
တွေ့ဆုံမေးမြန်း-ဇေယျာဝင်း(ခရိုင်ပြန်/ဆက်)၊ ဓာတ်ပုံ - ဒီဇိုင်း(ရတနာမြေ)၊ ဟန်ထွန်း(အင်းဝ)
ခန္တီးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူး ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြအပ်ပါသည် -
မေး ။ ။ ကျောင်းများပြန်ဖွင့်ချိန်မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုကို သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ အခြေခံပညာကျောင်းတွေ ကို ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။ မဖွင့်မီမှာ ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးချင်တဲ့အတွက် အောက်တိုဘာလမှာစပြီး ပထမအကြိမ်ထိုးဖို့ စီစဉ်ထားပါတယ်။ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေဖြစ်တဲ့အတွက် စာရင်းဇယား အတိအကျရရှိဖို့ သက်ဆိုင်ရာ မြို့နယ်တွေကိုလည်း ဒီစာရင်းတွေ ကောက်ဖို့ အတွက် လမ်းညွှန်ပြီးပါပြီ။ နောက်တစ်ခါ ကျွန်တော် တို့ဆေးထိုးတဲ့အခါမှာ အစိုးရကျောင်းတွေတင် မဟုတ်ဘဲနဲ့ ကျန်တဲ့ဘုန်းတော်ကြီးကျောင်းက ကလေးတွေ၊ ကိုယ်ပိုင်ကျောင်းက ကလေးတွေ အားလုံး အကျုံးဝင်နိုင်ရေးအတွက်လည်း မြို့နယ် တွေကို စာရင်းပြုစုခိုင်းထားပါတယ်။ နောက်တစ်ခုက မိဘတွေရဲ့ခွင့်ပြုချက် ပါရမယ်ဆိုတဲ့အတွက် ဒီကလေးတွေကို သက်ဆိုင်ရာ ပညာရေးမှူးတွေနဲ့ သက်ဆိုင်ရာ အခြေစိုက်ကျောင်းက ဆရာ ဆရာမ ကြီးတွေ၊ ကျောင်းအုပ်ကြီးတွေ အားလုံးကို ကျောင်းသားမိဘတွေကို အသိပေးဆောင်ရွက်ဖို့ ၊ ခွင့်ပြုချက်ယူထားဖို့၊ နောက်တစ်ခါ ဒီကာကွယ် ဆေးထိုးလုပ်ငန်းတွေကိုလည်း မိဘတွေအထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် စီမံဆောင်ရွက်ထား ပါတယ်။
နောက်တစ်ခုက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပညာရေးမှူးတွေနဲ့ ညှိပြီးတော့ သွားရေး လာရေးအဆင်ပြေရမယ်။ လုံခြုံရေးအခြေအနေအရ လည်းကောင်းရမယ်။ ဒီလိုနေရာလေးတွေကို စုပြီးတော့ ဆေးထိုးစုရပ်လေးလုပ်ဖို့လည်း စီစဉ် ဆောင်ရွက်ထားရှိပါတယ်။ ဒီကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေမှာလည်း ကျောင်းအုပ်ကြီးတွေ၊ ဆရာ ဆရာမတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လမ်းညွှန် ထားပါတယ်။ ကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်အရ ပထမတစ်ကြိမ် ဆေးထိုးမယ့်ရက်ကတော့ အောက်တိုဘာ ၁၀ ရက်လောက်ကို ခန့်မှန်းထား ပါတယ်။
မေး ။ ။ ခန္တီးခရိုင်အတွင်းမှာရှိတဲ့ ကျောင်းအရေ အတွက်နဲ့ ၁၂နှစ်နဲ့ အထက်ကျောင်းသား ဦးရေ ဘယ်လောက်ရှိလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ကျောင်းက ပြီးခဲ့တဲ့ဇွန်လ မှာ ကျောင်းဖွင့်ထားတော့ အဲဒီတုန်းက ကျောင်းဖွင့်တဲ့စာရင်းအရ ခန္တီးခရိုင်က ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီး၊ လဟယ်၊ နန်းယွန်းတို့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုလုံးပေါင်းပြီး ဆောင်ရွက်ရတာဖြစ်တယ်။ ကျွန်တော်တို့ ခန္တီးခရိုင် အနေနဲ့ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဇွန်လမှာ ကျောင်း ပေါင်း ၂၄၃ ကျောင်း ဖွင့်ထားပါတယ်။ နာဂဒေသမှာ လေရှီး၊ လဟယ်၊ နန်းယွန်း ၂၆၄ ကျောင်း ဖွင့်ထား ပါတယ်။ ဇွန်လမှာ ကျောင်းအပ်ထားတဲ့ ကျောင်းသား စာရင်းအရ ခန္တီးနဲ့ ဟုမ္မလင်း နှစ်မြို့နယ်ကတော့ ကျောင်းသားပေါင်း ၁၄၃၁ ဦး၊ နာဂဒေသ သုံးမြို့နယ် ကတော့ ၃၈၂၁ ဦးတို့ ဖြစ်ပါတယ်။ သို့သော် ဒါကတော့ နောက်ဆက်တွဲလည်း တိုးရင်တိုးလာနိုင်သေး တယ်ပေါ့။ ဒါကတော့ အကြမ်းဖျင်း ကျောင်းသား စာရင်း ဖြစ်ပါတယ်။
မေး ။ ။ ခန္တီးခရိုင်အတွင်းမှာ ၁၂ နှစ်အထက် ကျောင်းသားအရေအတွက်က ဆရာကြီး ပြောခဲ့သလို စာရင်းအတိုင်းပဲလားခင်ဗျာ။
ဖြေ ။ ။ ဟုတ်ကဲ့။ ၁၂ နှစ်အထက်ကတော့ ကျွန်တော်တို့က ၁၂ နှစ်အထက်ကို ဘာကိုအခြေခံကောက်လည်းဆိုတော့ အလယ် တန်းနဲ့ အထက်တန်းကို အခြေခံပြီးတော့ ကောက် တယ်။ ကျွန်တော်တို့ဒေသက ဝေးလံဒေသဖြစ်တဲ့ အတွက် တစ်ခါတလေ မူလတန်းကလေးတွေ ကလည်း ဥပမာ ၁၂ နှစ်ကျော်သွားတာဖြစ်နိုင်တယ်။ ဒါကြောင့် မွေးသက္ကရာဇ်တွေနဲ့ စာရင်းတောင်းထား တယ်။ မွေးသက္ကရာဇ်ကြည့်ပြီး ၁၂ နှစ်ကျော်ရင်တော့ သူတို့ကိုလည်း ထိုးခွင့်ရဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ဆရာကြီးအနေနဲ့ ဖြည့်စွက် ပြောကြား ချင်တာရှိရင် ပြောကြားပေးပါခင်ဗျာ။
ဖြေ ။ ။ ဒီဆေးထိုးခြင်းလုပ်ငန်းကို နိုင်ငံ အနှံ့အပြားမှာလည်း ထိုးနေပါပြီ။ အထူးသဖြင့် ကျွန်တော်တို့ ကျောင်းသားတွေက ပိုထိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်း ဖွင့်မယ်ဆိုရင် ကျောင်းက ကိုဗစ်စည်းမျဉ်းအရ ခြောက်ပေခြားဆိုသော်လည်း ကလေးတွေက ဒီကျောင်းမှာ တစ်နေရာတည်းမှာ စုရပ်လိုဖြစ်နေ တယ်။ ကျောင်းဖွင့်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ က တစ်ပတ်ကို ငါးရက် ပုံမှန်တက်ရမယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ပညာရေးမှာ ကျောင်းတွေစဖွင့် ကတည်းက နှာခေါင်းစည်း၊ မျက်နှာအကာ အကုန် လုံး ကျောင်းတွေအရောက် အပြည့်အစုံဖြန့်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ခရိုင်မှာလည်း အရန်သင့်ရှိပါ တယ်။ သို့သော် လူအများစုနဲ့ နေ့စဉ်တက်ရမှာ ဖြစ်တဲ့အတွက် ဒီကလေးတွေအနေနဲ့လည်း ဒီဆေး ကို ထိုးသင့်တယ်လို့ ကျွန်တော်က ယူဆပါတယ်။ မိဘတွေအနေနဲ့လည်း ကျွန်တော်က မေတ္တာရပ်ခံချင် တာကတော့ သူတို့ရဲ့ ခွင့်ပြုချက်လိုနေတယ်။ ကိုယ့်သားသမီး ရောဂါမကူးစက်ရေး ကိုယ့်အသိ တရားလေးနဲ့ ထိုးသွားမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကို ကာကွယ်နိုင်မှာဖြစ်တဲ့အတွက် ကျောင်းသား တွေရော၊ မိဘတွေပါ ကိုယ်တိုင်လည်း ထိုးကြပါ။ ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းမှာလည်း တက်တက် ကြွကြွ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ။