
ဟာရာရီ ဩဂုတ် ၂၆
ဇင်ဘာဘွေနိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းကို အရှိန်မြှင့်တင်သည့်အနေဖြင့် နိုင်ငံအတွင်းရှိ အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း ယနေ့ ကြေညာသည်။
လက်ရှိအချိန်၌ နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။ ယခုကဲ့သို့ နိုင်ငံအတွင်း ရှိ အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ် ကို ဆေးသိပ္ပံပညာရှင်များ၏ အကြံပေး ချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး မော်နီကာမုဗန်ဝါက မီဒီယာရှင်းလင်းပွဲတွင် ပြောကြားသည်။
နိုင်ငံအတွင်းမူလက အသွားအလာ ကန့်သတ်မှုအရ ပိတ်ထားခဲ့သည့် ကျောင်းများအား စာမေးပွဲဖြေဆိုမည့် အတန်းများအတွက် ဩဂုတ် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး မြို့တွင်းတွင် ကျောင်းသားများအား သယ်ယူပို့ဆောင် ခြင်းကို လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း များက ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မူလကချမှတ်ထား သည့် ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာ ကန့်သတ်မှုများကို လာမည့် သီတင်း နှစ်ပတ်အထိ တိုးမြှင့်ပြီး ယခုကဲ့သို့ အချိန် တိုးမြှင့်ရခြင်းမှာ နိုင်ငံအတွင်း ဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ကို ထိန်းချုပ်ရန်အတွက်ဖြစ်သည်ဟု မုဗန်ဝါက ပြောကြားသည်။ ဇင်ဘာဘွေ နိုင်ငံအနေဖြင့် လာမည့်လအတွင်း ဝယ်ယူ ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၂ ဒသမ ၅ သန်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ COVAX အစီအစဉ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၉၄၃၂၀၀ ကို ရရှိမည်ဖြစ်သည်။ ၁၅၀၆၄၄၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ အပြည့်အဝထိုးနှံမှုခံယူပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-စီဂျီတီအင်န်
ဘာသာပြန်-စိုးသူရ