အပြောင်းအလဲမြန်လာတဲ့ ကမ္ဘာကြီးမှာ စစ်ကိုပြင်ထားမှ တော်ကာကျမယ်

Type

 

မြင့်မြတ်

အနိဋ္ဌာရုံများနှင့် ကမ္ဘာကြီးကား ငြိမ်းချမ်းသည်ဟူ၍ မရှိ။ 
ယနေ့ကမ္ဘာကြီးမှာ   တစ်နေရာမှ  တစ်နေရာ  စစ်ခင်းရတာ လွယ်ကူလာနေသည်။   တစ်နှစ်ပြီးတစ်နှစ်   နိုင်ငံရေး၊  စီးပွားရေး၊  စစ်ရေးအခြေအနေများက ပို၍ဆိုးလာနေသည် ။ ကမ္ဘာကြီးကို လွှမ်းမိုး လိုသည့် နယ်မြေလုပွဲတွေ၊ အခင်းအကျင်းအသစ်တွေနှင့် အပြောင်း အလဲများက မြန်ဆန်လာနေသည်။ 
ယနေ့ခေတ်   ဒီမိုကရေစီအမည်ခံ  ရွေးကောက်ပွဲအများစုက နေရာလုပွဲများသာ   ဖြစ်လာနေသည်၊၊  အကျိုးစီးပွားအတွက်ဆို ဘာမဆိုလုပ်သည့်ခေတ်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊  ကိုယ့်လူမျိုးမချန် ချနင်းကြသည့်ခေတ်၊ ကုလသမဂ္ဂလည်းမတတ်နိုင်၊ UNSC ဆိုတာ လည်း မြောင်းထဲမှာ။  ခွင့်မပြုလည်း ကြီးနိုင်ငယ်ညှဉ်း ဝင်တိုက်နေ သည့်ခေတ်၊ ကိုယ်ကျိုးစီးပွားသာပထမ ဖြစ်လာနေကြပြီ။  ကမ္ဘာကြီး ကို စိုးမိုးဖို့၊ ဒေသတွင်း လွှမ်းမိုးနိုင်ရေးသည်သာ အဓိကဖြစ်လာကြပြီ။ ဆိုးရွားလွန်းသည့်  ကမ္ဘာ့ကပ်ဘေးနှင့်အတူ   ထပ်ဆင့်ပဋိပက္ခများ နောက်မှာ လူသန်းပေါင်းများစွာ၏ အငတ်ဘေး၊  စစ်ဘေး၊ သဘာဝ ဘေး အကျပ်အတည်းများက ကပ်ပါလာသည်။ နိုင်ငံရေး၊  စီးပွားရေး အကျပ်အတည်းကို စစ်ရေးနည်းဖြင့် အဖြေရှာလာပြီး အကြမ်းဖက် ခြင်းက ထွက်ပေါက်တစ်ခုအဖြစ် အနိဋ္ဌာရုံအားလုံး၏ အမြစ်သဖွယ် ဖြစ်လာနေသည်။
စစ်ခေါ်သူတွေကြောင့် စစ်ပြင်နေကြရပြီ
 အင်အားကြီးလာလျှင် အားနည်းသည့် တိုင်းပြည်ကိုဖျက်ဆီးဖို့ ဝန်မလေးသည့်ခေတ် ရောက်လာပြီ။  စစ်ခေါ်သူတွေကြောင့် စစ်က လက်တစ်ကမ်းမှာ၊ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျမှုကို စစ်ရေးဖြင့် ခေါင်းလွှဲချင်သည့် တချို့ခေါင်းဆောင်တွေကြောင့် အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်ရမည့်အဖြစ်ကို ဆိုက်နေသည့်ကမ္ဘာကြီး။  ယနေ့ အချိန်မှာ ဒီမိုကရေစီတို့၊  လစ်ဘရယ်တို့၊  အာဏာရှင်တို့ဆိုသည့်ခေတ်က နောက်ရောက်သွားပါပြီ၊ အားလုံးက ကိုယ့်အကျိုး၊ ကိုယ့်လူမျိုးအကျိုး စီးပွားသက်သက်သာဖြစ်လာသည်။   နယ်မြေစိုးမိုးနိုင်ရေး  ရသမျှ နယ်မြေသိမ်းနိုင်ဖို့က အဓိကဖြစ်လာသည်။ စနစ်ကအရေးမကြီး၊ ဘာသာရေးက အရေးမကြီးတော့။  အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေ ဟူသည်မရှိ ဖြစ်ကုန်ကြပြီ၊၊ 
အကျိုးစီးပွားချင်းတူလျှင် ကွန်မြူနစ်ကလည်း ဒီမိုကရေစီနှင့် ပေါင်းချင်ပေါင်းမည်၊ ပုလင်းတူဘူးဆို့ အကုန်ပေါင်းသည်။ တိုက်ဆိုင် တာလည်းဖြစ်မည်၊ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာလည်းဖြစ်နိုင် သည်။ အုပ်စုဖွဲ့၍ ဒေသတွင်းစစ်အုပ်စုအသစ်တွေ ထွက်ပေါ်လာသည်။ ဘာကြောင့် ဆီးရီးယားပြည်တွင်းစစ်ကြာရှည်နေရသနည်း၊ ယူကရိန်း ပြဿနာနှင့် ဂါဇာစစ်ပွဲများ ကြာရှည်သွားနိုင်သည့် အခြေအနေတွေကို မြင်နေရသည်... အဓိကက ပြည်သူတွေ သတိထားဖို့ပါ။ ဒီအချိန်မှာ အားလုံးက စစ်ပြင်နေကြပြီဖြစ်ပြီး ယောကျ်ား၊ မိန်းမ လူကြီးလူငယ် မရွေး၊   ကျောင်းသား၊    အလုပ်သမား၊   အားလပ်ချိန်မှာ   အားလုံး စစ်လေ့ကျင့်ရမယ့်အချိန်ရောက်လာပြီလို့   တစ်စုံတစ်ယောက်က ပြောလာခဲ့လျှင် ဒီလိုအချိန် ဒီလိုအခြေအနေမှာ လွန်အံ့မထင်ပါ။ 
ရုရှား- ယူကရိန်းမီးပွားတစ်စ
လက်ရှိ ရုရှား- ယူကရိန်းစစ်က မပြီးသေး၊ ပြည်တွင်းနိုင်ငံရေးမှာ ဇောကပ်နေသော  ဇာလန်စကီးနှင့် သူ့အတ္တက စစ်ကို မပြီးဆုံးအောင် လုပ်သလိုဖြစ်နေသည်။ စစ်ကိုရပ်ချင် ပုံမရ၊ ငြိမ်းချမ်းရေးယူချင်ပုံ မရသည့်   သူ့အဇ္ဈတ္တသဏ္ဌာန်ကို  ရုရှားပိုင်နက်ထဲ ဒုံးကျည်များဖြင့် မကြာခဏပစ်ခတ်ခြင်းက ပြသနေသည်။ ယခုလောလောဆယ်မှာတင် ရုရှားထိန်းချုပ်ထားသည့်  Zaporizazhia နျူကလီးယားဓာတ်ပေါင်းဖိုကို ဒုံးကျည်ဖြင့်   သုံးကြိမ်  ပစ်ခတ်လိုက်သည့်အတွက်  လူသုံးယောက် သေဆုံးသွားခဲ့ရပါပြီ။ 
 နျူကလီးယားစက်ရုံဖြစ်သည့်     နိုင်ငံခြားတိုင်းပြည်တစ်ခု၏  Infrastructure ကို တိုက်ခိုက်တာလောက် မိုက်မဲမှုမျိုး တော်ရုံတန်ရုံ ခေါင်းဆောင်က စဉ်းစားမည်မဟုတ်ပါ။ ရေဒီယိုသတ္တိကြွယိုစိမ့်မှုနှင့် အဏုမြူရောင်ခြည်သင့်နိုင်သည့် အန္တရာယ်ကို IAEA ကပင် ထုတ်ဖော် သတိပေးခဲ့ရသည့် အခြေအနေသည် အလွန်သတိထားရမည့် ကိစ္စရပ် ဖြစ်လာခဲ့ပါပြီ။ ရုရှား- ယူကရိန်း ပဋိပက္ခကြောင့်ပဲ အမေရိကန်နှင့် ရုရှား၊ အနောက်အုပ်စုနှင့် ရုရှားဆက်ဆံရေးများမှာ အလွန့်အလွန် အဆိုးရွားဆုံးအနေအထားသို့ ရောက်ရှိနေရသည်။ ဒီအခြေအနေက ကမ္ဘာကြီးအတွက်တော့   ကောင်းမယ့်အလားအလာတွေ  တစ်ခုမှ မဟုတ်ပါ။ ဇာလန်စကီးနှင့် အနောက်အုပ်စုပယောဂကြောင့် ရုရှား ဆင်နွှဲနေသော    လက်ရှိကန့်သတ်စစ်မှသည်   အကန့်အသတ်မဲ့ စစ်ပွဲကြီးအထိ ဦးတည်သွားနိုင်သည်ကို သတိပြုစေချင်သည်။
တစ်ကမ္ဘာလုံး   ပဋိပက္ခအပြည့်နှင့်  လုံးထွေးနေချိန်မှာ  ငါတို့ ငြိမ်းချမ်းမှုကို    အန္တရာယ်အရှိဆုံး   Seriously   ill  condition အနေအထားတစ်ရပ်ရောက်အောင် တွန်းပို့နေတာ ဘယ်သူတွေလဲ၊ မြင်အောင်ကြည့်စေချင်သည်။  ရုရှားနိုင်ငံ မော်စကိုမြို့က  Crocus City Hall ဂီတကပွဲရုံကို ISIS အမည်ခံ အကြမ်းဖက်တွေ တိုက်ခိုက် ခဲ့ကြလို့ ပြည်သူ ၁၄၅ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်က ပူပူနွေးနွေးရှိဦး မှာပါ။ ဒီလိုအချိန်မှာ ဒီလိုပြဿနာမျိုး ဖန်တီးသင့်ပါသလား၊ ရုရှားက စုံစမ်းစစ်ဆေးမှုတွေအရ ယူကရိန်းလက်ချက်မကင်းသော အထောက် အထားတွေ   တစ်ရစ်ချင်းပေါ်ထွက်လာနေရာမှာ  CIA,  NATO နဲ့ ယူကရိန်း ထောက်လှမ်းရေးတို့ ပါဝင်ထောက်ပံ့မှုတွေကိုသာ သက်သေ ပြနိုင်ခဲ့လျှင် ကမ္ဘာကြီးအတွက် အခြေအနေက လုံးဝမကောင်းနိုင်တာ တွေ့ရပါသည်။ 
ခပ်စိတ်စိတ်ဖြစ်လာသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ
တစ်ဖက်နှင့်တစ်ဖက် နယ်မြေချဲ့ထွင်မှုကိုအကြောင်းပြ အုပ်စု အသစ်ဖွဲ့ခြင်း    ဖွဲ့ပြီးအုပ်စုကို    ချဲ့ထွင်ခြင်းများ   ပြုလာကြသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ   အပြောင်းအလဲများရှိလာရာ တချို့က စစ်တိုက်ဖို့အတွက် အဖျက်သဘောဖြစ်ပြီး တချို့က ငြိမ်းချမ်း ရေးအတွက် အပြုသဘောအဖြစ်  မြင်လို့ရသည်။  ဩစတြေးလျ -  အမေရိကန် -  ယူကေ သုံးပွင့်ဆိုင် AUKUS လုံခြုံရေး မဟာမိတ်အဖွဲ့မှာ ဂျပန်ကိုပါ ထည့်သွင်းဖို့ ကြိုးစားလာခြင်း၊ အိန္ဒိယကို အမေရိကန်နှင့် ဗြိတိန်တို့က ပိုမိုအားကိုးလာပြီး  အာရေဗျပင်လယ်နှင့်  ဘင်္ဂလား ပင်လယ်အော်ကိုစိုးမိုးနိုင်ဖို့  စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ် လာခြင်းက   အင်အားကြီးထွားလာသော  တရုတ်ကို  အန်တုရန်ဟု ဆိုသည်။ 
AUKUS လိုပဲ စစ်ရေးအပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု   ချဲ့ထွင်ခြင်းများသည်  ကမ္ဘာအနှံ့ ဖြစ်လာနိုင်သည်။ လောလောဆယ်မှာကို    ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့်   တရုတ် ခေါင်းဆောင်တို့  show of support အနေဖြင့် ဘေဂျင်းမှာ ဧပြီ ၉ မှာ တွေ့ခဲ့ကြခြင်းသည် တစ်ဖက်မှာ ဂျပန်ဝန်ကြီးချုပ် ဝါရှင်တန်သို့ သွားရောက်သည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်ကို သတိထား မိသည်။
အီရန်-အစ္စရေးစစ်ပြင်လာမှု
ထိုနည်းတူ နျူကလီးယားလက်နက်ပိုင်ရှင် အီရန်နှင့် အစ္စရေးတို့ စစ်ဖြစ်ဖို့ကလည်း နီးလာတာတွေ့ရသည်။ ယခင်လများကတည်းက ခန့်မှန်းထားသည့်ခန့်မှန်းချက်က လတ်တလောအခြေအနေများနှင့် ပိုပြီးနီးစပ်မှုရှိလာသည့် သဘောပါပဲ။ ဂါဇာစစ်က မပြီးဆုံးနိုင်သေး၊ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မှာရှိသည့်    အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက  ဗုံးကြဲတိုက်ခိုက်လိုက်တာကြောင့် အီရန်တော်လှန်ရေး အစောင့်တပ် ဗိုလ်ချုပ်ကြီးအပါအဝင် အရာရှိကြီး ခုနစ်ဦး သေဆုံးသွား ခဲ့သည့် ဖြစ်စဉ်နှင့်အတူ အစ္စရေးကို လက်စားချေ တုံ့ပြန်ဖို့ အီရန် တပ်ဖွဲ့များ ဆီးရီးယားသို့ရောက်ရှိသွားခြင်း၏ နောက်ဆက်တွဲများဟာ အခန့်မသင့်ရင်   ကမ္ဘာစစ်ကြီးအထိ   သယ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။
 ဒီနေရာမှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ရင်ဆိုင်နေရသည့်  သူ့ပြည်သူတွေက သူ့အပေါ်အုံကြွမှုဟာ ဂါဇာစစ်ကို တာရှည်စေနိုင် သလို လိုအပ်လျှင် အီရန်ကိုပါ စစ်ထဲဆွဲသွင်းမယ့် အနေအထားကိုပါ တွေ့လာနေရသည်။ မီးလောင်ရာလေပင့်ဆိုသလို ဂါဇာတောင်ပိုင်းမှာရှိ သည့် ပါလက်စတိုင်းမြို့တစ်မြို့ဖြစ်သော  ရာဖာကို စစ်ဆင်နွှဲဖို့ နေတန် ရာဟု၏   ဆုံးဖြတ်ချက်က   ဂါဇာစစ်ကို   ပိုမိုကျယ်ပြန့်သွားစေသည့် အပြင် အီရန်နှင့် အစ္စရေး  ထိပ်တိုက်စစ်ဖြစ်ဖို့အထိ နီးစပ်လာသည့် အခြေအနေတွေဖြစ်လာကြောင်း သုံးသပ်၍  ရနိုင်ပါသည်။ အီရန်သာ စစ်ပွဲထဲပါဝင်လာလျှင် အီရန်ကိုထောက်ခံတဲ့ အင်အားလေးသိန်းခန့်ရှိ ယီမင်ဟူသီတို့ကြောင့် ဒေသတွင်းစစ်ပွဲကြီးအထိ စစ်မီးတောက်လာနိုင် ကာ အစ္စရေးဘက်က အမေရိကန်နှင့် နေတိုး၊ အီရန်ဘက်က တရုတ်၊ ရုရှားတို့ပါဝင်လာမည့် တတိယကမ္ဘာစစ်အထိ  အချိန်မရွေးကူးပြောင်း သွားနိုင်ပုံကို သတိထားရမှာဖြစ်ပါသည်။
အမျိုးသားလုံခြုံရေးကို ဘယ်အရာတွေက ခြိမ်းခြောက်နေသလဲ
