
အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများ ရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့ဖြင့်လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
Myanmar Labour News၏ ၂-၉-၂၀၂၂ ရက်စွဲပါ လူမှုကွန်ရက်စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Rong Da Garment Co.,Ltd အထည်ချုပ် စက်ရုံရှိ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း နားရက်မရှိ အလုပ်လုပ်နေရပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၈:၀၀)နာရီမှ ညနေ (၆:၃၀) နာရီ အထိ တစ်နေ့အလုပ်ချိန် ၁၀ နာရီ မိနစ် ၃၀ ခန့် အလုပ်လုပ်ကိုင်နေရ ကြောင်း၊ အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းပြီး ည (၇:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ အချိန်ပို လုပ်ကိုင်ရကြောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အောလင်း၊ အောနိုက်ဆင်းပေးရပြီး လုပ်ငန်းခွင်အတွင်း Super ၊ All Super ၊ Leader များမှ အလုပ်သမားများအား ကြမ်းတမ်းစွာ ပြောဆိုဆဲရေး ကြောင်း၊ ဥပဒေပါခွင့်ရက်နှင့် အလုပ်ပိတ်ရက်ခွင့်ခံစားခွင့် မရရှိ ကြောင်း၊ စံချိန်များ မတရားတောင်းခံပြီး စံချိန်မပြည့်ပါက အလုပ် သမားများအား အချိန်ပိုဆင်းခိုင်း၍ ငြင်းဆန်ပါက လိုင်းစူပါများမှ ဆဲဆိုကာ အလုပ်မှထုတ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ စက်ရုံတွင် ညအိပ်ရန် နေရာစီစဉ်ပေးထားမှု မရှိသောကြောင့် အဆင်ပြေသည့် နေရာတွင် ကြုံသလိုအိပ်ရ၍ ကျန်းမာရေးထိခိုက်လာကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များ အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေမဲ့ အလုပ်မှထုတ်ပယ်နေ ကြောင်း ဖော်ပြခဲ့ပါသည်။
Myanmar Labour News ၌ ဖော်ပြပါရှိသော သတင်းနှင့် ပတ်သက်ပြီး ၇-၉-၂၀၂၂ ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့၏ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်း ခဲ့ရာ သတင်းအမှန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တစ်ရက်အလုပ်ချိန်မှာ နံနက်(၈:၀၀)နာရီမှ ညနေ(၄:၀၀) နာရီအထိဖြစ်ပြီး၊ နားချိန် (၁၂:၀၀) နာရီမှ (၁၂:၃၀)နာရီအထိ ဖြစ်ကြောင်း၊
( ခ ) အချိန်ပိုခိုင်းစေမှုရှိပြီး အလုပ်သမားများ၏ သဘောတူညီ မှုရယူပြီး ဤဦးစီးဌာန ခွင့်ပြုချက်ဖြင့် ညနေ(၄:၃၀) နာရီမှ (၆:၃၀)နာရီအထိ လုပ်ကိုင်ကြောင်း၊
( ဂ ) တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ကိုင်ရပါက အလုပ် သမားများ၏ သဘောဆန္ဒရယူ၍ ဤဦးစီးဌာန၏ ခွင့်ပြု ချက်ဖြင့်လုပ်ကိုင်ကြောင်း၊
(ဃ) အများပြည်သူပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်း မရှိကြောင်း၊
( င ) ဥပဒေပါခွင့်ရက်များ တောင်းခံလာပါက ခံစားခွင့်ပေး ကြောင်း၊
( စ ) အလုပ်သမားများအား စံချိန်မတရားတောင်းပြီး ဆဲဆို ခြင်းများ မရှိကြောင်း၊
(ဆ) ညဆိုင်းခိုင်းစေခြင်းမရှိသောကြောင့် ညအိပ်ရန်နေရာ စီစဉ်ရန်မလိုအပ်ပါကြောင်း၊
( ဇ ) အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ဥပဒေမဲ့ ထုတ်ပယ်ခြင်းမရှိကြောင်း။
သို့ဖြစ်ပါ၍ Myanmar Labour News တွင်ဖော်ပြပါရှိသော Rong Da Garment Co.,Ltd., အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းမှာ စက်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း သာယာမှု ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်ခြင်း သာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်အပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန