အွန်လိုင်းမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်မှုများ အများအပြားဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ သတိထားကြရန် လိုအပ်သည်။ လူတို့၏ အားနည်းချက်များဖြစ်သော မသိ နားမလည်မှု၊ အယုံလွယ်မှုနှင့် လောဘတရားတို့ကို အသုံးချ ကာ အွန်လိုင်းမှ လိမ်လည်သူများက သားကောင်များကို ရှာဖွေပြီး အမြတ်ထုတ်နေကြခြင်းဖြစ်သည်။
အွန်လိုင်းငွေလိမ်မှုများတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းမှသည် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများအထိ ကျူးလွန်ကြခြင်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံအချို့ရှိ ဥပဒေနှင့် အလှမ်းဝေးသော ဒေသများတွင်    အခြေစိုက်ကာ   နိုင်ငံတကာသို့   အွန်လိုင်းမှ တစ်ဆင့် ငွေလိမ်မှုပြုလုပ်နေသော လုပ်ငန်းများ၏ နောက်ကွယ် တွင် ရာဇဝတ်ဂိုဏ်းများက ကြိုးကိုင်ထားကြပြီး လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ကျွန်ပြုမှုအပါအဝင် ရာဇဝတ်မှုခင်းအများအပြားနှင့်လည်း ပတ်သက်နေကြသည်။ ၎င်းငွေလိမ်လုပ်ငန်းများက ကမ္ဘာအရပ်ရပ်တွင်ရှိသော ထိခိုက် လွယ်သူများကို  ပစ်မှတ်ထားအယုံသွင်းဇာတ်လမ်းများဆင်၍ လည်းကောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုအတုများ ဖြင့် ဆွဲဆောင်၍လည်းကောင်း လိမ်လည်နေကြခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင်     လက်ကိုင်ဖုန်းများဖြင့်     အင်တာနက်လူမှု ကွန်ရက်အသုံးပြုသူအများအပြားရှိရာ  လူမှုကွန်ရက်များမှ တစ်ဆင့် ကျူးလွန်နေသည့် ဆိုက်ဘာရာဇဝတ်မှုများ  အများ အပြားဖြစ်ပေါ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် ဆိုက်ဘာ ရာဇဝတ်မှုများကို   ကာကွယ်နိုင်ရန်မှာ  အယုံမလွယ်ရန်နှင့် လောဘ၏သွေးဆောင်ရာနောက်သို့   လိုက်ပါမသွားမိစေရန် ပင်ဖြစ်သည်။ အွန်လိုင်းပေါ်မှ လိမ်လည်သူများ၏ ခြောက်လုံး  လှန့်လုံးပေးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းတို့အပေါ်တွင် အငိုက်မိကာ    သတိလက်လွတ်ဖြင့်    သားကောင်ဘဝသို့ ကျရောက်မသွားစေရန် သတိကပ်ထားကြရမည်လည်း  ဖြစ် သည်။
အွန်လိုင်းပေါ်တွင် တွေ့မြင်နေရသည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ ဗီဒီယိုများ၊ အသံဖိုင်များအပါအဝင် အချက်အလက်များ အားလုံးတို့အပေါ်တွင် ဆန်းစစ်လေ့လာနေရန်လိုအပ်ရာ အထူး သဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်ခိုင်းခြင်း၊ ငွေလွှဲခိုင်းခြင်း၊ ရင်းနှီးမြှုပ်နှံခိုင်းခြင်း၊ မိမိတို့၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များ တောင်းယူခြင်း စသည်ဖြင့် မိမိဘက်မှ ငွေကြေး သို့မဟုတ် တစ်စုံတစ်ရာပေးအပ်ရန် တောင်းဆိုမှုများမှာ လိမ်လည်မှုဖြစ်သည်ဟူ၍ သိထားကြရန် လိုသည်။
စင်စစ်အားဖြင့်   လိမ်လည်သူများ၏   နည်းပရိယာယ်မှာ လွန်စွာရိုးရှင်းသည်။  ဦးစွာ   ဆွဲဆောင်မှုပြုလုပ်ပြီး  နောက်မှ လိမ်လည်ခြင်း  သို့မဟုတ်  ဦးစွာ    ခြောက်လှန့်ကျုံးသွင်းပြီး နောက်မှ လိမ်လည်ခြင်းသာဖြစ်သည်။ လိမ်နည်းပရိယာယ် မျိုးစုံ၊ ပုံစံမျိုးစုံ  မည်သို့ပင်လာစေကာမူ   သတိ၊   အသိတို့ဖြင့်  မိမိကိုယ်ကိုကာကွယ်နိုင်ရမည်ဖြစ်သည်။    မိမိဘက်မှတစ်ဆင့် စတင်ပေးရမည့်   ငွေကြေး၊   ကိုယ်ရေးအချက်အလက်တို့ကို အလွယ်တကူမပေးပို့ရန်နှင့်  လိမ်လည်မှု၊ နစ်နာမှုတို့  ဖြစ်ပေါ် ခဲ့ပါကလည်း  သက်ဆိုင်ရာတွင်  အမှုဖွင့်တိုင်ကြားရန်အတွက် အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။          ။
 
      


