အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ပြန်လည်စိစစ်ရေး ဒုတိယအကြိမ်ညှိနှိုင်း

 

 

နေပြည်တော် စက်တင်ဘာ ၂၁ 


အပြည်ပြည်ဆိုင်ရာ  ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း   ပြန်လည်စိစစ်ရေး   ဒုတိယအကြိမ်  ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးသို့    သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယ ဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုများအရ လက်ရှိပြဋ္ဌာန်းချက်များ နှင့်လုံလောက်မှု ရှိ မရှိသုံးသပ်၍  အခြားပြင်ဆင်စရာများရှိပါကလည်း ဖြည့်စွက်ဆွေးနွေးရန်၊ လက်တွေ့လုပ်ဆောင်ရသည့် လုပ်ငန်းသဘာဝ နှင့် လျော်ညီစွာ အကောင်အထည်ဖော်နိုင်ရန်  ပြည့်စုံကောင်းမွန်သည့် ဥပဒေ(မူကြမ်း)   တစ်ရပ်ဖြစ်ပေါ်လာရေးအတွက်  အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေး အကြံပြုကြစေလို ကြောင်း ပြောသည်။
ထို့နောက်   သာသနာတော်ထွန်းကား   ပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင်   အကြံပြုဆွေးနွေးချက်များအရ  ဥပဒေ(မူကြမ်း)အပေါ် ပြန်လည် စိစစ်ပြင်ဆင်ထားရှိသည့်အချက်များကို  ရှင်းလင်းတင်ပြ ဆွေးနွေးသည်။ 
ယင်းနောက်  တက်ရောက်လာသူများက  ဥပဒေ(မူကြမ်း)အပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေး၍ ပြဋ္ဌာန်းချက်တစ်ခုချင်းအလိုက် အတည်ပြုချက်ရယူခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သံဃာထုတစ်ရပ် လုံးနှင့် သာသနာတော်၏အကျိုးအတွက် ဤဥပဒေကို ပြင်ဆင်ရ ခြင်းဖြစ်ပါကြောင်း၊   အားလုံးစေတနာအပြည့်ဖြင့်  ပါဝင်ဆွေးနွေး အကြံပြုကြသည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးပါဝင် ဆောင်ရွက်ပါက ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းကိုရရှိမည်ဖြစ်ပါကြောင်း၊ ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေအကြံပြုချက် များရယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။     
                                  သတင်းစဉ်