စစ်နှင့်  အနိဋ္ဌာရုံက ဒွန်တွဲနေတာကြောင့် စစ်ဖြစ်တာကို ယဉ်ကျေး သည့် လူ့အသိုင်းအဝိုင်းက ဘယ်သူကမှ ကြိုက်မည်မထင်ပါ။ သို့သော် စစ်ကိုခေါ်လာသူ၊ ခေါ်နေသူ  ဘယ်သူသေသေ ငတေမာပြီးရောလူမိုက် တွေကြောင့် စစ်ကိုရှောင်လွှဲလို့မရမည့် အခြေအနေတွေအထိ ရောက်လာ နိုင်သည်ကို ပြည်သူအားလုံးက သတိချပ်ရပါမည်။ ယခု ကမ္ဘာကြီးမှာ ဖြစ်နေသည့် စစ်ပွဲတွေက    တတိယကမ္ဘာစစ်  WW III အဖြစ် အမည် မတွင် သေးသော်လည်း ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအသွင် World Crisis အသွင်ကိုတော့ ဆောင်လာနေပါပြီ။
 WW I နှင့်  WW II စစ်ပွဲကြီးများထက် WW III မှာ နည်းပညာမြင့် လက်နက်ဆန်းများသုံးပြီး လူသားတွေ ပိုပြီးသေကျေကြမယ့်အရေး ထင်ရှားမြင်လာကြသည့်အတွက် တတ်နိုင်သမျှ စစ်ကိုတားဖို့ကြိုးစား နေသော်ငြား ကျွန်တော်တို့နိုင်ငံ၏ မြန်မာပြည်သူတွေ အနိုင်ကျင့်မခံရ အောင်တော့ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်၊၊ အရှေ့နှင့် အနောက် လွန်ဆွဲပွဲမှာ  မဟာဗျူဟာမြောက် ခတ်ကွင်းအကျဆုံးဖြစ်နေရသည့် မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘယ်လိုအရာတွေက ခြိမ်းခြောက် လာနေသလဲဆိုတာ အချိန်ပြည့် ဆန်းစစ်ပြီး နိုင်ငံရေးဝမ်းစာပြည့်နေရ မည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေသည့် ပဋိပက္ခမှန် သမျှသည် အင်အားကြီးတို့၏  ပထဝီနိုင်ငံရေးကစားပွဲ ၊ ပထဝီစီးပွားရေး အကျိုးစီးပွား၊  အဂတိတရားများနှင့်     ကင်းလွတ်သည်ဟူ၍ မရှိပါ။ အကျိုးစီးပွားနှင့်   ပဋိပက္ခဆက်စပ်နယ်ပယ်တွေကို   မြင်နိုင်လျှင် ဘယ်နိုင်ငံကကိုယ့်မိတ်ဆွေ  ဘယ်သူကတော့  ဒုက္ခပေးမယ့်ရန်သူ စသည်ဖြင့်     ခွဲခြားမြင်နိုင်စွမ်းရှိလာမည်ဖြစ်သည်။     အားလုံးက ဒစ်ဂျစ်တယ်ဟူ၍ ဖြစ်လာချိန်မှာ နိုင်ငံအဆင့်ဆိုက်ဘာ တိုက်ခိုက်မှုများ ကလည်း    ခြိမ်းခြောက်မှုတစ်ရပ်   ဖြစ်လာနေသည်ကိုလည်း  မပေါ့ မလျော့ သတိထားရန်လိုသည်။ 
သင်ခန်းစာအရ မိမိအင်အားသည်သာအဓိက
ကမ္ဘာအနှံ့စစ်ပွဲခေါ်သံတွေကြောင့် အချို့နိုင်ငံတွေမှာ တစ်နိုင်ငံလုံး စစ်လေ့ကျင့်နေကြတဲ့မြင်ကွင်းတွေကို ကြားသိနေရသည်။ မြန်မာနိုင်ငံ တွင် လက်ရှိအကောင်အထည်ဖော်နေသော  ပြည်သူ့စစ်မှုထမ်း အခြေ အနေက  အားရစရာတွေရှိနေပြီး ဒီဥပဒေကို အကောင်အထည်ဖော်ဖြစ် သွားတာ    အလွန်ကောင်းသွားသည်။     တချို့သောအရာတွေက ပေးဆပ်မှုအရင်းအနှီးအများကြီးအောက်မှာ   သင်ခန်းစာယူစရာ များစွာရလိုက်ပြီလို့ ယူဆပါသည်။ 
