Asian Games နှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ထောက်ပံ့ပေးနိုင်ရေးဆွေးနွေး

နေပြည်တော်   နိုဝင်ဘာ   ၉


Asian Games နှင့် SEA Games   ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့်   အသက် ၆၀ နှင့်အထက် အားကစားသမားဟောင်းများကို  လစဉ်ထောက်ပံ့ ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး      စီမံဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း။


ဆွေးနွေးချက်များအရ  အသက် ၆၀ နှင့်အထက် အားကစားသမားဟောင်းများကို  လစဉ်ထောက်ပံ့ ပေးရာတွင် Asian Games တွင် ရွှေတံဆိပ် ရရှိသူများ၊ ငွေတံဆိပ်ရရှိသူများ၊       ကြေးတံဆိပ်ရရှိသူများ၊ SEA Games တွင်  ရွှေတံဆိပ် ၁၀ ခုနှင့် အထက်ရရှိသူ များ၊  ငါးခုမှ ကိုးခုအထိရရှိသူများ၊ တစ်ခုမှ လေးခု အထိ ရရှိသူများစသည်ဖြင့် အဆင့်များ ခွဲထားပြီး ငွေကြေးလျာထားတွက်ချက်မှုကို      နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ရာ တွက်ချက် မှုများအရ အသက် ၆၀ နှင့်အထက် Asian Games တွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သူများကို နှစ်သိန်းနှုန်း၊ ငွေတံဆိပ်တစ်ခုရရှိခဲ့သူများကို   တစ်သိန်းခွဲနှုန်း၊ ကြေးတံဆိပ်  တစ်ခုရရှိခဲ့သူများကို  တစ်သိန်းနှုန်း ထောက်ပံ့ပေးပါက ရွှေတံဆိပ်ရရှိသူ ၁၄ ဦး၊ ငွေတံဆိပ် ရရှိသူ ငါးဦး၊ ကြေးတံဆိပ်ရရှိသူ ခုနစ်ဦး စုစုပေါင်း ၂၆ ဦးနှင့် SEA Games တွင်  ရွှေတံဆိပ် ၁၀ ခုနှင့် အထက်ရရှိသူကို တစ်သိန်းခွဲနှုန်း၊ ငါးခုမှ ကိုးခုအထိ ရရှိသူကို တစ်သိန်းနှုန်း၊ တစ်ခုမှ လေးခုအထိရရှိသူကို ခုနစ်သောင်းနှုန်း၊ ငွေတံဆိပ် တစ်ခုကို ငါးသောင်းနှုန်း၊ ကြေးတံဆိပ် တစ်ခုကို သုံးသောင်းနှုန်း သတ်မှတ်ခဲ့ ကာ SEA Games တွင် ရွှေ၊ ငွေ၊ ကြေးရရှိခဲ့သူ ၂၄၈ ဦးရှိပြီး Asian Games နှင့် SEA Games တွင် စုစုပေါင်း   ဆုတံဆိပ်ရရှိသူ ၂၇၄ ဦး  ထည့်သွင်း တွက်ချက်ခဲ့ကြောင်း၊ ဆုရရှိသည့် အားကစားသမား များ သက်ရှိထင်ရှား ရှိ၊ မရှိ အဖွဲ့ချုပ်များနှင့်ဆက်သွယ် ခဲ့ရာ   ကွယ်လွန်သူ ၂၅ ဦးရှိကြောင်း  သိရှိရပြီး ထောက်ပံ့ကြေးပေးရန် စုစုပေါင်း ၂၄၉ ဦးသာ ကျန် ကြောင်း၊ အဆိုပါ ၂၄၉ ဦးအတွက် တစ်လလျှင် ၁၆ ဒသမ ၅၉ သန်းဖြင့် မတ်လအထိ ၉၉ ဒသမ ၅၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း၊   ခြောက်လ  ဘတ်ဂျက်ငွေ အဖြစ် ၁၁၃ ဒသမ ၄ သန်း တွက်ချက်ပါရှိထားပြီး ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးပေးမည့်သူများထဲမှ ပြည်ပရောက်ရှိနေသူ၊ သာသနာ့ဘောင်ရောက်ရှိနေ သူ၊ အဆက်အသွယ်မရရှိသူ ၂၂ ဦးပါဝင်ကြောင်းနှင့် ၎င်းတို့အတွက် ၁၆ သိန်း ၅ သောင်း   ထည့်သွင်း တွက်ချက်ထားပါကြောင်း ပြောကြားသည်။


ယင်းနောက်   စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက   နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားဟောင်းများအား ချီးမြှင့် ငွေပေးရာတွင်  နိုင်ငံတော်  အကြီးအကဲအနေဖြင့် တစ်လုံးတစ်ခဲတည်းပေးပါက  တစ်ခဏတည်းကုန်သွား နိုင်သဖြင့်  လစဉ်ထောက်ပံ့ပေးမည်ဆိုပါက   ပိုမို ကောင်းမွန်ကြောင်း၊ ထောက်ပံ့ပေးမည့်အစီအစဉ်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြန်လည် တင်ပြပေးရန်လိုအပ်ပါကြောင်း၊ တိုင်းပြည်အတွက် ဂုဏ်ဆောင်ခဲ့သူများ သက်ရှိထင်ရှား ရှိ၊ မရှိ အထောက် အထားတိတိကျကျဖြင့်      တွက်ချက်တင်ပြရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် သေချာ တွက်ချက်အတည်ပြုချက်ရယူပြီး   သက်ဆိုင်ရာ ခေါင်းစဉ်မှ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ပေးအပ်ချီးမြှင့် သုံးစွဲသွားရန်လိုကြောင်း၊ ယခုကဲ့သို့ ချီးမြှင့်ခြင်းဖြင့် လက်ရှိ အားကစားသမားများအတွက် ကြိုးစားချင်စိတ်များ၊ စိတ်ဓာတ်များ မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း၊ နောင် ထပ်မံဆုရရှိသည့် အားကစား သမားများကို ခေတ်ကာလနှင့်အညီ ထောက်ပံ့မှုနှုန်း ထားများ ပြောင်းလဲခြင်းများ၊  ပြင်ဆင်ဆောင်ရွက်ရန် စီမံထားရှိရန်လိုအပ်ပါကြောင်း၊ ထောက်ပံ့ကြေးများ ကို ပြည်တွင်းနေထိုင်သူများအပြင် ပြည်ပနေထိုင်သူ များကို ပေး၊ မပေး ထည့်သွင်းစဉ်းစားရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍    ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် ရသုံးမှန်းခြေငွေစားရင်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါ်သီတာထွန်းတို့က ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။        

သတင်းစဉ်