အနန္တကျေးဇူးရှင် မိခင်များနေ့

Type
4

 

မျိုးငြိမ်းငယ် 

ဟေမန္တဆောင်းရာသီ၏ အလယ်ဗဟိုတွင်ကျသော ပြာသိုလသည် အလွန်ချမ်းအေးသည့်လဖြစ်၏။  ထို့ကြောင့်   ပြာသိုလကို ငွေနှင်းစိုစို လပြာသိုဟု တင်စားကြလေ့ရှိသည်။ “တိမ်ခြေငယ် ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုလ်၊ နွယ်ခွာညို ကြိုင်ကြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး” ဟု မဟာအတုလမင်းကြီးက ပြာသိုလကို စပ်ဆိုခဲ့သည်။ တိမ်ခြေကင်း၍ သာယာသောလ ဖြစ်သည်။ ပြာသိုလတွင် ရာသီပန်းဖြစ်သည့် ခွာညိုပန်းများပွင့်ကြသည်။ ပြာသိုလသည် သာယာအေးချမ်းမှုနှင့် ပြည်စုံသည်သာမက ပြာသိုလပြည့်နေ့သည် မိခင်များကို ဂုဏ်ပြုသည့် အမေများနေ့ ဖြစ်ပါသည်။ 

ပြာသိုလပြည့်နေ့သည်   ဗုဒ္ဓဘာသာဝင်တို့ အတွက်  ထူးခြားလေးနက်သည့် ရှင်တစ်ထောင် အခါတော်နေ့လည်း ဖြစ်သည်။     ထိုသို့    ထူးခြား လေးနက်သည့်နေ့တွင်   တုနှိုင်းမဲ့သော   မိခင်၏ မေတ္တာကို  အောက်မေ့ဂုဏ်ပြုရန် အမေများနေ့ အဖြစ်    သတ်မှတ်ခဲ့ပါသည်။  အမေများနေ့သည် အေးချမ်းလှသည့်     ဆောင်းရာသီရက်များထဲမှ တုံ့လှယ်မေတ္တာဖြင့်  နွေးထွေးစေသည့်  နေ့ရက် တစ်ရက်ဟုလည်း ဆိုနိုင်ပါ၏။


အမေများနေ့


အမေဆိုသည်က လူသားအားလုံးနှင့် သက်ဆိုင် ပါသည်။ မိခင်မှ မွေးဖွားလာ၍သာ ကျွန်တော်တို့ လူ့ဘဝရောက်လာကြရသည် မဟုတ်ပါလား။ မိခင် မရှိဘဲ ကျွန်တော်တို့ လူ့ဘဝသို့ ရောက်လာမည် မဟုတ်ချေ။ မိခင်သည် သားသမီးတို့အား မွေးဖွား ပေးရုံသက်သက်သာမဟုတ်ပါ။ မိခင်တစ်ယောက်၏ မေတ္တာ၊  ပြုစုစောင့်ရှောက်မှုနှင့်  ကာကွယ်ပေးမှု အောက်တွင် ကျွန်တော်တို့ လူလားမြောက်ကြီးပြင်း ခဲ့ရပါသည်။   မိခင်၏   မေတ္တာရိပ်အောက်တွင် ဘဝများရှင်သန်ခဲ့ရ၏။ ကျွန်တော်တို့အတွက် မိခင် ၏ မေတ္တာရိပ်သည် အခြားအရိပ်များထက် အေးမြ လှပါ၏။  မိခင်မရှိသောအိမ်သည် အိမ်မဟုတ်ဟု ဆိုသောစကားသည်   မိခင်ရှိမှ   ပြီးပြည့်စုံသော မိသားစုအိမ်အဖြစ် ထင်ဟပ်စေပါသည်။ 


မိခင်မရှိပါက သားသမီးတို့၏ ဘဝသည် အမိမဲ့ သား ရေနည်းငါးပမာ ခိုကိုးရာမဲ့ ဆင်းရဲဒုက္ခရောက်ကြ ရပါသည်။ ယင်းသည်   မိခင်တို့၏  အရေးပါမှုနှင့် မေတ္တာတန်ဖိုးပင် ဖြစ်သည်။ သို့ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီတိုင်းအတွက်သာမက လူ့အသိုက် အဝန်းအတွက်လည်း   အရေးပါသည့်   မိခင်များ၏ ဂုဏ်ကျေးဇူး၊ တန်ဖိုးနှင့် အရေးပါမှုတို့ကို ထုတ်ဖော် ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် မိခင်များ နေ့ကို နှစ်စဉ် ကျင်းပလျက်ရှိကြသည်။ အမေများနေ့ ကျင်းပရခြင်းသည်    ကျွန်တော်တို့ဘဝအတွက် အလေးနက်ဆုံးသူဖြစ်သည့် မိခင်၏ မေတ္တာတရား များကို       ထုတ်ဖော်ဂုဏ်ပြုခွင့်ရသည့်အတွက် ကြည်နူးစရာ  အကောင်းဆုံးအချိန်လည်း   ဖြစ်ပါ သည်။ 


အမေများနေ့ကို  ကမ္ဘာတစ်လွှားတွင်လည်း ကျင်းပကြပါသည်။   ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမေများနေ့ကို နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေ နေ့တွင်   ကျင်းပကြသည်။  တစ်နိုင်ငံနှင့်တစ်နိုင်ငံ အမေများနေ့ ကျင်းပသည့်ရက်များ မတူညီကြ။ မြန်မာနိုင်ငံတွင် ပြာသိုလပြည့်နေ့သည် အမေများ နေ့ ဖြစ်ပါသည်။     မြန်မာနိုင်ငံတွင်    အမေများနေ့ ပေါ်ပေါက်လာရန်  စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု မှတ်သားခဲ့ရ ပါသည်။ 


ဆရာကြီး ဦးသုခ၏ တိုက်တွန်းချက်အရ ၁၉၉၅ ခုနှစ်တွင် အမေများနေ့ကို ပထမဆုံး စတင်ကျင်းပ ခဲ့ကြောင်းလည်း သိရပါသည်။ ယခုဆိုလျှင် အမေ များနေ့ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၂၉ နှစ်ရှိပြီ ဖြစ်သည်။ မိခင်၏ တုနှိုင်းမဲ့ကျေးဇူးမေတ္တာတို့ကို အောက်မေ့သတိရသောအားဖြင့်    အမေများနေ့ ကျင်းပရခြင်းသည် မင်္ဂလာပင်ဖြစ်ပါ၏။ မာဃဒေဝ တွင် “လူ့ဘုံဌာန ဤလောက၌၊ ဘကိုလက်ျာ မိမှာ လက်ဝဲ၊ အမြဲဆောင်ရွက် ပခုံးထက်တွင်၊ တင်လျက် လုပ်ကျွေး၊   မပြတ်မွေးလည်း၊  ကျေးဇူးဂုဏ်စိုင်၊ မကုန်ခိုင်ဘူး။” ဟု ဆိုထားပါသည်။ မိခင်၊ ဖခင်တို့၏ ကျေးဇူးမှာ ဆပ်၍မကုန်ငြားသော်လည်း ထိုကျေးဇူး များကို တန်ဖိုးထားလေးစားတတ်ရန် အမေများနေ့ ကို ကျင်းပရခြင်းလည်း ဖြစ်ပေသည်။