ပြောင်းလဲလာသည့်နည်းပညာကို အဓိကအားကိုး၍ ရန်သူကျင့်သုံး နေသော  တိုက်ပွဲပရိယာယ်ကို မိမိတို့ခံစစ်နည်းပရိယာယ်အသစ်က ဘယ်လိုတုံ့ပြန်မည်လဲ၊    ခေတ်သစ်ဒရုန်းစစ်ပွဲတွေက   တန်ဖိုးကြီး လက်နက်တွေနေရာမှာ အရင်းအနှီးနည်းနည်းနှင့်    ဘယ်လိုစစ်ဆင်ရ မည်ဆိုသည်တွင်    အတွေ့အကြုံများစွာရခဲ့ပြီဟု   ယူဆနိုင်သည်။ အားနည်းချက်၊ အားသာချက်ကိုဖွေရှာပြီး ဒီအချိန်မှာ တပ်မတော် အင်အားနှင့် ပြည်သူစစ်စစ်တို့၏ အင်အားကို အားထည့်တည်ဆောက်ရ ပေတော့မည်။
မြန်မာ့တပ်မတော်ကို    ဝန်းရံပေးဖို့ပြည်သူ့အားကိုလိုသည်။ ပြင်ပက မိတ်ဆွေ စစ်စစ်များကိုလည်း ရှာဖွေထားနိုင်ရမည်။ အမြဲတမ်း မိတ်ဆွေ အမြဲတမ်းရန်သူဟူ၍မရှိမူ၍ ပြင်ပကိုအများကြီးမှီခိုနေရန်လည်း မလိုပါ။ US နှင့် NATO ကို ယုံကြည်မှီခိုလွန်းပြီး စစ်တိုက်ခဲ့သည့် ဇာလန်စကီး၏    ရေရှည်မလွယ်သောအဖြစ်မျိုးကိုလည်း သင်ခန်းစာ ယူနိုင်ရမည်။ ထို့ကြောင့် ကိုယ့်ပြည်တွင်းအားသည်သာအဓိက ကိုယ့် အင်အားသည် ကိုယ့်ပြည်တွင်းမှာသာရှိသည်ဟူသော အမြဲမှန်သော အယူအဆကိုသာ ကိုင်စွဲရမည်ဖြစ်သည်။ သူများစစ်ပြင်ချိန်မှာ ကိုယ်က မပြင်ဆင်နိုင်လျှင် တစ်ပန်းရှုံးမည်ဖြစ်ပြီး ရန်သူကိုပြင်ဆင်ချိန်မပေး ခြင်းက စစ်ကိုအောင်နိုင်ရာဖြစ်ပါမည်။ အကန့်အသတ်မဲ့စစ်ပွဲကြီးများ အသံပေးလာချိန် အမေကျော် ဒွေးတော်လွမ်း အကြောက်လွန်သူများ ဘယ်နိုင်ငံပြေးပြေး လွတ်မည်မထင်ပါ။ 
တစ်ခုပဲရှိသည်။ စုပေါင်းအင်အားတည်ဆောက်ဖို့ရန် ကိုယ့်လူမျိုး၊  ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကိုယ် ကာကွယ်လိုစိတ်များ ပေါ်ပေါက်နေရ မည်၊၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ဆိုပါတော့၊ ဒီမြေ၊  ဒီပြည်ကို ဒို့သာ ပိုင်ရမည်ဆိုသည့် စိတ်ဓာတ်မျိုးဖြစ်သည်။ သို့သော် စုပေါင်းအားကို ကျိုးပျက်စေသည့် ကိုယ်ကျိုးကြည့်မစ္ဆရိယစိတ် ရန်လိုမှုနှင့် သံသယ တွေကိုတော့ အတ္တကင်းကင်းဖြင့် ပယ်ဖျောက်နိုင်အောင် ကြိုးစားကြ ရဦးမည်။ 
အတွင်းအပြင်ပဋိပက္ခများနှင့်  တိုင်းပြည်၏ ကံကြမ္မာအရေးကြီးနေ ချိန်မှာ ခွင့်လွှတ်နိုင်လျှင်၊ နားလည်ပေးနိုင်လျှင် မေတ္တာထားနိုင်ကြလျှင် တော့ အကောင်းဆုံးပါပဲ။ ငြိမ်းချမ်းသော  ကမ္ဘာကြီးဖြစ်ဖို့   သွေးနှင့် နှီးမယ့်လူတွေကသာ   အဓိကမဟုတ်ပါလား။ လောလောဆယ်တော့ ကမ္ဘာဖျက်မယ့်အကြံအစည်တွေကြောင့် မိမိကိုယ်မိမိ၊ မိမိလူ့ အဖွဲ့ အစည်း၊  မိမိနိုင်ငံမပျောက်ပျက်အောင်  စစ်ကိုသာပြင်ထားကြရဦး တော့မည်။       ။