အရည်အသွေးကောင်းအာလူးများ စီးပွားဖြစ်အမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ရေး တစ်သျှူးနည်းပညာသုံး မျိုးအာလူးများ ထုတ်လုပ်ပေးမည်

နေပြည်တော်  ဇွန်  ၂၉


အရည်အသွေးကောင်းအာလူးများ   စိုက်ပျိုးထုတ် လုပ်နိုင်ရေးအတွက်  တစ်သျှူးနည်းပညာအသုံးပြု၍ မျိုးအာလူးထုတ်လုပ်နိုင်ရေးကို ဌာနပိုင် သုတေသန ဓာတ်ခွဲခန်းများ၊  စိုက်ပျိုးရေးခြံများနှင့်   ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများအတွက်   စီမံချက်များ စနစ်တကျ         ညှိနှိုင်းရေးဆွဲရန်လိုအပ်ကြောင်း၊ ရေရှည်တွင်    စီးပွားဖြစ်     မျိုးထုတ်လုပ်ခြင်းနှင့် မျိုးသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းကို     ပုဂ္ဂလိက ပိုင်းက   ကျယ်ကျယ်ပြန့်ပြန့်    လုပ်ကိုင်နိုင်ရန် အကူအညီပေးသွားမည်ဖြစ်ကြောင်း၊   လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက်  ဘက်စုံပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း     ဇွန် ၂၇  ရက်က ရှမ်းပြည်နယ်  ဟဲဟိုးအာလူးအသင်း၊  နောင်တရား အာလူးစိုက်တောင်သူအသင်းများနှင့်    တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက  ပြောကြား သည်။


ဆွေးနွေး


တွေ့ဆုံပွဲသို့        ဟဲဟိုးအာလူးအသင်းနှင့် နောင်တရား        အာလူးစိုက်တောင်သူအသင်းတို့မှ ဥက္ကဋ္ဌများ၊  ဟဲဟိုးနှင့်  နောင်တရား    အာလူးစိုက် တောင်သူအစုအဖွဲ့မှ  ကိုယ်စားလှယ်များ  တက် ရောက်ခဲ့ကြပြီး လက်ရှိ အာလူးစိုက်ပျိုးထုတ်လုပ်နေမှု၊ မျိုးအာလူးသိုလှောင်မှုများနှင့် တိုးချဲ့ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင်  မျိုးအာလူး  တင်သွင်းမှု အတွက်  အခွန်ကင်းလွတ်ခွင့်ရရှိရေး၊  စားသုံးရန် အာလူးများ ပြည်ပမှတင်သွင်းနေမှုကို ထိန်းချုပ်ရေး၊ အာလူးစိုက်ပျိုးစရိတ်  ချေးငွေရရှိရေးဆိုင်ရာများကို ဆွေးနွေးကြသည်။ 


ရှမ်းပြည်နယ်တွင်  အာလူးစိုက်ဧက ငါးသောင်း ကျော်ရှိကြောင်း၊ အာလူးစိုက်ပျိုးရာတွင် အထွက် နှုန်းနှင့်  အရည်အသွေးတိုးတက်ရေးအတွက်  မျိုးထားမျိုးလှောင်အသုံးပြုခြင်း      လိုအပ်ချက်ကို ထိရောက်စွာ   ဖြည့်ဆည်းပေးနိုင်ရန်  စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့်    စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍  တစ်သျှူးနည်းပညာဖြင့် မျိုးအာလူးများ ထုတ်လုပ်ပေးနိုင်ရေး   စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ပြီး  မျိုးသန့်ပွားများခြင်းလုပ်ငန်းများတွင်  ပုဂ္ဂလိက လုပ်ငန်းရှင်များက   ပါဝင်ပူးပေါင်းဆောင်ရွက်ရေး နှင့် မျိုးပွားခြင်း၊  မျိုးသိုလှောင်ခြင်းနှင့် မျိုးဖြန့်ခြင်းကို အကျိုးဆောင်တောင်သူများဖွဲ့စည်းလျက်    ပုဂ္ဂလိက လုပ်ငန်းရှင်များက  ဆောင်ရွက်ရန်  လိုအပ်မည်ဖြစ် ကြောင်း သိရသည်။ 


ကြည့်ရှုစစ်ဆေး


ယင်းနောက်       ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များ  ကွင်းဆင်းဆောင်ရွက်စဉ်   အောင်ပန်းနှင့် ဟဲဟိုး ဒေသအတွင်း  ဟင်းသီးဟင်းရွက်  လက်ကားဈေးများ တည်ထောင်ခြင်းနှင့် လယ်ယာထွက်ကုန် အခြောက် လှန်းခြင်း၊ သိုလှောင်ခြင်းနှင့် တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်  မြေနေရာ ရွေးချယ်သတ်မှတ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။


အလားတူ ကလောမြို့နယ် အင်းခေါင်းကျေးရွာ တွင် ဟဲဟိုးအာလူးကုမ္ပဏီ၏ အအေးခန်းသိုလှောင် ရုံနှင့် နောင်တရားရှိ  စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုး ရေးထွက်ကုန်များ        ပြုပြင်ထုပ်ပိုးရေးစင်တာနှင့် အအေးခန်းသိုလှောင်ရုံ  တည်ဆောက်ခြင်းလုပ်ငန်း ခွင်များကို ကြည့်ရှုအားပေးသည်။
လက်ရှိတွင်   ဟဲဟိုး၌   သိုလှောင်ရုံနှစ်ခုရှိပြီး မျိုးအာလူး တန် ၁၅၀၀ ခန့်သာ  သိုလှောင်နိုင်လျက် ရှိရာ  တည်ဆောက်လျက်ရှိသည့်  သိုလှောင်ရုံများ ပြီးစီးပါက အင်းခေါင်း အအေးခန်း သိုလှောင်ရုံတွင် မျိုးအာလူး တန် ၁၀၀၀ နှင့် နောင်တရား အအေးခန်း သိုလှောင်ရုံတွင် တန် ၂၀၀၀  စုစုပေါင်း  မျိုးအာလူး တန်  ၃၀၀၀  ထပ်မံသိုလှောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။        

                           
    သတင်းစဉ်