
နေပြည်တော် မတ် ၂၁
အပြည်ပြည်ဆိုင်ရာသစ်တောများ နေ့အခမ်းအနားကို ယနေ့ နံနက် ပိုင်းက သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်းတွင် ကျင်းပ ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်နှင့် သစ်တော ရေးရာ) ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကား ပြောကြား သည်။
ဒုတိယဝန်ကြီးက ပြောကြား ရာတွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ကမ္ဘာနှင့် အဝန်း သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန် ရည်ရွယ်လျက် ကုလသမဂ္ဂ သစ်တောဖိုရမ် (UNFF)က ၂၀၁၃ ခုနှစ်မှစတင်ပြီး နှစ်စဉ် မတ် ၂၁ရက်ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ "International Day of Forests" အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သစ်တော များသည် လူသားများ၏ ကျန်းမာ ရေးအတွက် မရှိမဖြစ် လိုအပ်သော အစားအစာနှင့် ဆေးဝါးများ၊ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေခြင်းတို့အပြင် လူသားများ ၏ ကျန်းမာရေးကို မြှင့်တင်ပေး သည့် ယဉ်ကျေးမှုနှင့် အပန်းပြေ မှုဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေပြီး လူသားတို့နေ့စဉ်ရှူရှိုက် နေသည့် လေကိုလည်း သန့်စင်ရာ တွင် အရေးပါသောအခန်းတွင် ပါဝင်လျက်ရှိကြောင်း။
သစ်တော ပြုန်းတီးခြင်း၊ မြေယာအသုံးပြုမှု ပြောင်းလဲ ခြင်းတို့ကြောင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာပြီး Zoonotic Diseases ဟုခေါ်သည့် တောရိုင်း တိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန် များမှတစ်ဆင့် ရောဂါပိုးမွှားများ ပြန့်ပွားရန် အလားအလာများ တိုးမြင့်လာခဲ့ပြီး အဆိုပါ ပြဿနာ များကို ဖြေရှင်းနိုင်ရန် သစ်တော များကို ကျန်းမာရေးချဉ်းကပ်မှု နည်းလမ်းတစ်ခု (One Health Approach) အဖြစ် ထည့်သွင်း စဉ်းစားပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲ မှုဒဏ်များဖြစ်သည့် အပူချိန် အလွန်အမင်းမြင့်မားခြင်း၊ နိမ့်ကျ ခြင်း၊ မိုးရေချိန်အလွန်အမင်းများပြားခြင်း၊ မိုးခေါင်ခြင်း၊ တောမီး လောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း အစရှိသည်တို့သည် သစ်တောများ ပြုန်းတီးမှုကြောင့် ဖြစ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့်လည်း သစ်တောပြုန်းတီးမှု လျှော့ချရေး နှင့် သစ်တောများ ထာဝစဉ် တည်တံ့စေရေးတို့အတွက် ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းခဲ့ခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုး၊ ထိန်းသိမ်းပြုစုခြင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည် ထောင်ရေး စီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇)နှင့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်း ဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ)ကို အကောင် အထည်ဖော်ခြင်း၊ အမြဲတမ်း သစ်တောနယ်မြေများကို နိုင်ငံ ဧရိယာ ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝ နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင် ရန် ဆောင်ရွက်လျက်ရှိခြင်း၊ နှစ် (၃၀) အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက ၂ ဒသမ ၂၇ သန်းကို ဆောင် ရွက်လျက်ရှိခြင်း၊ သစ်တော ပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချ ခြင်း လုပ်ငန်း (REDD+)ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည် ဖော်လျက်ရှိခြင်း အစရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ပိုစတာများအား လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာ လုပ်ငန်းဌာနနှင့် စီမံကိန်းများ ဆောင်ရွက်နေကြသည့် တာဝန်ခံ များက ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (သတ္တုရေးရာ)ဦးမင်းသူ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရေဆင်း အ.ထ.က မှ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြောင်း သိရသည်။
သတင်းစဉ်