Type

လဲ့ယဉ်သန့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည် ရေးခရီးစဉ် (State Visit) လာရောက်တော့ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ဟာ ၁၉၅၀ ပြည့်နှစ်မှာ သံတမန်အဆက် အသွယ် စတင်ထူထောင်ခဲ့ကြတာဖြစ်တဲ့ အတွက် အခု သမ္မတ မစ္စတာရှီကျင့်ဖျင် လာရောက်မယ့်ခရီးစဉ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု နှစ် (၇၀) ပြည့်မြောက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေ တာကို တွေ့မြင်ရပါတယ်။
သံတမန်ဆက်ဆံမှု နှစ်ပေါင်း (၇၀) ကာလ အတွင်းမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ချစ်ခင် ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းဆက်ဆံရေးကို အစိုးရအဆက်ဆက် ထိန်းသိမ်းလာခဲ့ကြပါ တယ်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင် တည်ထောင်ချိန်မှာ မြန်မာနိုင်ငံဟာ ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။ နှစ်နိုင်ငံအကြား ကီလိုမီတာ ၂၀၀၀ ကျော်၊ မိုင်အားဖြင့် ၁၃၈၄ မိုင် ရှည်လျားတဲ့ နယ်နိမိတ်တစ်လျှောက်အတွက် နယ်နိမိတ် စာချုပ် (Boundary Treaty) ကို ၁၉၆၀ ပြည့် နှစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အခြေပြ စာချုပ် (Protocol) ကို ၁၉၆၁ ခုနှစ်မှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ဒီနယ်နိမိတ်သဘောတူစာချုပ် ဟာ နိုင်ငံပေါင်း (၁၄) နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံအတွက် ပထမဆုံး လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူစာချုပ် ဖြစ်တာကြောင့် တရုတ်နိုင်ငံအတွက် ကျန်နိုင်ငံများနဲ့ နယ်နိမိတ်သဘောတူစာချုပ် တွေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် စံနမူနာပြစာချုပ်တစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရ က မကြာခဏ ချီးကျူးပြောဆိုလျက်ရှိပါတယ်။
မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဝန်ကြီး ချုပ် ဦးနု၊ ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ ဝန်ကြီးချုပ် နေရူး တို့ဟာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် (Five Principles of Peaceful Coexistence ) ကို ၁၉၅၄ ခုနှစ်မှာ ပူးတွဲချမှတ်ခဲ့ကြပါတယ်။ ဒီမူကြီး (၅) ချက်ဖြစ်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြား နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ် အခြာအာဏာကို အပြန်အလှန်လေးစားမှု ရှိရေး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျူးကျော်မှု မပြုလုပ်ရေး၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး၊ တန်းတူရည်တူရှိမှုနှင့် အပြန် အလှန် အကျိုးဖြစ်ထွန်းမှုရှိရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးတွေဟာ ဒီကနေ့ခေတ် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်အထိ စံပြုထိုက်တဲ့ မူဝါဒတွေအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးမှာလည်း ဒီမူကြီး (၅) ချက်ဟာ အဓိကကျတဲ့နေရာက နေ ပါဝင်နေပါတယ်။
ခေတ်အဆက်ဆက် နှစ်နိုင်ငံ ခေါင်းဆောင် တွေအကြား အပြန်အလှန် ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်တွေဟာလည်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့သလို ပူးပေါင်းဆောင်ရွက် မှုတွေကိုလည်း အရှိန်အဟုန် မြှင့်တင်ပေးနိုင် ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ညီရင်းအစ်ကိုပမာ ဆက်ဆံရေးသဖွယ်ရှိမှုကို ပမာပြုပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေး လို့လည်း တင်စားသတ်မှတ် ခေါ်ဝေါ်ခဲ့ကြပါ တယ်။ ၂၀၁၁ ခုနှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံ ရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံများဆက်ဆံ ရေး (Comprehensive Strategic Cooperative Partnership) အဆင့်ကို တိုးမြှင့်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို အစဉ်အမြဲ ထောက်ခံခဲ့ပြီး တိဘက်၊ တိုင်ဝမ်နဲ့ ရှင်းကျန့် ဒေသတွေဟာ တရုတ်နိုင်ငံရဲ့ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတွေအဖြစ် ရပ်တည်ချက်ထားရှိ ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာ နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်တွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ တွေသာဖြစ်ပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်း အားထုတ် ဖြေရှင်းဆောင်ရွက်မှုတွေအပေါ်မှာ အပြုသဘောအကူအညီသာ ပေးသင့်ကြောင်း ရပ်တည်လျက်ရှိပါတယ်။ ပြည်ပနိုင်ငံတွေ အနေနဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ အပြု သဘောမဆောင်တဲ့ ရလဒ်တွေသာ ရရှိစေ မယ့် လုပ်ဆောင်ချက်တွေကိုလည်း ရှောင်ရှား ကြဖို့ အစဉ်တိုက်တွန်းလျက်ရှိပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက် မှုတွေဟာ နှစ်စဉ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါ တယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်မှာ ဒေါ်လာ ၁၁ ဘီလီယံကျော်အထိ ရှိနေပြီး နယ်စပ်ကုန်သွယ်မှုဟာ ကုန်သွယ်မှု စုစုပေါင်းရဲ့ ထက်ဝက်ကျော် ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ကြည့်ရင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ဒေါ်လာ ၂၁ ဘီလီယံနီးပါး ရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပါ တယ်။
၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative-BRI) မှာ မြန်မာနိုင်ငံဟာလည်း အကျိုးတူပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor) စီမံကိန်း အရ နှစ်နိုင်ငံအကြား ပေါင်းစည်းဆက်နွှယ်ရေး ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုး ရေးနဲ့ မွေးမြူရေးကဏ္ဍ၊ ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍ၊ ငွေကြေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့် ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ မြန်မာအစိုးရအနေ နဲ့လည်း နိုင်ငံတော်ရဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ ပြည်သူပြည်သားများရဲ့ လူနေမှုအဆင့်အတန်းကို ပိုမိုတိုးမြှင့်နိုင်ဖို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ် (Myanmar Sustainable Development Plan-MSDP) ကို ချမှတ်ပြီး ရည်မှန်းချက် (၁၇)ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံမှုရှိရေး၊ အရည် အသွေးမြင့်ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရေး၊ ကျား-မ တန်းတူ ညီမျှမှုရှိစေရေး၊ အားလုံး ပါဝင်ခံစားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး (All-inclusive Growth) ရရှိရေး၊ ပြည်သူ ပြည်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေး၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငြိမ်းချမ်း ရေးနဲ့ တရားမျှတမှုရှိတဲ့ လူမှုအဖွဲ့အစည်း တစ်ရပ် တည်ထောင်ရေးကိစ္စတွေကို အလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီရည်မှန်းချက်တွေ အောင်မြင်မှုရရှိဖို့ မြန်မာ နိုင်ငံဟာ မည်သည့်နိုင်ငံနဲ့မဆို နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်၊ မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဦးစားပေးအစီအစဉ်တွေနဲ့ ကိုက်ညီမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ စီးပွားရေးအရ တံခါးဖွင့် ဝါဒကို ကျင့်သုံးခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ နှစ်ပေါင်း (၃၀) အတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့အတူ တရုတ်ပြည်သူ သန်းပေါင်း ၈၅၀ ကျော်ကို ဆင်းရဲနွမ်းပါးမှု သံသရာကနေ လွတ်မြောက်စေခဲ့တဲ့ အချက်ဟာ နိုင်ငံတကာက ချီးကျူး ထောမနာပြုခဲ့ကြရတဲ့ ရလဒ်ကောင်းတွေ ဖြစ်ပါတယ်။ အခုဆိုရင် တရုတ် ခေါင်းဆောင်တွေဟာ တရုတ်ကွန်မြူနစ် ပါတီတည်ထောင်မှု နှစ် (၁၀၀)ပြည့် မြောက်မယ့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံကို အလယ်အလတ် ချမ်းသာကြွယ်ဝတဲ့ လူမှု အဖွဲ့အစည်းတစ်ရပ် (Moderately Prosperous Society) ဖြစ်လာစေရေးနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် (၁၀၀) ပြည့်မြောက်မယ့် ၂၀၄၉ ခုနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတ မျှတတဲ့ ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော် တစ်ရပ် (Strong, Harmonious and Modern Socialist Country) တည်ထောင် နိုင်ရေးဆိုတဲ့ ရာပြည့်ရည်မှန်းချက် (၂)ရပ် ကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း တရုတ် နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လေ့လာပြီး မိမိနိုင်ငံရဲ့ အခြေအနေများနဲ့ ကိုက်ညီမယ့် အစီအစဉ်တွေ ချမှတ်ဆောင် ရွက်သွားနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ကမ္ဘာ့ နိုင်ငံများအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအတွက် ရှေးရှုဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံကြီး/ ငယ်မဟူ တန်းတူညီမျှစွာနဲ့ အပြန်အလှန် အကျိုး ဖြစ်ထွန်းရေး “မူ” တွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခု ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒဖြေလျှော့ပေးမှုတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပတ်ဝန်းကျင် ကောင်းတစ်ရပ်ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ပေးမှုတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်များပြား လာခဲ့သလို နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းထားဟာ ၂၀၁၉ ခုနှစ်အတွင်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အတွင်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာ နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က တွက်ချက် ထားပါတယ်။
ဒီဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင် ဖို့အတွက် ပြည်တွင်းမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖော် ဆောင်သွားဖို့ လိုအပ်သလို ပြည်ပနိုင်ငံ တွေနဲ့လည်း အကျိုးတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပြည်ပနိုင်ငံခရီးစဉ် တွေ၊ ပြည်ပနိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်သွားနိုင်မှာဖြစ်လို့ တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တွေကို ပိုမိုမြှင့်တင်သွားနိုင်မှာ ဖြစ်ပါ တယ်။
အခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်တဲ့ အချက် ရယ်၊ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကိုသာ လာရောက်တဲ့ အချက်ရယ်၊ ခရီးစဉ် လာရောက်ချိန်ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ် (၇၀) ပြည့် မြောက်တဲ့အချိန် ကာလဖြစ်နေတာတွေကို ကြည့်ရင် ခရီးစဉ်ရဲ့ ထူးခြားလေးနက်မှု တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၁ ခုနှစ် မှာ မြန်မာနိုင်ငံကို တရုတ်သမ္မတ မစ္စတာ ကျန်ဇီမင်း လာရောက်ပြီး နောက်ပိုင်း (၁၉) နှစ်ကြာမှ တရုတ်သမ္မတကြီးတစ်ဦး မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဖြစ် နေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင် (milestone)တစ်ခု စိုက်ထူနိုင်မယ့် ခရီးစဉ် လည်း ဖြစ်နေပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီမှုတွေကို လက်မှတ် ရေးထိုးသွားနိုင်မှာဖြစ်လို့ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။
- Log in to post comments