မိခင်ဆိုတာ


လူတိုင်းတွင် မိခင်ရှိကြပါသည်။ လူသားများ သာမဟုတ် တိရစ္ဆာန်တို့တွင်လည်း မိခင်ရှိကြသည်။ ဤကမ္ဘာလောကကြီးသည် အလွန်ပင်ထူးဆန်းလှ ၏။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ မိခင်ဖြစ်လာလျှင် မိခင်စိတ်၊ မိခင်မေတ္တာတို့ ရှိလာကြသည်။ မိခင်ဖြစ် လာသည်နှင့်    သားသမီးကို     ရင်အုပ်မကွာ    ပြုစု စောင့်ရှောက်ကြသည်။ သို့ဖြစ်၍လည်း ရင်မှဖြစ် သော သားသမီးကို မိမိအသက်ထက် ချစ်မြတ်နိုး ကြသည်။  သားသမီးအပေါ်  ချစ်မြတ်နိုးရာတွင် မိခင်ရော ဖခင်ပါ ချစ်မြတ်နိုးကြပါ၏။ 
သို့သော် မိခင်သည် သားသမီးကို ကိုယ်တိုင် ဝမ်းနှင့်လွယ်၍ မွေးခဲ့ရသူဖြစ်သဖြင့် ဖခင်မေတ္တာ ထက် ပိုတတ်ကြသည်။ ဓမ္မပဒ၊ သောရေယျဝတ္ထုတွင် မိခင်တစ်ဦးအနေဖြင့် သားသမီးအပေါ်ထားရှိသည့် မေတ္တာကို   တွေ့ရပါသည်။   သောရေယျမြို့သား သောရေယျသူဌေးသားသည် ယောက်ျားဘဝရှိစဉ် ရှင်မဟာကစ္စည်းထေရ်အား စိတ်ဖြင့် ပြစ်မှားမိသော ကံကြောင့် မိန်းမအဖြစ် ချက်ချင်းပြောင်းသွားခဲ့သူ ဖြစ်သည်။ 


သောရေယျသူဌေးသားသည် ဘဝတစ်ခုတည်း မှာပင် ယောက်ျားဘဝနှင့် မိန်းမဘဝ ဖြစ်ခဲ့သူဖြစ်ပြီး ယောက်ျားဘဝတွင် သားနှစ်ဦးရခဲ့၍ မိန်းမဘဝတွင် သားနှစ်ဦး ရခဲ့သည်။ ထို့နောက် ရှင်မဟာကစ္စည်း ထံတွင် ရဟန်းပြုခဲ့ပါသည်။ ထိုအကြောင်း ကြားသိ သော  ရဟန်းတို့က  သောရေယျမထေရ်ထံလာ၍ “မိန်းမဘဝက   ဝမ်း၌ဖြစ်သော   သားနှစ်ဦးနှင့် ယောက်ျားဘဝက သားနှစ်ဦးအနက် အဘယ်သား များကို ပိုချစ်သနည်း”ဟု  မေးကြ၏။ သောရေယျ မထေရ်က “ဝမ်း၌လွယ်၍ ဖွားမြင်ရသည့်သားတို့ ကို ပိုချစ်ပါ၏”ဟု ဆိုပါသည်။    


မိခင်က သားသမီးအပေါ် ထားရှိသည့်မေတ္တာ ကို ဖော်ညွှန်းသည့်ဖြစ်စဉ်များမှာ ပြော၍ကုန်မည် မဟုတ်ပါ။ မိခင်၏မေတ္တာသည် သားသမီးတို့အတွက် ထာဝရမှန်ကန်သည့်     လောကနိယာမဖြစ်ပါ၏။ သို့ဖြစ်၍လည်း မာတာပိတုဂုဏော အနန္တော - အမိ အဖတို့၏     ဂုဏ်တော်ကျေးဇူးတော်တို့သည် အဆုံးမရှိကျယ်ဝန်းလှ၏ဟု ဆိုထားပါသည်။ မိခင် နှင့် ဖခင်တို့၏ ကျေးဇူးတရားကြီးမားလွန်းသဖြင့် ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ အနန္တောအနန္တ ငါးပါးတွင်   ထည့်သွင်းထားပါသည်။ ကမ္ဘာပေါ်ရှိ လူမျိုး၊ ဘာသာ၊ နေရာ   မည်သို့ပင်ကွဲပြားပါစေ မိခင်များ၏ မေတ္တာသည် အတူတူပင် ဖြစ်ပါသည်။ 


