
အဒစ်အဘာဘာ စက်တင်ဘာ ၂၃
အရှေ့အာဖရိကဒေသ၌ ဆေးယဉ်ပါးသည့် ငှက်ဖျားရောဂါ တစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း နိုင်ငံတကာ ဆေးဘက် ဆိုင်ရာ သုတေသီအဖွဲ့က ယနေ့ပြောသည်။
ငှက်ဖျားရောဂါသည် ခြင်များက သယ်ဆောင်လာသည့် ပရိုတိုဇိုကပ်ပါးကောင်များမှ ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး တီဘီ ရောဂါနှင့် ခုခံအားကျဆင်းသည့်ရောဂါ(အေအိုင်ဒီအက်စ်)ကဲ့သို့ အဓိကကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သည်။
နှစ်စဉ် ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားရောဂါကူးစက်ခံရသူ သန်း ၂၀၀ ကျော်ရှိပြီး ၎င်းတို့အနက်မှ လေးသိန်းကျော် သေဆုံး လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
ယူဂန္ဓာနိုင်ငံ၌ ဆေးယဉ်ပါးသည့် ငှက်ဖျားရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ဂျပန် ဂျန်တန်ဒိုတက္ကသိုလ်နှင့် ယူဂန္ဓာဂုလုတက္ကသိုလ်တို့မှ သုတေသီအဖွဲ့က ဆိုသည်။ ၎င်းတို့ ၏ တွေ့ရှိချက်စစ်တမ်းတစ်ရပ်ကို သည်နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
၎င်းတို့၏စစ်တမ်းအရ ငှက်ဖျားရောဂါကူးစက်ခံထားရသူ ၁၄ ဦးတွင် ၁၃ ဦးသည် ငှက်ဖျားရောဂါကာကွယ်ဆေးများအား ခံနိုင်ရည်ရှိသည့် ကပ်ပါးကောင်များ ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း ငှက်ဖျားရောဂါသည်များ၏ သွေးနမူနာများတွင် အဆိုပါ ကပ်ပါးကောင်များကူးစက်မှုကို မတွေ့ရှိရသော်လည်း ၂၀၁၉ ခုနှစ်တွင် ငှက်ဖျားရောဂါသည် အများစုတွင် ယင်းကပ်ပါးကောင်များကူးစက်ခံရမှုကို စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။
သုတေသီများက အဆိုပါ တွေ့ရှိချက်နှင့်ပတ်သက်ပြီး လွန်ခဲ့သောသုံးနှစ်က အစီရင်ခံစာတင်သွင်းခဲ့သည်။ ၎င်းတို့၏ နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ဆေးယဉ်ပါးသည့် ငှက်ဖျား ရောဂါတစ်မျိုး ပျံ့နှံ့လျက်ရှိကြောင်း သုတေသီများက ထပ်မံ အတည်ပြုပြောကြားသည်။
အဆိုပါ ငှက်ဖျားရောဂါကူးစက်မှုကို ထပ်မံလေ့လာ စောင့်ကြည်ရန်လိုအပ်ကြောင်းနှင့် အဆိုပါရောဂါအတွက် ခုခံကာကွယ်ဆေးများ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ဂျပန်နိုင်ငံ ဂျန်တန်ဒိုတက္ကသိုလ် ပါမောက္ခ မီတာ တိုရှီဟီရိုက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်