ ပြုပြင် ပြောင်းလဲမှုများက နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း ကို မြင့်မားစေသည့်အပြင် ၂၀၃၀ ပြည့်နှစ် တွင် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံ ဖြစ်လာရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့် နိုင်ငံ ဖြစ်လာရန် ရည်မှန်းထားသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊



