အရှေ့တောင်အာရှ တက္ကသိုလ်များပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

Image not available
 
 
နေပြည်တော်  ဒီဇင်ဘာ  ၁၇
 
နေပြည်တော်၌  ကျင်းပလျက်ရှိသည့်  (၁၉)ကြိမ်မြောက်  အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ ပထမနေ့နှင့် သုံးယောက်တွဲပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသည်။
 
သုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်း က ငွေတံဆိပ်၊ မလေးရှားအသင်းက ကြေးတံဆိပ်ရခဲ့ပြီး အိမ်ရှင်မြန်မာအသင်းမှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ လေးယောက်တွဲပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း အပါအဝင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင် နေပြီး ပတ်လည်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။ ပြိုင်ပွဲပထမနေ့တွင်အိမ်ရှင် မြန်မာအသင်းသည် အင်ဒိုနီးရှားကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။
 
 မြန်မာအသင်းသည် ရလဒ်ကောင်းရရန် ကြိုးစားသော်လည်း ၁၆-၂၁ မှတ်၊ ၁၈-၂၁ မှတ်ဖြင့် နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ လေးယောက်တွဲပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စုပွဲများအဖြစ် မလေးရှား၊ ထိုင်း၊ လာအိုတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။  မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲသုံးခုအပြီးတွင် ရွှေတစ်ခု၊ ငွေတစ်ခုရရှိထားသည်။
 
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်