အရည်အသွေးကောင်းမွန်သော နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်နိုင်ရန် ပံ့ပိုးပေးလျက်ရှိ

 

ရန်ကုန်  နိုဝင်ဘာ   ၁၄


နို့နှင့်နို့ထွက်ပစ္စည်းစားသုံးမှုသည်   ကိုယ်ခံအား ကောင်းမွန်ပြီး အရိုးအဆစ်ကို သန်မာစေသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံ အတွင်း နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးနိုင်စေ ရန်နှင့် သန့်ရှင်း၍အရည်အသွေးကောင်းမွန်သော နွားနို့ကိုရရှိနိုင်ရန် ပံ့ပိုးပေးလျက်ရှိသည်။

 


  ရန်ကုန်တိုင်းဒေသကြီးအတွင်း    အင်းစိန်နွားနို့ ဈေးကွက်၊   တာမွေနွားနို့ဈေးကွက်တို့ရှိပြီး ပုဂ္ဂလိက  နို့စားနွားမွေးမြူသော ခြံပေါင်း ၂၂၇ခုရှိရာ နို့စား နွားအကောင်ရေ ၁၃၀၀ ခန့်မွေးမြူထား၍ နေ့စဉ် နွားနို့ဈေးကွက်နှစ်ခုမှ      ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသုံးသူတို့ထံ ဖြန့်ဖြူးပေးလျက်ရှိသည်။

 


မြန်မာပြည်၏ ပွဲတော်လများတွင် အောက်တို ဘာလနှင့်   နိုဝင်ဘာလသည်  နွားနို့ဈေးကွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ယနေ့တွင်  အင်းစိန်နွားနို့ ဈေးကွက်၌ နွားနို့တစ်ပိဿာလျှင် ငွေကျပ်  ၁၂၀၀ မှ  ၁၅၀၀  အထိ    နွားနို့၏ အရည်အသွေးပေါ်မူတည်၍   ဈေးနှုန်းပြောင်းလဲ ရောင်းချလျက်ရှိသည်။ 

 


     “ဒေသနဲ့ကိုက်ညီတဲ့ နို့စားနွားတွေမွေးမြူနိုင်ဖို့သုတေသနပြုလုပ်ပြီးဆောင်ရွက်နေပါတယ်။ နို့စား နွားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဇီဝ လုံခြုံမှုထိန်းချုပ်ရေးနဲ့     ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းကိုဆောင်ရွက်ပါတယ်။ ပြီးတော့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့  နို့နဲ့နို့ထွက်ပစ္စည်းတွေကို  အများပြည်သူစားသုံးနိုင်အောင် ပုဂ္ဂလိကထုတ်လုပ် သူတွေကိုလည်း လိုအပ်တဲ့နည်းပညာနဲ့ သင်တန်းပို့ချ မှုကို ပံ့ပိုးပေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး      ဒေါက်တာ တိုးမင်းထွန်းက ပြောကြားသည်။

 


နွားနို့သောက်သုံးမှုသည်  ခန္ဓာကိုယ်ကြီးထွားစေ သည့်အပြင်  ဉာဏ်ရည်မြင့်မားစေသောကြောင့် ဌာန အနေဖြင့်  နို့ပေါင်းစက်များဖြင့်  ပုဂ္ဂလိကလုပ်ငန်း များနှင့်  အကျိုးတူ  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများကို  နွားနို့တိုက်ကျွေး သောစနစ်ဖြင့်   ပြည်သူများ   နွားနို့သောက်သုံးမှု အလေ့အထကောင်းများကို ဖော်ဆောင်ပေးလျက် ရှိသည်။    ပြည်ပမှဝင်ရောက်သည့်     ထုပ်ပိုးမှု ကောင်းမွန်သော နွားနို့တစ်လီတာလျှင်  ငွေကျပ် ၃၀၀၀ ကျော်ဖြင့် ရောင်းချလျက်ရှိရာ အရည်အသွေး ကောင်းမွန်သော        နွားနို့များထုတ်လုပ်လျက်  ပြည်တွင်းသာမက ပြည်ပသို့ဖြန့်ချိနိုင်သော ပုဂ္ဂလိက နွားနို့လုပ်ငန်းများကိုလည်း ဌာနအနေဖြင့်  အားပေး ကူညီလျက်ရှိသည်။

 


     “လတ်ဆတ်တဲ့နွားနို့ရအောင်နဲ့ လတ်ဆတ်မှု ရှိ/မရှိ  စစ်ဆေးပြီးတော့နွားနို့မှာ ပါဝင်တဲ့ အသားဓာတ်၊ အဆီဓာတ်နဲ့ပဋိဇီဝဆေးပါရှိမှု စတာတွေကို စစ်ဆေး ပြီးမှဈေးကွက်အတွင်းကို ဖြန့်ဖြူးရပါတယ်။  ဒီလို စစ်ဆေးမှုပြုလုပ်နိုင်အောင်   ဓာတ်ခွဲခန်းဝန်ထမ်း တွေကို မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက ရန်ကုန် အပြင် မန္တလေး  စဉ့်ကိုင်မြို့မှာရှိတဲ့  မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကလည်း     သင်တန်းပို့ချပေးပါ တယ်”ဟု  ငွေစင်ပုလဲနွားနို့လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။    

 


     မွေးမြူရေးနှင့်     ကုသရေးဦးစီးဌာနအနေဖြင့်  မေထုန်မဲ့သားစပ်နည်းဖြစ်သော မျိုးချောင်းများ ကိုထုတ်လုပ်၍ မွေးမြူရေးတောင်သူတို့ထံ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး ရောဂါခံနိုင်ရည်ရှိသော ဖရီ ရှန်  နို့စားနွားများ မျိုးပွားနိုင်ရန်နှင့်   နွားနို့သောက်သုံး မှုနည်းသော   ရန်ကုန်မြို့၌   နောင်တစ်ချိန်တွင် သောက်သုံးမှုများလာမှုအပေါ်    ရည်မှန်း၍    နို့စား နွားများ      ပိုမိုမွေးမြူနိုင်ရန်    အသိပညာပေးကာ   အရည်အသွေးကောင်းမွန်သော  နို့နှင့်နို့ထွက်ပစ္စည်း များ    ထုတ်လုပ်နိုင်ရန်   ပံ့ပိုးပေးလျက်ရှိကြောင်း   သိရသည်။


ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး