
မန္တလေး မေ ၄
မန္တလေးတိုင်းဒေသကြီးအတွင်း အပူချိန်လွန်ကဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သက်ကြီးပိုင်းအရွယ်များအနေဖြင့် အောက်ဆီဂျင် ကျဆင်းမှုများရှိနေ၍ အောက်ဆီဂျင်အိုးများ ပိုမိုငှားရမ်းပေးနေရကြောင်း မဏိဇလလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ရောဂါအခံရှိသူ သက်ကြီးပိုင်းအချို့ အပူဒဏ်မခံနိုင်လို့ သေဆုံး တာတွေ ရှိနေတယ်။ အခုရက်ပိုင်းဆိုရင် လူနာရှင်တွေ လာတဲ့အခါ လူကြီးပိုင်းတွေ အောက်ဆီဂျင်တွေ အလွန်ထိုးကျတယ်လို့ ပြောတယ်။ အဲဒီလို အောက်ဆီဂျင်တွေ ထိုးကျတာတွေကြောင့် အခုရက်ပိုင်း အောက်ဆီဂျင်အိုးတွေလည်း တော်တော်ကြီးကို ငှားပေးရတယ်”ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် ဧပြီလအတွင်း အပူချိန်သိသိသာသာမြင့်တက်ခဲ့သောကြောင့် ဆေးရုံ ပို့ဆောင်ပေးရသူလူနာများ၊ သေဆုံးသူများ ပိုများလာခဲ့ပြီး မန္တလေး ဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းမှ ၎င်းတို့အသင်း တစ်ခုတည်း ၌ပင် အပူချိန်လွန်ကဲမှုကြောင့် သေဆုံးမှုအပါအဝင် နာရေးလမ်းကြောင်း အနေဖြင့် ဧပြီလအတွင်းက ၅၃ လမ်းကြောင်းအထိ ပို့ဆောင်ပေးခဲ့ရပြီး မတ်လကထက် သိသိသာသာ များပြားခဲ့ကြောင်း ဆိုသည်။
ယင်းကဲ့သို သေဆုံးသူများထဲတွင် အလုပ်လုပ်နေချိန် မူးလဲကျပြီး သေဆုံးမှုလည်း ရှိသကဲ့သို့ ရောဂါအခံကြောင့် ပူပြင်းသည့် ရာသီတွင် သက်ကြီးရွယ်အိုများ သေဆုံးမှုလည်း ရှိနေသည်။ “ကျွန်တော်တို့လူမှု ကူညီရေးအသင်းအနေနဲ့ မတ်လထဲမှာ နာရေးလမ်းကြောင်း ၂၇ ကြောင်းခန့်ပဲ ပို့ဆောင်ပေးခဲ့ရတယ်။ ဧပြီလမှာ မတ်လကထက် သိသိ သာသာများပြားခဲ့တယ်။ သေဆုံးသူတွေထဲမှာ အသက် ၅၀ ကနေ ၉၀ ကျော်အရွယ်တွေက ပိုများတယ်။ သေဆုံးသူတွေထဲမှာ အလုပ်လုပ် နေရင်း မူးလဲကျပြီး အသက်မမီလိုက် တာတွေလည်းရှိတယ်”ဟု လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။
MT