အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့

Type

 

သိန်းထွန်း (IR)

 

နှစ်စဉ်   ဒီဇင်ဘာ    ၃  ရက်ကို  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်  ကုလသမဂ္ဂက  ၁၉၉၂ ခုနှစ်မှစ၍ သတ်မှတ်ခဲ့ပါသည်။ 
အပြည်ပြည်ဆိုင်ရာ      မသန်စွမ်းသူများနေ့ ကျင်းပရသည့်ရည်ရွယ်ချက်မှာ    လူ့အဖွဲ့အစည်း တိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် မသန်စွမ်းသူ များအတွက် သုခချမ်းသာနှင့် အခွင့်အရေးများကိုမြှင့်တင်ရန်နှင့်  နိုင်ငံရေး၊  လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝ    (cultural life)   စသည့်ကဏ္ဍ အသီးသီးတွင် မသန်စွမ်းသူများ၏ အခြေအနေကို အသိပညာပေးမှုမြှင့်တင်ရန် ဖြစ်သည်။ 
လက်တွေ့အနေဖြင့်လည်း  မသန်စွမ်းသူများ ဘဝတွင်  ရင်ဆိုင်ကြုံတွေ့နေရသည့်  အခက်အခဲ အတားအဆီးများ၊         လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှု၊      ပူးပေါင်းလုပ်ဆောင်နိုင်မှုများ စသည့် စိန်ခေါ်မှုများနှင့် အခွင့်အရေးဆိုင်ရာများကို ထိရောက်စွာ   ဖြေရှင်းလုပ်ဆောင်ပေးရန်   လိုအပ် နေပါသည်။
ရည်ရွယ်ချက်များ
ယခုနှစ်တွင် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ ရပိုင်ခွင့်များနှင့် သုခချမ်းသာများ ကူညီပံ့ပိုးပေးရေး စည်းရုံးရန်နှင့်    မသန်စွမ်းသူများဆိုင်ရာ   ကိစ္စရပ် များ အပေါ် ပိုမိုနားလည်စေရေး ဦးတည်၍   ၂၀၂၂ ခုနှစ်   အပြည်ပြည်ဆိုင်ရာ    မသန်စွမ်းသူများနေ့ အတွက် ဆောင်ပုဒ်ကို   “Transformative solutions  for  inclusive development: the role of innovation   in  fuelling   an  accessible   and equitable    world”     “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။  အားလုံးလက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက် ပေး” ဟု သတ်မှတ်ထားသည်ကို တွေ့ရပါသည်။ 
ယခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့တွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အတွက် ဆန်းသစ်တီထွင်မှုနှင့် မတူညီသောဖြေရှင်း သည့်     နည်းလမ်းများ   ရှာဖွေရန်နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးမည့် ကဏ္ဍသုံးရပ်ထည့်သွင်း ထားပါသည်။ ယင်းကဏ္ဍသုံးရပ်တွင် အလုပ်အကိုင် ရရှိမှုတွင် မသန်စွမ်းသူအားလုံးပါဝင်သော တိုးတက် မှုအတွက် ဆန်းသစ်တီထွင်မှု  (SDG 8)၊  မညီမျှမှုများ လျှော့ချရာတွင် မသန်စွမ်းသူများအားလုံးပါဝင်သော တိုးတက်မှုအတွက်  ဆန်းသစ်တီထွင်မှု  (SDG 10) နှင့်        အားကစားကဲ့သို့သော     ကဏ္ဍများတွင် မသန်စွမ်းသူများ    အားလုံးပါဝင်သော  ဆန်းသစ် တီထွင်မှုတို့ဖြစ်ပါသည်။
ယင်းဆွေးနွေးမည့်     ကဏ္ဍများတွင်   ကမ္ဘာ တစ်ဝန်း       ဆန်းသစ်၍      လျင်မြန်စွာပြောင်းလဲ နေသော နည်းပညာခေတ်တွင်  အလုပ်အကိုင်အခွင့် အလမ်းရရှိရန်အတွက် လိုအပ်သော  အလုပ်အကိုင်၊ အသိပညာနှင့် ကျွမ်းကျင်မှုတို့အကြား ချိတ်ဆက်မှု များ မြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကို အထောက်အကူပြုနည်းပညာများဖြင့် မြှင့်တင် နိုင်ရေးတို့   ဆွေးနွေးမည်ဖြစ်ပါသည်။     ထို့အပြင် မသန်စွမ်းသူများ  ပါဝင်သော  လုပ်ငန်းခွင်၌  မတူကွဲပြားမှုများကိုမြှင့်တင်ရာတွင် စိတ်ပါဝင်စားသည့် အများပြည်သူနှင့်        ပုဂ္ဂလိကဆိုင်ရာကဏ္ဍများရှိ မညီမျှမှုများ  လျှော့ချရန်အတွက် ဆန်းသစ်တီထွင် မှုများ၊ လက်တွေ့အသုံးချကိရိယာများနှင့်  အလေ့ အကျင့်ကောင်းများနှင့်ပတ်သက်၍       ဆွေးနွေးကြ မည်ဖြစ်သည်။
မသန်စွမ်းသူများအခြေအနေ
ယနေ့ကမ္ဘာ့ပေါ်တွင်   လူဦးရေ   တစ်ဘီလီယံ ကျော် သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၁၅  ရာခိုင်နှုန်း သည်  မသန်စွမ်းမှုတစ်မျိုးမျိုးကို     တွေ့ကြုံခံစား နေကြရပါသည်။    ယင်းမသန်စွမ်းသူများ၏      ၈၀ ရာခိုင်နှုန်းသည်    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်     နေထိုင် လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က  ဆိုပါသည်။   ကမ္ဘာ တစ်ဝန်း မသန်စွမ်းသူအရေအတွက်  သိသိသာသာ မြင့်တက်လျက်ရှိပြီး ယင်းသည် လူဦးရေပျံ့နှံ့မှု ပုံစံများနှင့်   အကြောင်းအမျိုးမျိုးဖြင့်   နာတာရှည် ကျန်းမာရေးမကောင်းမှုများ   မြင့်တက်လာခြင်းတို့ ကြောင့် ဖြစ်ပါသည်။ 
ကိုဗစ်-၁၉  ကာလအတွင်းကလည်း မသန်စွမ်း သူများသည် အချိုးမညီမျှစွာ ခံစားခဲ့ကြရပါသည်။ ကိုဗစ်-၁၉   သည် ကမ္ဘာတစ်ဝန်းတွင်  ကျယ်ကျယ် ပြန့်ပြန့် သက်ရောက်မှုများ ဆက်လက်ရှိနေသဖြင့် ကျန်းမာရေး၊ ပညာရေးနှင့်  သယ်ယူပို့ဆောင်ရေး ဆိုင်ရာ       ထည့်သွင်းစဉ်းစားမှုများအပါအဝင် ကပ်ရောဂါကြောင့်   မသန်စွမ်းသူများ   မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို ဖြေရှင်းပေးရန်  လိုအပ် နေဆဲ ဖြစ်ပါသည်။ အထူးသဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ်  အဆင့်တိုင်းတွင် မသန်စွမ်း သူများအားလုံး အကျုံးဝင်နိုင်ရေး တိုးမြှင့်လုပ်ဆောင် ရန်    အရေးတကြီး   လိုအပ်နေကြောင်း    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါသည်။ 
လတ်တလောတွင်        မသန်စွမ်းသူများသည် ပညာရေးအားနည်းခြင်း၊ ကျန်းမာရေး  စောင့်ရှောက် မှု နိမ့်ကျခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဆင်းရဲ မွဲတေမှု နှုန်းမြင့်မားခြင်းစသည့် ဆိုးရွားသော လူမှု စီးပွားဘဝအခြေအနေများကို   ကြုံတွေ့ရနိုင်ခြေ ပို၍များလာနေကြောင်း ကုလသမဂ္ဂက ဆိုပါသည်။ ဆင်းရဲမွဲတေမှုကြောင့် အာဟာရချို့တဲ့မှု၊ ပညာရေး နှင့်    ကျန်းမာရေးစောင့်ရှောက်မှု    မပြည့်စုံခြင်း၊ ဘေးကင်းသော လုပ်ငန်းခွင်အခြေအနေ၊ ညစ်ညမ်း သော ပတ်ဝန်းကျင်နှင့် လုံခြုံသောရေနှင့် မိလ္လာစနစ် အသုံးပြုနိုင်သည့် အခြေအနေမရှိသဖြင့် မသန်စွမ်း ဖြစ်နိုင်ခြေများ       တိုးလာစေလျက်ရှိပါသည်။ မသန်စွမ်းမှုဖြစ်လာစေနိုင်သည့်     အခြားအချက် များတွင်  အလုပ်အကိုင်နှင့်  ပညာရေးအခွင့်အလမ်း များ နည်းပါးခြင်း၊   လုပ်ခလစာနည်းပါးခြင်းနှင့် မသန်မစွမ်းနေထိုင်မှု    စရိတ်စကများ   မြင့်တက် လာခြင်းတို့လည်း ပါဝင်ပါသည်။
မသန်စွမ်းသူများအနေဖြင့် လူမှုရေးနှင့် စီးပွားရေး တွင် အပြည့်အဝပါဝင်နိုင်ရေးအတွက် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း  တွေ့ရပါသည်။  ယင်းအခက်အခဲ များတွင်  လက်လှမ်းမမီနိုင်သော ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် သယ်ယူပို့ဆောင်ရေး၊  အထောက် အကူပစ္စည်းများနှင့်      နည်းပညာများမရရှိနိုင်မှု၊         လိုက်လျောညီထွေမဖြစ်သည့်       ဆက်သွယ်မှု နည်းလမ်းများ၊ ဝန်ဆောင်မှုဆိုင်ရာ    မညီမျှမှုများနှင့်   လူ့အဖွဲ့အစည်းအတွင်း     ခွဲခြားဆက်ဆံခံရသော    မလိုမုန်းထားမှုနှင့်   အရှက်ရစေမှုများကို   တွေ့ရပါ သည်။
မသန်စွမ်းသူများဆိုင်ရာ အတားအဆီးများ
မသန်စွမ်းသူများဆိုင်ရာ အတားအဆီးများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ အဖြစ် ခြုံငုံတွေ့ရပါသည်။ မသန်စွမ်းသူများဆိုင်ရာ အတားအဆီးများသည်    ရုပ်ပိုင်းဆိုင်ရာအတား အဆီးများထက် ပိုမိုပါဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဖော်ပြပါသည်။ လူတိုင်းသည် တစ်ကြိမ် မဟုတ် တစ်ကြိမ် အခက်အခဲ အကျပ်အတည်းများ နှင့် ရင်ဆိုင်ကြရလေ့ရှိသော်လည်း   မသန်စွမ်းသူ များအတွက်မူ အတားအဆီးများသည် အခြားသူများ ထက် ပိုမိုတွေ့ရနိုင်ပြီး အကျိုးသက်ရောက်မှုလည်း ကြီးမားကြပါသည်။ 
မသန်စွမ်းသူများဆိုင်ရာ    အတားအဆီးများ ဆိုသည်မှာ   လူတစ်ဦးသည်     ပတ်ဝန်းကျင်ရှိ အကြောင်းအချက်များကြောင့် ထိုသူ၏ စွမ်းဆောင် နိုင်မှုကို    အကန့်အသတ်ဖြစ်စေပြီး   မသန်စွမ်းမှု ဖြစ်စေသည့်အရာများဟု     ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက   ဖွင့်ဆိုပါသည်။   ယင်းအတားအဆီး များတွင် - 
(က)    လက်လှမ်းမမီနိုင်သော  ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်၊ 
(ခ)    အားထားလောက်သည့်       နည်းပညာ အထောက်အကူများ        မရှိခြင်း (အထောက်အကူဖြစ်မှု၊    လိုက်လျော ညီထွေဖြစ်မှုနှင့်     ပြန်လည်ထူထောင် ရေး ဆိုင်ရာပစ္စည်းများ)၊ 
(ဂ)    မသန်စွမ်းမှုအပေါ်      မကောင်းမြင် သဘောထားများ၊ 
(ဃ)    ဝန်ဆောင်မှုများ၊ စနစ်များနှင့် မူဝါဒများ မရှိခြင်း    သို့မဟုတ်    ဘဝ၏နယ်ပယ် ကဏ္ဍအသီးသီးတွင်      ကျန်းမာရေး အခြေအနေတစ်ရပ်ရှိနေသည့်     လူ အားလုံးပါဝင်နိုင်မှုကို    အဟန့်အတား ဖြစ်စေခြင်းတို့ ပါဝင်ပါသည်။
အကောင်အထည်ဖော်မှု
ကမ္ဘာ့ကုလသမဂ္ဂသည် မသန်စွမ်းသူများအခွင့် အရေးနှင့်ပတ်သက်၍  ၂၀၀၆  ခုနှစ်   ဒီဇင်ဘာ ၁၃ ရက်တွင်   “မသန်စွမ်းသူများ၏  အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း”   (Convention on the Rights of Persons with Disabilities- CRPD) ကို အတည်ပြုခဲ့ပါသည်။ 
CRPD ၏ရည်ရွယ်ချက်မှာ မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးအားလုံးနှင့်   အခြေခံလွတ်လပ်ခွင့် များကို ညီမျှစွာအပြည့်အဝရရှိရေးကို   ကာကွယ် စောင့်ရှောက်ရန်နှင့် မွေးရာပါမသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရန် ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂသည်   မသန်စွမ်းသူများအားလုံး အကျုံးဝင်သော      မဟာဗျူဟာတစ်ရပ်ကို      ၂၀၁၉ ခုနှစ်       ဇွန်လက       စတင်အကောင်အထည်ဖော် ခဲ့ပါသည်။ 
United Nations Disability Inclusion Stra-tegy  သည် ၎င်း၏မူဝါဒနှင့်  တာဝန်ခံမှု    မူဘောင် တို့ဖြင့် မသန်စွမ်းသူများ ပါဝင်လာစေရေး ရည်မှန်း ချက်နှင့်    ကိုက်ညီသော   ကုလသမဂ္ဂ၏စနစ်ကို အထောက်အကူဖြစ်စေသည့်   အားလုံးအကျုံးဝင် သည့်  မဟာဗျူဟာတစ်ရပ် ဖြစ်ပါသည်။ ၎င်းသည် ကုလသမဂ္ဂ၏        လုပ်ငန်းကဏ္ဍအားလုံးတွင် မသန်စွမ်းမှုအခွင့်အရေးဆိုင်ရာ  ရေရှည်တည်တံ့၍ မတူညီသော ပြောင်းလဲမှုအတွက် အခြေခံတစ်ရပ် ဖြစ်ပါသည်။

 


မဟာဗျူဟာကို ငါးနှစ်ကြာအကောင်အထည်ဖော် မည်ဖြစ်ပြီး ယင်းနောက်  လိုအပ်သလို   ပြန်လည် သုံးသပ်ပြီး ပြင်ဆင်မွမ်းမံမည် ဖြစ်သည်။
စိန်ခေါ်မှုများ
မသန်စွမ်းသူများဆိုင်ရာ    မူဝါဒများ၊  မဟာ ဗျူဟာများ၊    လုပ်ငန်းစီမံကိန်းများကို    နိုင်ငံများ အလိုက် အကောင်အထည်ဖော်လျက်ရှိကြပါသည်။ ယင်းသို့အကောင်အထည်ဖော်ရာတွင် နိုင်ငံအသီး သီး၏ မတူညီသောအခြေအနေများအလိုက် မတူညီ သောစိန်ခေါ်မှုများ   ရှိနေကြပါသည်။ အများအား ဖြင့်         တွေ့ကြုံရသည့်      စိန်ခေါ်မှုများတွင် စိတ်သဘောထားများ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှု၊ မူဝါဒလိုအပ် ချက်၊ ကိုက်ညီသည့်ဥပဒေ၊ စီမံကိန်းထိရောက်စွာ အကောင်အထည်ဖော်မှု၊   လူမှုရေး၊     ဘဏ္ဍာရေး၊ ကျွမ်းကျင်သော     လူသားရင်းမြစ်၊     ပူးပေါင်း လုပ်ဆောင်မှုတို့ကို     တွေ့ရပါသည်။      ထို့ပြင် မသန်စွမ်းမှုများသည် ဆင်းရဲမွဲတေမှုနှင့်   အပြန် အလှန်ဆက်စပ်နေသဖြင့် ဝင်ငွေနိမ့်ကျသော နိုင်ငံ များနှင့်  ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်   ကြီးမားသော စိန်ခေါ်မှုအဖြစ် တွေ့ရပါသည်။ 
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အရ    ကမ္ဘာ တစ်ဝန်းမှ မသန်စွမ်းသူ   ၈၀   ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြကြောင်း  သိရပါ သည်။   ထို့ပြင် ကမ္ဘာ့အဆင်းရဲဆုံးသူများ၏  ၂၀ ရာခိုင်နှုန်းသည် မသန်စွမ်းမှုပုံစံအချို့ကို ခံစားနေ ကြကြောင်း ကမ္ဘာ့ဘဏ်အချက်အလက်များအရ သိရပါသည်။    အလားတူပင်    ဖွံ့ဖြိုးဆဲနိုင်ငံများရှိ  မသန်စွမ်းကလေးငယ် ၉၀ ရာခိုင်နှုန်းသည် ကျောင်း မနေကြရကြောင်း  တွေ့ရှိရသဖြင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် မသန်စွမ်းမှုတို့မှာ ဟန်ချက်ညီဖြေရှင်းကြရမည့်      စိန်ခေါ်မှုအဖြစ် တွေ့ရပါသည်။
ဆန်းသစ်သောဖြေရှင်းမှုများ
မသန်စွမ်းသူများ ပါဝင်မှုသည် လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော     ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ မြှင့်တင်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ မည်သူမျှ နောက်ကျမကျန်စေရဆိုသည့်      စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်  ၂၀၃၀ ကတိအတွက် လည်း   အဓိကကျပါသည်။   မသန်စွမ်းသူများ၏ အခွင့်အရေးများကို      အကောင်အထည်ဖော်ရေး ကတိကဝတ်သည် တရားမျှတမှုအတွက်သာမက အားလုံး၏အနာဂတ်အတွက်      ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂကဆိုပါသည်။
လက်ရှိအချိန်တွင်     ကမ္ဘာ့နေရာအနှံ့အပြား၌ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများ၊ ပဋိပက္ခ များ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုစသည့်   အပြန် အလှန် ဆက်နွှယ်နေသည့်   အကျပ်အတည်းများ သည်   လူသားတို့အတွက်          စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများ    ဖြစ်ပေါ်စေလျက်ရှိပါသည်။ ယင်းသို့သော  အခြေအနေတွင် မသန်စွမ်းသူများ ကဲ့သို့ ထိခိုက်လွယ်သော အခြေအနေရှိသည့်သူများ သည်       အခြားသူများထက်စာပါက     နောက်ကျ ကျန်ရစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ယင်း အခြေအနေတွင်  အစိုးရများ၊ လူထုနှင့် ပုဂ္ဂလိက ကဏ္ဍများပူးပေါင်း၍    မသန်စွမ်းသူများအတွက် ဆန်းသစ်သော အဖြေများရှာဖွေရန် အရေးကြီးလှ ပါသည်။     သို့မှသာ    မသန်စွမ်းသူများအတွက် လက်လှမ်းမီပြီး တန်းတူညီမျှမှုရှိသော ဝန်းကျင်များ ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ 
ကိုးကား-
၁။    https://www.worldbank.org/en/topic/disability
၂။    https://www.who.int/news-room/fact-sheets/detail/disability-and-health
၃။    https://www.cdc.gov/ncbddd/disabiity and health/disability-barriers.html
၄။    https://www.un.org/en/observances/day-of-persons-with-disabilities