
နေပြည်တော် ဒီဇင်ဘာ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အဆင့်(၈၂)နေရာတွင် ရပ်တည်နေ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ကမ္ဘာ့ တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံ သည် နိုင်ငံ(၈၄)နိုင်ငံအနက် အဆင့်(၈၂)နေရာတွင် ရပ်တည်နေပြီး ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ အညွှန်းကိန်းကို အညွှန်း ကိန်း (၄)ခုဖြင့် တိုင်းတာရာတွင် အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှု ရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်တို့ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အချက်များထဲမှ အဓိကအချက် (၁) ခု ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အား ကြီးနေသမျှ တရားဝင် လုပ်ကိုင်သောလုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း၊ နယ်စပ်ကုန်သွယ်မှု ပမာဏ လျော့ကျခြင်းသည် တရားမဝင်ကုန်သွယ်မှု နှင့် ဆက်စပ်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာ နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်မှု ကိန်းဂဏန်းများကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် တရားမဝင်ကုန်သွယ်မှုများမှာ များစွာကွာဟမှုများ ရှိသည်ကို တွေ့ရကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချ နိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာသည့် အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများကို ထိထိ ရောက်ရောက် တားဆီးဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်း ဆွေးနွေး
ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြ သည့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်နိုင်မည့် မူဝါဒများ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ၊ စီမံချက်များနှင့် ရေတိုရေရှည် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များကို ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးပေးကြ စေလိုကြောင်း၊ ကဏ္ဍတစ်ခုချင်းစီအပေါ် အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်း ကော်မတီများ၊ ဆပ်ကော်မတီများနှင့် အထူးလုပ်ငန်း အဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်သည့် အပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့်လည်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် တားဆီးသွားရန် လိုအပ်မည်ဖြစ်ကြောင်း။
မိမိတို့ လက်ရှိတာဝန်ယူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်စွဲပါ အမိန့်အမှတ် ၈၁/၂၀၂၁ ဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏လုပ်ငန်းတာဝန်များ အပိုဒ် (၂)၊ အပိုဒ်ခွဲ (စ) တွင် တရားမဝင်ကုန်သွယ်မှု မဖြစ်ပေါ်စေရေး အတွက် အလေးထား၍ စီစဉ်ဆောင်ရွက်ရန် သတ်မှတ် ပြဋ္ဌာန်းထားရှိကြောင်း၊ ထို့ပြင် အမိန့်အမှတ် ၈၃/၂၀၂၁ ဖြင့် ဖွဲ့စည်းသည့် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များ အပိုဒ် (၁၆) အပိုဒ်ခွဲ (ဃဃ)တွင် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းထားရှိကြောင်း။
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများကို စစ်ဆေးတွေ့ရှိပါက ဖော်ထုတ် ပေးခြင်း၊ ထိရောက်စွာ အရေးယူခြင်းဖြင့် ကုန်သည် များ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီး ကုန်သွယ်မှုပမာဏများ တိုးတက် ကာ နိုင်ငံတော်၏ အခွန်ဘဏ္ဍာများလည်း တိုးတက် ရရှိလာမည်ဖြစ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဈေးကွက်အတွင်း တရားမျှတစွာ ဖြင့် ယှဉ်ပြိုင်လာစေခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေး ကဏ္ဍများမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ တစ်ဖက်မှလည်း တရားမဝင် ကုန်သွယ်မှု များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားရန် လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း စုံစမ်း ထောက်လှမ်း ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများကို သတ်မှတ်ရာခိုင်နှုန်းဖြင့် ဆုကြေးချီးမြှင့်ခြင်း၊ သတင်းပေးသူအား ဆုကြေးချီးမြှင့်ခြင်း၊ သတင်းပေး သူမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေသို့ ပေးသွင်းစေခြင်း တို့ကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
လက်ရှိအနေဖြင့် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် မြဝတီ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာနမှ ဦးစီး၍ ဆက်စပ်ဝန်ကြီးဌာန (OSS) ဌာနများဖြင့် တရားမဝင်သယ်ဆောင်မှုများကို တားဆီးစစ်ဆေးလျက်ရှိကြောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (မေလ) အထိ ခန့်မှန်း ငါးနှစ်တာကာလအတွင်းတွင် အမှုတွဲ ၄၀၉၂ မှု၊ တန်ဖိုးငွေကျပ်သန်းပေါင်း ၁၉,၂၀၆ ဒသမ ၄၉၉ နှင့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ မေလအထိ အမှုတွဲ ၂၇၄၉ မှု၊ တန်ဖိုးငွေကျပ်သန်းပေါင်း ၂၇,၂၈၁ ဒသမ ၇၈၉ ဖမ်းဆီးရမိခဲ့ကြောင်း။
ဖမ်းဆီးရမိ
အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ယခင်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ မှလည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ခန့်မှန်းကာလ သုံးနှစ် လေးလ အတွင်း၌ အမှုတွဲပေါင်း ၁၀၁၉၃ မှု တန်ဖိုးငွေကျပ်သန်း ပေါင်း ၆၉,၆၆၃ ဖမ်းဆီးရမိခဲ့ကြောင်း၊ သုံးနှစ်တာ ကာလအတွင်း အမှုတွဲ တစ်နှစ်ကို ပျမ်းမျှ ၃၃၉၇ မှု နှင့် တန်ဖိုးငွေကျပ် ၂၃၂၂၁ သန်း ဖမ်းဆီးရမိကြောင်း၊ မိမိတို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဖွဲ့စည်းပြီးနောက် တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီးတွင်လည်း ယခင်ဖွဲ့စည်း ထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို အားလုံးပြန်လည်ပြင်ဆင်ဖွဲ့စည်း ထားရှိပြီး ဖမ်းဆီးရရှိမှုအခြေအနေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ကိုးလတာ ကာလအတွင်း အမှုတွဲ ၁၅၁၆ မှု၊ တန်ဖိုးကျပ်သန်း ပေါင်း ၆,၀၆၇ ဖမ်းဆီးရမိပြီး တစ်လလျှင် ပျမ်းမျှ အမှုတွဲ ၁၆၈ မှု တန်ဖိုးကျပ်သန်းပေါင်း ၆၇၄ ကျော် ဖမ်းဆီးရမိကြောင်း။
အခွန်တိမ်းရှောင်မှုများ လျော့နည်းအောင်
ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နိုင်ငံတော်ဘက်မှ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့သင့် သည်များကိုလည်း ဖြေလျှော့မှုများ ဆောင်ရွက်ပေး နေသကဲ့သို့ တစ်ဖက်မှလည်း တရားဥပဒေစိုးမိုးပြီး တရားမဝင်ကုန်သွယ်မှုများ၊ အခွန်တိမ်းရှောင်မှုများ လျော့နည်းသွားအောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုနေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုစခန်းများမှ တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့ ဦးဆောင်ကော်မတီ မှ အမြဲမပြတ် စောင့်ကြည့်ပြီး ဆောင်ရွက်သွားမည့် အစီအမံများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှလည်း ပူးပေါင်းဆောင်ရွက် သွားမည့် အစီအမံများကို ယခုအစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း။
စစ်ဆေးရေးစခန်းများတွင် စာရွက်စာတမ်း အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးရာ၌ ကုန်ပစ္စည်းအရေအတွက် ပိုမိုသယ်ဆောင်ခြင်း၊ ကုန်ပစ္စည်းအမည်လွဲ သယ်ဆောင်ခြင်း၊ ဖြစ်သင့် ဖြစ်ထိုက်သည့် စည်းကြပ်တန်ဖိုးထက် လျော့နည်း သည့်ပမာဏဖြင့် အခွန်စည်းကြပ်မှုခံယူခြင်းတို့ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်နှင့် နစ်နာမှုမရှိစေရေး သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဖမ်းဆီးရမိပစ္စည်းများနှင့်ပတ်သက်၍ ဖမ်းဆီးပြီးအချိန်မှ လေလံတင်ရောင်းချပြီး အချိန် သည် ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုများ ဖြစ်သဖြင့် မှန်ကန်မြန်ဆန်စေရေး သက်ဆိုင်ရာ ဌာနများ၏ လုပ်ထုံးလုပ်နည်းများအား စိစစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ဖမ်းဆီးရမိပစ္စည်းများအား ကြမ်းခင်းစျေး သတ်မှတ်ရာတွင် မြေပြင်၌ ဖြစ်ပေါ်နေသည့် စျေးနှုန်း နှင့် အနီးစပ်ဆုံးဖြစ်စေရေးနှင့် ပိုမိုမြန်ဆန်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ ပစ္စည်းများအား အပ်နှံရာတွင် နှောင့်နှေးကြန့်ကြာမှု များကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့ အတွက် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်း များကို ပူးပေါင်းညှိနှိုင်းပြင်ဆင်နိုင်ရေး ဆောင်ရွက်ရန် ပြောကြားလိုကြောင်း၊ မြေပြင်တွင် တရားမဝင် ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီးသည့် အဖွဲ့များအတွက် ဖမ်းဆီးရမိဆုကြေးငွေများအား အမြန်ဆုံး ခွဲဝေ ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ လိုအပ် သည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် ယခု ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား တာဝန်ခံဝန်ကြီးဌာန (Focal Ministry) အဖြစ် တာဝန်ပေးအပ်ထားပြီးဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရာတွင် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် တရားမဝင်ကုန်သွယ် မှုများလျော့နည်း ကျဆင်းပြီး နိုင်ငံတော်မှ ရသင့် ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိနိုင်ရေး အတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးညွန့်အောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းထားရှိမှု နှင့် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ် နိုင်ရေး ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဆိုပြု မြေပြင်လုပ်ငန်းစီမံချက်(မူကြမ်း)ကို လည်းကောင်း၊ တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးအမှာစာများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းတို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုများနှင့် ကာကွယ်တာဆီးနိုင်ရေးအတွက် အကြံပြုချက်များ ကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် အကောက်ခွန်ဦးစီးဌာန ညွန်ကြား ရေးမှူးချုပ်က ရေပူနှင့် မရမ်းချောင်အမြဲတမ်း ကုန်ပစ္စည်းစစ်ဆေးရေးစခန်းများအား ရှောင်ကွင်း သွားလာနိုင်သည့် လမ်းကြောင်းများ တားဆီးပိတ်ဆို့ ရေးစီမံချက်များကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌက မန္တလေး(၁၆)မိုင်ဂိတ် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းများအား ရှောင်ကွင်းသွားလာနိုင် သည့် လမ်းကြောင်းများ တားဆီးပိတ်ဆို့ရေးစီမံချက် များကိုလည်းကောင်း၊ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌက ကော့ကရိတ်တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်း အား ရှောင်ကွင်းသွားလာနိုင်သည့် လမ်းကြောင်းများ တားဆီးပိတ်ဆို့ရေးစီမံချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြ သူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်