
နေပြည်တော် နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ် သားသဖွယ်သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားရသည့် ကျောင်းများကို လက်ရှိအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင် တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့် ကာလနှင့် လက်ရှိသင်ကြားနေသည့်ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံ သူများ၊ NUG ၊ CRPH နှင့် PDF စသည့်အဖွဲ့များသည် ပညာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း များအပြင် ကလေးငယ်များပညာသင်ကြားရေးကို အခက်အခဲဖြစ် စေရန်ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံး များဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင် ဆရာ၊ ဆရာမများကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက် ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲ ရပါသည်။
မကောင်းမှု၊ မတရားမှုတို့ကို ပြုလုပ်ရမည့်အပေါ် ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိ၊ ဩတ္တပ္ပတရားတို့အပေါ်၌ သာမန်လူတို့ထက်ပိုမိုသိရှိစောင့်ထိန်းတတ်သည့် ဆရာ၊ ဆရာမတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံ တို့ကြားမှ အနန္တောအနန္တဂိုဏ်းဝင် ဆရာဟူသည့် မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့် စိတ်ထားများဖြင့် နိုင်ငံ့အတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေး ရှေးရှု၍ သင်ကြားရေးတာဝန်များကို မလစ်ဟင်းရအောင် အားကြိုး မာန်တက် ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် တာဝန် ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။
နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲမျိုးစုံကြားမှ သင်ကြားရေး တာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထူး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