
နေပြည်တော် ဇွန် ၂၃
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အာဆီယံနယ်ပယ်အနေဖြင့် မူဝါဒအညွှန်းကိန်း (Policy Index) တိုင်းတာရာတွင် အောင်မြင်မှုရရှိအောင် ထဲထဲဝင်ဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစပျိုးစီးပွားရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန၏ သဘောတရားများအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်မှု၊ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အရေးကြီး ဆောင်ရွက်ရန်ရှိသည်များကို အချိန်တိုအတွင်း အောင်မြင်မှုရရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်နှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများတွင် အဓိကအားဖြင့် SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီ ဆောင်ရွက် သွားရန်” လမ်းညွှန်မှုပြုထားသဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို အထူး အလေးထား ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အစပျိုးစီးပွားရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေး ဌာန ထူထောင်ပြီးပါက အာဆီယံဒေသရှိ ပြည်ပအဖွဲ့ အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစပျိုးစီးပွားရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန တည်ထောင်ခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ MSME များအား ပံ့ပိုးခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း အစီအစဉ်များတွင် ပူးပေါင်းပါဝင်ခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဝန်ထမ်း များကလည်း အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ယခုဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရေးတို့အတွက် အထောက်အကူပြုမည့် စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက်လာ သူများက အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ ကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်