ထို့အတူ   မိခင်များသည်လည်း   သူတို့၏ သားသမီး ဖြူသည်၊ မည်းသည်၊ မည်သို့ပင်ရှိစေ သားသမီးများကို တုနှိုင်းမဲ့ချစ်ကြသည်သာဖြစ်၏။ တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မိခင်ဆိုသည့် အဓိပ္ပာယ် ကိုထင်ဟပ်စေသည့်  ဖြစ်စဉ်တစ်ခုကို  သာဓကပြ လိုပါသည်။  ၂၀၁၈  ခုနှစ်   ဇူလိုင်လ ၂၈ ရက်နေ့က ကနေဒါနိုင်ငံ   ဗန်ကူဗာကျွန်းကမ်းခြေအနီးတွင် Killer whale မိခင်ဝေလငါးကြီးသည်   ၎င်း၏ သားငယ်  ဝေလငါး  အသေကောင်လေးအား ၁၇ ရက်ကြာသည်အထိ     မိုင်ပေါင်းတစ်ထောင်ခန့် သယ်ဆောင်ပြီးမှ လွှတ်ချခဲ့သည်ကို သိပ္ပံပညာရှင် များက တွေ့ရှိခဲ့ကြသည်။ တိရစ္ဆာန်ဖြစ်သော်လည်း မိမိသားသမီးသေသည့်တိုင်  မစွန့်လွှတ်နိုင်သည့် မိခင်ပင်ဖြစ်ပါ၏။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ မိခင် ဆိုသည်မှာ သားသမီးတို့အပေါ် တုနှိုင်းမဲ့ချစ်ကြ သူများဖြစ်ကြသည်။ 


မိခင်မေတ္တာ


မိဘမေတ္တာဟုဆိုလျှင် မိဘနှစ်ပါး၏ မေတ္တာတို့ ပါဝင်ပါသည်။ မိခင်ဆိုသည်က သားသမီးများကို ကိုးလလွယ် ဆယ်လဖွားပေးခဲ့ကြသူများ ဖြစ်ကြ သည်။ မိခင်ဝမ်း၌ ကလလရေကြည် သန္ဓေတည် သည့်အချိန်မှစ၍ သားသမီးတို့၏ဘဝ စခဲ့ကြသည် မဟုတ်လား။  ယောက်ျားဖောင်စီး   မိန်းမမီးနေ ဆိုသည့်   ဆိုရိုးစကားကဲ့သို့ပင်   သားသမီးများကို ကိုယ်ဝန်ဆောင်သည့်အချိန်တွင် မိခင်တို့မှာ အသက် အန္တရာယ်နှင့်နီးလှပါ၏။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သားသမီးတို့မထိခိုက်စေရန်   ပူ၊  ငန်၊  စပ်၊  ခါး အစားအသောက်နှင့်   သွားလာနေထိုင်မှုများကို ဂရုစိုက်ကြရသည်။ အမိဝမ်းမှထွက်၍ လူ့လောက သို့ရောက်ချိန်တွင်လည်း သားသမီးတို့ ဘဝတစ်ခု လုံး    လူလုံးလှရန်    ပြုစုပျိုးထောင်ပေးကြပြန် သည်။ 


မိခင်မှာ ဝမ်းနှင့်လွယ်၍ မွေးပေးရုံသာမက သားသမီးများကို ဆင်းရဲဒုက္ခခံ၍ စောင့်ရှောက် သည်၊ အသက်ပေးကာကွယ်သည်၊ သူ့ဘဝနှင့်ရင်း၍ သားသမီးတို့ကို ပြုစုပျိုးထောင်ကြသည်။ သို့ဖြစ်၍ လည်း မိခင်မေတ္တာအား အနှိုင်းမဲ့မေတ္တာဟု ဆိုခြင်း ဖြစ်၏။ မိဘက သားသမီးများအပေါ် ကျေးဇူးပြုခြင်း နှင့်ပတ်သက်၍ မြတ်စွာဘုရားက အချက်သုံးချက် ဟောကြားခဲ့ကြောင်း၊   ယင်းအချက် သုံးချက်မှာ အာပါဒကာ - အသက်ရှင်အောင်   စောင့်ရှောက် ခြင်း၊    ပေါသကာ - အသက်ရှင်သန်စေရန်၊ ပေါသကာ - နို့ချိုတိုက်ကျွေးမွေးခဲ့ခြင်းနှင့် ဣမဿ လောကဿ ဒေဿတာရော - လောကနှင့် ဆုံတွေ့ ခွင့်ပေးခြင်းဖြစ်ကြောင်း ပါမောက္ခချုပ် ဆရာတော် ကြီးက ဟောကြားပါသည်။ 


ခုဒ္ဒကနိကာယ်၊ ဥဒါန်းပါဠိတော်၊ သုပ္ပဝါသာ သုတ်တွင်     မိခင်၏   ကြီးမားသောမေတ္တာကို တွေ့နိုင်ပါသည်။ ရှင်သီဝလိမထေရ်၏ မယ်တော် ကောလိယမင်းသမီး သုပ္ပဝါသာသည် ရှင်သီဝလိ မထေရ်အား ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ထား ရသည်။    ခုနစ်ရက်ပတ်လုံး  ကိုယ်ဝန်ကြောင့် မိန်းမောတွေဝေ ဒုက္ခခံစားရသည်။   သုပ္ပဝါသာ မင်းသမီးသည် ထက်မြက်ကြမ်းကြုတ် စပ်ရှားကုန် သော ဆင်းရဲဝေဒနာတို့ ခံစားရပြီးမှ သားကိုဖွားမြင် ခဲ့၏။ 


မြတ်စွာဘုရားသည်      ခုနစ်နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်၍   ဆင်းရဲဝေဒနာခံစားခဲ့ရသည့် ကောလိယမင်းသမီး သုပ္ပဝါသာအား “သုပ္ပဝါသာ သင်သည် ဤသားမှတစ်ပါး ဤသို့ သဘောရှိသော သားမျိုးကို အလိုရှိသေးသလော”ဟု မိန့်တော်မူရာ မြတ်စွာဘုရား တပည့်တော်မသည် ဤသားမှ တစ်ပါး    ဤသို့သဘောရှိကုန်သော   သားခုနစ် ယောက်တို့ကို အလိုရှိပါသေးသည်ဟု ပြန်လည် လျှောက်ခဲ့၏။  သားသမီးနှင့်ပတ်သက်လာလျှင် မိခင်တို့သည် ဆင်းရဲဒုက္ခကို ဆင်းရဲဒုက္ခဟု မမြင် တတ်ကြ။   မိခင်မေတ္တာတို့သည်   အရာရာကို လွှမ်းနိုင်ပါ၏။


မိခင်ကျေးဇူးဆပ်


လူ့လောကသို့ ရောက်လာသူတိုင်းသည် မိခင်၏ ကျေးဇူးနှင့် ကင်းလွတ်သည်မရှိပါ။ သို့ဖြစ်၍ လူဖြစ် လာသူတိုင်းသည် မိခင်ကျေးဇူးအား သိတတ်ကြ၊ ကျေးဇူးဆပ်တတ်ကြပါသည်။  


မြတ်စွာဘုရားသည် မိခင်ကျေးဇူးဆပ်သောအားဖြင့် ဘုရားဖြစ်၍   ခုနစ်ဝါမြောက်တွင် တာဝတိံသာ၌ ဝါဆိုတော်မူ၍ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားအား အဘိဓမ္မာတရားကို ဟောကြားတော်မူ ခဲ့ပါသည်။   သားသမီးတို့သည်   မိဘကျေးဇူးကို ပစ္စည်းဥစ္စာတို့ဖြင့် ဆပ်၍မကုန်နိုင်၊ မိဘအား ဓမ္မဖြင့် ကျေးဇူးဆပ်ခြင်းဖြင့်သာ ကျေနိုင်ကြောင်း မြတ်စွာ ဘုရားက ဟောကြားတော်မူခဲ့ပါသည်။ 


ကျွန်တော်တို့    ပတ်ဝန်းကျင်တွင်လည်း ကိုယ်တတ်နိုင်သလောက် မိခင်ကျေးဇူးဆပ်နေကြ သူများ ရှိကြပါသည်။ အချို့သည် ငွေကြေးဥစ္စာဖြင့် မိခင်ကို တင့်တောင့်တင့်တယ်ထားကြသည်။ အချို့ က ငွေကြေးမပြည့်စုံသည့်တိုင် မိခင်ကို စိတ်ချမ်းသာ အောင်ထားကြသည်။ အချို့က မိခင်ကို ဓမ္မဖြင့် ကျေးဇူးဆပ်ကြ၏။ တစ်ဦးနှင့်တစ်ဦး ကျေးဇူးဆပ်ပုံ ခြင်းကတော့ မတူနိုင်။     
မည်သို့ပင် ကျေးဇူးဆပ်သည်ဖြစ်စေ မိခင်၏ မွေးကျေးဇူး၊ ကျွေးကျေးဇူးတို့သည် ဆပ်၍ကုန်နိုင် မည်မထင်ပါ။ မိခင်သည် သားသမီးများငယ်စဉ် တောင်ကျေး ကလေးဘဝက သားသမီးတို့၏ သေး၊ ချေးတို့ကိုပင်   မရွံမရှာ  သန့်ရှင်းပေးခဲ့ကြသည်။ သားသမီးများငယ်စဉ်က မိခင်မှာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ဒုက္ခအမျိုးမျိုးခံ၍ သားသမီးများကို ပြုစုပျိုးထောင်ပေးခဲ့ကြပါသည်။ ကိုယ်ကိုယ်တိုင်   မိဘဘဝရောက်ချိန်တွင် မိခင်၏ ထိုကျေးဇူးတရားတို့ကို ကိုယ်ချင်းစာသိနိုင်ပါသည်။ မိခင်၏ ထိုအနှိုင်းမဲ့မေတ္တာတရားတို့ကို နားလည် သိရှိကြ၍ မိဘများအသက်ရှင်စဉ်၊ ကျန်းမာနေစဉ် တတ်စွမ်းသမျှ ကျေးဇူးဆပ်ကြသည်။ မိခင်မေတ္တာ ကို   နားလည်ကျေးဇူးဆပ်သူများရှိသကဲ့သို့ မိခင် မေတ္တာကို   နားမလည်၊  မသိသူများလည်း ရှိကြပါ သည်။ ထို့ထက်ဆိုးသည်မှာ မိခင်မေတ္တာကို ကျေးဇူး ကမ်းသူများပင်ဖြစ်၏။ ထို့ကြောင့် လူကြီးသူမများ က ကျေးဇူးမဆပ်ချင်နေပါ ကျေးဇူးတော့ မကန်းကြ ပါနဲ့ဟု ပြောတတ်ကြသည်။ 


မိခင်ကျေးဇူးကို    လူသားများသာမဟုတ် တိရစ္ဆာန်များပင်   ကျေးဇူးဆပ်ကြပါသည်။   မိခင် ကျေးဇူးဆပ်ခြင်းနှင့်ပတ်သက်၍ စူဠနန္ဒိယဇာတ်မှ မျောက်ညီနောင်ဖြစ်သည့်       မဟာနန္ဒိယနှင့် စူဠနန္ဒိယတို့သည် မျက်မမြင်မျောက်မိခင်အိုကြီးအား ပြုစုစောင့်ရှောက်သည့်အပြင် မုဆိုးက မိခင်အိုကြီး အား  လေးဖြင့်ပစ်ရန်ချိန်ရွယ်စဉ်  မိခင်အသက်ကို ကယ်တင်လိုသည့် မျောက်ညီနောင်တို့က  အသက် ပေး၍ မိခင်ကို ကာကွယ်ပေးခဲ့ကြပါသည်။ တိရစ္ဆာန် ဆိုသော်လည်း    မိခင်ကျေးဇူးကို   အသက်ပေး၍ ဆပ်ခဲ့သည်မှာ အတုယူဖွယ်ပင်ဖြစ်၏။


မိခင်ကျေးဇူးဆပ်သည်ဆိုရာတွင်လည်း မိခင် သက်ရှိထင်ရှားရှိနေစဉ် အချိန်တွင်သာ ကျေးဇူးဆပ် နိုင်ပါသည်။ မိခင်မရှိသည့်အချိန်မှ ကျေးဇူးဆပ်ချင်၍ မရပါ။   မြတ်စွာဘုရားက  မင်္ဂလသုတ်တော်တွင် “မာတာပိတုဥပဋ္ဌာနံ” အမိအဖတို့ကို လုပ်ကျွေးခြင်း သည် မင်္ဂလာမည်၏ဟု ဟောကြားခဲ့ပါသည်။ သို့ဖြစ် ၍ မင်္ဂလာတရားတော်နှင့်အညီ မိခင်များ အသက်ရှင် နေသမျှကာလပတ်လုံး ပြုစုလုပ်ကျွေးခြင်းဖြင့် မိခင် များ၏ ကျေးဇူးကို ဆပ်နိုင်မည်ဖြစ်ပါသည်။     ။