အရှေ့တောင်အာရှ တက္ကသိုလ်များဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ၌ မြန်မာအသင်း ရှုံးနိမ့်

Image not available
 
 
နေပြည်တော်   ဒီဇင်ဘာ   ၁၈
 
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်  (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို   ယနေ့ညနေပိုင်းက   ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မြန်မာတက္ကသိုလ်ဘောလုံးအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ 
 
ထိုင်းတက္ကသိုလ် - နှစ်ဂိုး
 
မြန်မာတက္ကသိုလ် - ဂိုးမရှိ
 
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးပုံစံပြသနေသည့် ထိုင်းအသင်းသည် ဗိုလ်လုပွဲတွင် မြန်မာအသင်းကို အနိုင်ယူကာ ရွှေတံဆိပ်ရယူခဲ့သည်။ ထိုင်း အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းကို အရေးနိမ့်ခဲ့သော်လည်း ယခုပွဲတွင်  ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သည်။   မြန်မာအသင်းသည် ယခုပွဲတွင် အကောင်းဆုံးပုံစံပြသနိုင်ခြင်းမရှိ၍ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။  
 
မြန်မာအသင်းတွင် ဒဏ်ရာနှင့် ပွဲပယ်ကစားသမားရှိနေ၍ ပွဲထွက် လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး နေမျိုးထွေး၊ နိုင်နိုင်ကျော်၊ သန့်ဇေယျာဝင်းတို့ဖြင့် ပွဲထွက်ကာ ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းကို အနိုင်ရသော်လည်း ထိုင်းအသင်း ၏ ကစားပုံမှာ သိသိသာသာပြောင်းလဲခဲ့ပြီး မြန်မာအသင်းကို ပွဲချိန်ပြည့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။ မြန်မာအသင်း၏ ခံစစ်ပိုင်းအားနည်းချက်များကို အသုံးချကာ ဂိုးများသွင်းယူခဲ့သလို ခံစစ်ကလည်း ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ သည်။ ၁၄ မိနစ်တွင် ထိုင်းအသင်း ဂိုးစရခဲ့ပြီး တောင်ပံကစားသမား ပွန်မီရတ် က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ဂိုးထပ်ရရန် ကြိုးစားသလို မြန်မာအသင်းကလည်း ချေပဂိုးရရန် တိုက်စစ်အားပြုကစားခဲ့သည်။ သို့သော် တိုက်စစ်ကစားပုံပိုကောင်းသည့် ထိုင်းအသင်းက ဂိုးထပ်ရခဲ့ပြီး ၆၂ မိနစ်တွင် ချိုတီပါလာက ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းယူခဲ့သည်။ 
 
နံနက်ပိုင်းက ကျင်းပသည့် တတိယနေရာလုပွဲတွင် မလေးရှားအသင်းနှင့် လာအိုအသင်းတို့   တစ်ဂိုးစီသရေကျနေ၍   ပင်နယ်တီဖြင့် ဆုံးဖြတ်ရာ မလေးရှားအသင်းက လေးဂိုး-နှစ်ဂိုး စုစုပေါင်း ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ မလေးရှားအသင်းက ကြေးတံဆိပ်ရခဲ့သည်။                
 
ရှိုင်းထက်ဇော်